ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, December 31, 2009

HAPPY NEW YEAR 2010

ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ.....လိုအင်ဟူသမျှပြည့်ဝနိုင်ကြပါစေ...
၂၀၁၀နှစ်သစ်လက်ဆောင်

Saturday, December 26, 2009

မြန်မာပြည်ဖွားအမေရိကန်နိုင်ငံသား ဦးအောင်ဆန်းဦးက ကန့်ကွက်ထားမှုကြောင့် ဒေါ်အောင်ဆန်း စုကြည်က အိမ်ပြင်ဖို့ ရပ်ဆိုင်းခံရ


ကိုထွေး
အမေရိကန်နိုင်ငံသား ကန့်ကွက်ထားမှုကို မြန်မာပြည်နအဖစစ်အစိုးရ က ရပ်ဆိုင်းထားပေးရသည်။

အမေရိကန်နိုင်ငံသား ကန့်ကွက်ထားမှုကြောင့် မြန်မာပြည်အိမ်ပြင်ဆင်မှု လုပ်ငန်းများကို ရပ်ဆိုင်းထားပြီး စောင့်ဆိုင်းနေသည်။

နေအိမ်ပြင်ဆင်နေမှုအား မြန်မာပြည်ဖွားအမေရိကန်နိုင်ငံသား ဦးအောင်ဆန်းဦးက ကန့်ကွက်ထားမှုကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စုံစမ်းစစ်ဆေး နေချိန်တွင် အိမ်ပြင်ဆင်မှု လုပ်ငန်းများကို ရပ်ဆိုင်းထားပြီး ထွက်ပေါ်လာမည့် ရလဒ်ကို ဒေါ်အောင်ဆန်းစုကြည်က စောင့်ဆိုင်းနေသည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် (ဓာတ်ပုံ - ရိုက်တာ)

အာဏာပိုင်များက ခွင့်ပြုချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အပေါ်ထပ်ရှိ ဝရန်တာကို ဒီဇင်ဘာလ ၃ ရက်နေ့က စတင် ပြင်ဆင်ခဲ့သည်။

သို့သော်လည်း ဦးအောင်ဆန်းဦးက သူ၏ ကိုယ်စားလှယ် ဦးစိုးဝင်းနိုင်မှတဆင့် အိမ်ပြင်ဆင်မှုကို ကန့်ကွက်ထားသဖြင့် ယခုကဲ့သို့ ရပ်ဆိုင်းသွားခြင်းဖြစ်သည်။

၂၀၀၁ ခုနှစ်တွင် ဦးအောင်ဆန်းဦးသည် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရသည့် နေအိမ်ကို သူလည်း ပိုင်ဆိုင်သည်ဟု ဆိုကာ အမွေပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုနှင့် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သည်။

၂၀၀၇ ခုနှစ်တွင် အိမ်ကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်သည် သူ တင်ပြထားသည့် သက်သေများနှင့် တွေ့ခွင့် မရခဲ့ပေ။ ထိုအချိန်မှစပြီး ထိုအမှုကို ရပ်ထားခဲ့ရသည်။

၁၉၆၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်က မြန်မာ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် ဝန်ကြီးချုပ် ဦးနုက အင်လျားကန်စောင်းရှိ နေအိမ်ကို ပေးအပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သို့ ပြန်ရောက်လာချိန် ၁၉၈၈ ခုနှစ်ကတည်းက ထိုအိမ်၌ပင် နေထိုင်လာခဲ့သည်။

စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည် အင်းစိန် ထောင်တွင်း၌ အမှု ရင်ဆိုင် နေရစဉ်ကပင် နေအိမ်ကို လုံခြုံရေးအတွက် ပြန်လည် ပြုပြင်ရန် ပြောဆိုသဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် တိုင်ပင်ခဲ့သည်။ အိမ်အပေါ်ထပ်တွင် ရှိသော ၀ရန်တာ နှစ်ခုကို အဓိက ထားပြီး ပြုပြင်မည် ဖြစ်ကြောင်း၊ အိမ်ပြင်ရန် အတွက် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြောင်း ကြားခဲ့ကြောင်း သိရသည်။

မေလက သူ၏ နေအိမ်သို့ အမေရိကန် တဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း နေအိမ် လုံခြုံရေးအတွက် ပြုပြင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဟိုတယ်လုပ်ငန်းရှင်များ အားကားတင်သွင်းခွင့် ပေး

စိုးမိုး

ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များကို သယ်ယူပို့ဆောင်ရေးအတွက် စစ်အစိုးရက ပြည်ပမှ ကားတင်သွင်းခွင့် ပြုလိုက်သည်။

တိုးတက်လာသည့် ခရီးသွားလုပ်ငန်း ရေရှည်ထိန်းရန်အတွက် မလိုအပ်သည့် မူဝါဒဆိုင်ရာ အတားအဆီးများ လျှော့ချပေးရန် ဟိုတယ်လုပ်ငန်းရှင်များနှင့် ခရီးသွားလုပ်ငန်းရှင်များ တင်ပြတောင်းခံမှုကို စစ်အစိုးရက ကားတင်သွင်းခွင့် ပါမစ်ဖြင့်သာ ပြီးဆုံးသွားစေခြင်းဖြစ်သည်။

“တကယ်က အလုပ်မဖြစ်တဲ့ မူဝါဒတွေ၊ လျှော့ပေးရမယ့်ကိစ္စတွေကို တင်ပြရင် သူတို့ဖြေရှင်းပုံက ကားပါမစ် ပေးလိုက်မယ်။ လိုအပ်တဲ့ ပစ္စည်းကို အခွန်မကောက်ဘဲ သွင်းခွင့်ပေးလိုက်မယ်။ ဒီဖြေရှင်းမှုဟာ ရေရှည်အကျိုးဖြစ်တဲ့ ဖြေရှင်းနည်း မဟုတ်ပါဘူး” ဟု ဟိုတယ်လုပ်ငန်းရှင် အသင်းဝင်တဦးက ပြောသည်။

ခရီးသည် သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုရန် ကားတင်သွင်းခွင့်ကို စစ်အစိုးရက ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ တဆင့် ဟိုတယ် ခရီးသွားလုပ်ငန်းရှင်များကို ယခုလအတွင်း ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

တိုးတက်လာသည့် ခရီးသွားလုပ်ငန်းကို ရေရှည် ဆက်လက် ထိန်းထားနိုင်ရန်အတွက် ခရီးသွားလာခွင့်ဒေသများ ထပ်မံတိုးချဲ့ပေးရန်၊ သယ်ယူပို့ဆောင်ရေး စရိတ်စကများ လျှော့ချနိုင်ရန်၊ ကမ္ဘာလှည့်ခရီးသည်များ ဗီဇာ လွယ်လွယ်ကူကူ ရရှိစေရန်၊ Night Life ဖန်တီးပေးရန်၊ အထွေထွေကောက်ခံနေသည့် စရိတ်စကများ လျှော့ချရန်၊ ဧည့်လမ်းညွှန်များ အခွန်လျှော့ချပေးရန်တို့ကို ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက တင်ပြတောင်းခံနေကြသည်။

“အခု အွန်လိုင်းဗီဇာစနစ် လုပ်လိုက်တာနဲ့တင် ခရီးသွားလုပ်ငန်းက အရမ်းတက်လာတယ်။ ဒီစနစ်လေး ဖြစ်လာဖို့ကို ခရီးသွားလုပ်ငန်းရှင်တွေ အတော်ကြိုးစားခဲ့ရတယ်” ဟု ခရီးသွားလုပ်ငန်းရှင် အသင်းဝင်တဦးက ပြောသည်။

မြန်မာပြည်တွင်း ကားတင်သွင်းမှုကို စစ်အစိုးရ ကျောထောက်နောက်ခံ စီးပွားရေးအုပ်စုဖြစ်သည့် စီးပွားရေး ဦးပိုင်လီမိတက် တခုတည်းက လုပ်ကိုင်နေပြီး လုပ်ငန်းရှင်များက နိုင်ငံတကာ ပေါက်ဈေး၏ (၁၀) ဆခန့်ပေးကာ ၀ယ်ယူ လုပ်ကိုင်နေရခြင်း ဖြစ်သည်။

Thursday, December 24, 2009

အထည်ချုပ်လုပ်ငန်း ထက်ဝက်ကျော် ပိတ်သိမ်းရဖွယ်ရှိ

စိုးမိုး

အပ်ထည်ကုန် လျော့ကျလာခြင်းကြောင့် ယခုနှစ်ကုန်တွင် မြန်မာ့အထည်ချုပ် လုပ်ငန်း ထက်ဝက်ကျော် ပိတ်သိမ်းရဖွယ် ရှိကြောင်း အထည်ချုပ်လုပ်ငန်း အသိုင်းအ၀ိုင်းက ပြောဆိုသည်။

အော်ဒါချုပ်ထည်များကို လက်ခစားစနစ်ဖြင့် လုပ်ဆောင်နေသည့် အထည်ချုပ်လုပ်ငန်းများမှာ မြန်မာကျပ်ငွေလဲလှယ်နှုန်း မြင့်လာခြင်း၊ ကုန်ထုတ်လုပ်မှုစရိတ် တက်လာခြင်းတို့ကြောင့် ကမ္ဘာ့အထည်ချုပ် ဈေးကွက်ပေါက်ဈေးတွင် ဈေးနှုန်းမယှဉ်နိုင်ဘဲ အော်ဒါရရှိမှု လျော့နည်းလာခြင်းဖြစ်သည်။

“ဘင်္ဂလားဒေရှ့်ကို ထိုင်းကို ယှဉ်ဖို့ဆိုတာ အရမ်းခက်သွားပြီ။ ဒီမှာ ချုပ်ခက အရမ်းတက်သွားတယ်။ ဘင်္ဂလားဒေ့ရှ်က မြန်မာထက် (၅၀) ရာခိုင်နှုန်းလောက် လက်ခလျှော့ပေးနိုင်တယ်။ မြန်မာက မလျှော့နိုင်ဘူး။ ယှဉ်ဖို့ မလွယ်ပါဘူး။ ဒီတခါတော့ သွားမှာပါ” ဟု အထည်ချုပ်လုပ်ငန်းရှင် အသင်းဝင်တဦးက ပြောသည်။

ယခု အခက်အခဲဖြစ်နေမှုကြောင့် ပုဂ္ဂလိက အထည်ချုပ်လုပ်ငန်းများ ပိုမိုထိခိုက်နိုင်ကြောင်း အထည်ချုပ်လုပ်သား (၂) သောင်းကျော်ခန့်ကို အလုပ်လက်မဲ့ဖြစ်စေနိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ဖက်စပ်နှင့် ပုဂ္ဂလိကပိုင် အထည်ချုပ်စက်ရုံပေါင်း (၁၃၀) ခန့်ရှိနေပြီး လုပ်သား (၄) သောင်းခွဲခန့်အတွက် အလုပ်အကိုင် ဖန်တီးပေးထားသည်။

“တကယ်လို့ ပိတ်သိမ်းရင် လုပ်သား (၂) သောင်းလောက် ထိမယ်လို့ ခန့်မှန်းတယ်။ ဖက်စပ်လုပ်နေတဲ့ စက်ရုံတွေနဲ့ နိုင်ငံခြားသားပိုင် စက်ရုံတွေကတော့ အော်ဒါကို မှေးထိန်းပြီး လုပ်နိုင်လိမ့်အုံးမယ် ထင်တယ်” ဟု ရွှေပြည်သာအခြေစိုက် အထည်ချုပ်လုပ်ငန်းရှင်တဦးက ပြောသည်။

မြန်မာ့ အထည်ချုပ်လုပ်ငန်းများမှာ ဖြတ်၊ ချုပ်၊ ပို့ စနစ်ဖြင့် နိုင်ငံတကာမှ မှာယူသော အထည်များကို လက်ခံဆောင်ရွက် ပေးလျက်ရှိရာ ယခုနောက်ပိုင်းတွင် အထွေထွေစရိတ်များ မြင့်တက်လာခြင်းကြောင့် အခြားဒေသတွင်း အထည်ချုပ်လုပ်ငန်း လုပ်ကိုင်သည့် နိုင်ငံများနှင့်ယှဉ်၍ ဈေးနှုန်းမလျှော့ချနိုင်တော့ခြင်းဖြစ်သည်။

“အထည်ချုပ်မှာက လျှပ်စစ်နဲ့ လုပ်ရတယ်။ မီးမလာတော့ ဒီဇယ်နဲ့ အလုပ်လုပ်ရတယ်။ ဒီမှာတင်ပဲ သူများနိုင်ငံက လျှပ်စစ်အတွက် (၁) ကျပ်ကုန်ရင် မြန်မာတွေက (၅) ကျပ်ကုန်နေပြီ” ဟု အဆိုပါ အထည်ချုပ်လုပ်ငန်းရှင်က ပြောကြားသည်။

မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယား၊ ဂျပန်နှင့် မလေးရှားတို့မှ လာရောက် ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံသားပိုင်စက်ရုံ အနည်းငယ်သာရှိကြောင်း သိရသည်။

အထည်ချုပ် လုပ်သား (၁) ယောက်လစာမှာ အခြေခံလစာ (၁) သောင်းကျပ်ခန့်ဖြစ်ပြီး ချုပ်လုပ်သည့် အထည်အရေအတွက် အလိုက် ရရှိနေခြင်းဖြစ်ရာ အမြင့်ဆုံး ကျပ် (၄) သောင်းခွဲခန့်သာ ရရှိသည်။

“လက်တဖက် တကြောင်းချုပ်ရင် ငါးမူး ရတယ်။ ကော်လံက တခုကို တစ်ကျပ်။ ချုပ်တဲ့ အပေါ် မူတည်ပြီး ခက်ရင် ခက်သလို နှုန်းထားခွဲထားပါတယ်။ တကယ်လို့ အလုပ်မရှိတော့ရင်တော့ ကျဘမ်း လုပ်ကိုင်စားသောက်မယ်” ဟု ရန်ကုန်မြို့ ၀ါးတရာ ကျေးရွာမှ အထည်ချုပ် အလုပ်သမားတဦးက ပြောသည်။

အထည်ချုပ်လုပ်ငန်းရှင်များ အနေနှင့်လည်း အထည်ချုပ်လုပ်သားများကို ခေါင်းပုံဖြတ်နေခြင်း မဟုတ်ဘဲ စက်ရုံလည်ပတ်နိုင်ရေးအတွက် ကုန်ကျစရိတ်ကို အတတ်နိုင်ဆုံး လျှော့ချနေရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုလပိုင်းအတွင်းပင် ရွှေပြည်သာ မလေးရှား အထည်ချုပ်စက်ရုံတွင် အလုပ်သမားများ အလုပ်သမားအခွင့်အရေးအတွက် ဆန္ဒပြမှု ပေါ်ပေါက်ခဲ့သေးသည်။

ချင်းမိုင်သို့ အဲပုဂံ ဧပြီလအထိသာ ပြေးဆွဲမည်

တက်လူ

အဲပုဂံလေကြောင်းလိုင်းမှ ပြည်ပခရီးစဉ်အဖြစ် ရန်ကုန်မှ ထိုင်းနိုင်ငံ၊ ချင်းမိုင်သို့ တိုးချဲ့ပြေးဆွဲမည့်ခရီးစဉ်ကို ယာယီကာလ အဖြစ်သာ သတ်မှတ်ပြေးဆွဲမည်ဟု သိရသည်။

အဆိုပါခရီးစဉ်ကို လာမည့် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီ (၇) ရက်နေ့မှ ဧပြီ (၂၉) ရက်အထိသာ ပျံသန်းမည်ဖြစ်ကြောင်း အဲပုဂံ လေကြောင်းလိုင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ခရီးစဉ်စတင်ပျံသန်းမည့် ဇန်န၀ါရီ (၇) ရက် တရက်တည်းအတွက် ပရိုမိုရှင်းရှိပြီး လက်မှတ်ဈေးနှုန်းများကို (၃) မျိုးသတ်မှတ် ထားကြောင်း၊ စတင်ဝယ်သည့်နေ့မှ (၁၄) ရက်ကာလအတွက် အသွားအပြန် (၂၁၇) ဒေါ်လာ၊ (၁) လအတွက် (၂၂၅) ဒေါ်လာ နှင့် (၃) လအတွက် (၂၅၀) ဒေါ်လာ သတ်မှတ်ထားကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

ခရီးစဉ် စတင်ပြေးဆွဲမည့်နေ့တွင် ချင်းမိုင်သို့သွားမည့်သူများအား အဲပုဂံလေကြောင်းလိုင်းက ခရီးစဉ်စတင်သည့် အထိမ်းအမှတ် အဖြစ် မေတ္တာဖြင့် ပရိုမိုရှင်းပေးမည်ဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်းဝန်ထမ်းတဦးက ပြောသည်။

သို့သော် ယခုနှစ် ခရီးသွားရာသီအတွက်သာ အဲပုဂံက အဆိုပါခရီးစဉ်ကို စမ်းသပ် ပျံသန်းခြင်းဖြစ်ပြီး နောင်နှစ်ခရီးသွားရာသီ အတွက် မသေချာကြောင်း ယင်းလေကြောင်းလိုင်းမှ တာဝန်ရှိသူက ပြောသည်။

၎င်းက “လေကြောင်းလိုင်းတခု ပြေးဆွဲတယ်ဆိုတာက ဈေးကွက်လိုအပ်ချက်ကြောင့်ဖြစ်တယ်။ ချင်းမိုင်ကို ရန်ကုန်က သွားတဲ့သူတွေ အများကြီး ဖြစ်လာတယ်။ သူတို့က ဘန်ကောက်ကို တဆင့်သွားရတဲ့အတွက် ငွေကြေးနဲ့ အချိန်တွေကုန်တယ်။ ဒီလိုအပ်ချက်အရ ကျနော်တို့လေကြောင်းလိုင်းက ပျံသန်းတာဖြစ်တယ်။ ဒါပေမယ့် ဒီခရီးသွားတရာသီတည်းပဲ ဖြစ်တယ်။ နောက်ဆက်ပြေးမလား၊ မပြေးဘူးလားဆိုတာ ကျနော်တို့ ပြောဖို့စောနေသေးတယ်” ဟု ပြောသည်။

လက်မှတ်များကို ဇန်န၀ါရီ (၁၀) ရက်မှစတင်ပြီး ရန်ကုန်တွင် ကိုလံဘတ်စ် လေယာဉ်လက်မှတ် အရောင်းအေးဂျင့်နှင့် ဆန်းဖား အရောင်းအေးဂျင့် (၂) ခုတွင် ၀ယ်ယူနိုင်ကြောင်း လေယာဉ်လက်မှတ် အရောင်းဌာနမှ ၀န်ထမ်းက ပြောသည်။

“လူဦးရေ (၁၀၅) ဦး ဒါမှမဟုတ် (၉၇) ဦး စီးနိုင်တဲ့ Fokker 100 လေယာဉ်အမျိုးအစားနဲ့ တပတ်မှာ ကြာသပတေးနဲ့ တနင်္ဂနွေ နှစ်ရက်ပြေးဆွဲမှာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အဲပုဂံလေကြောင်းလိုင်းသည် ယခုနှစ် ခရီးသွားရာသီတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်ရန် စိတ်ဝင်စားသူ များလာသည့်အတွက် အဆိုပါအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ခဲ့သော်လည်း ပြေးဆွဲမည့်ကာလမှာ ရေရှည်မဟုတ်ဘဲ စမ်းသပ်ခြင်းဖြစ်၍ ခရီးသွားလုပ်ငန်းအပေါ် စေတနာဖြင့်ဆောင်ရွက်ခြင်း မဟုတ်နိုင်ကြောင်း ခရီးသွားကုမ္ပဏီအချို့က ဝေဖန်သည်။

မြန်မာနိုင်ငံမှ ချင်းမိုင်သို့ အလည်ခရီး လာရောက်သူများသာမက စီးပွားရေးသမားများ၊ ကျောင်းသူကျောင်းသားများ၊ ရဟန်းသံဃာများလည်း သွားနေကြပြီး ၎င်းတို့အနေဖြင့် ချင်းမိုင်သို့သွားရန် ဘန်ကောက်ကို ဦးစွာသွားရသည့်အတွက် အချိန်နှင့်ငွေကြေး ပိုမိုသုံးစွဲနေရမှုမှ ကင်းဝေးသွားမည်ဖြစ်ကြောင်း ချင်းမိုင်သို့ အမြဲသွားနေသည့် ရန်ကုန်မြို့ခံတဦးက ပြောသည်။

အဲပုဂံလေကြောင်းလိုင်းသည် ပြည်တွင်းခရီးစဉ်များသာမက ပြည်ပခရီးစဉ်များအဖြစ် ကူမင်း၊ ကိုရီးယား၊ စင်ကာပူနိုင်ငံတို့သို့ ပြေးဆွဲနေကြောင်း ၎င်း၏၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ချင်းမိုင်မြို့သို့ ယခင်က အဲမန္တလေး (Air Mandalay) လေကြောင်းလိုင်း ပြေးဆွဲခဲ့ဖူးကြောင်း၊ ယင်းလေကြောင်းလိုင်းသည် ၂၀၀၈ ခု၊ စက်တင်ဘာတွင် ရန်ကုန်-ချင်းမိုင် ခရီးစဉ်ကို ရပ်နားခဲ့ရကြောင်း၊ ထိုအချိန်က ခရီးသွားလုပ်ငန်း စီးပွားရေး ကျဆင်းခဲ့ရုံမျှမက ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကာလနှင့်လည်း ကြုံတွေ့နေရခြင်းကြောင့်ဖြစ်ကြောင်း ပို့ဆောင်ရေးဌာနမှ အရာထမ်းတဦးက ပြောသည်။

မဲဆောက်ရှိ Top Form စက်ရုံ ၀န်ထမ်းများကို အလုပ်ဖြုတ်


စိုးမိုး

လုပ်သားအခွင့်အရေး တောင်းဆိုဆန္ဒပြခဲ့သော မဲဆောက်ရှိ Top Form ဇာဘော်လီစက်ရုံ ၀န်ထမ်းများကို စက်ရုံပိုင်ရှင်က အတင်းအဓမ္မ အလုပ်မှ ထုတ်ပစ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် သောကြာနေ့က ဖြစ်ပွားသည့် အလုပ်သမားအခွင့်အရေး တောင်းခံမှုအတွက် အလုပ်ရှင်က အလုပ်သမားများ တောင်းဆိုချက်အားလုံးကို လိုက်လျောပြီး ဒေသဆိုင်ရာ အာဏာပိုင်များရှေ့တွင် အလုပ်သမားများကို အလုပ်မှမထုတ်ဟု ကတိပြုပြီး နောက်နေ့တွင် စတင် အလုပ်မှထုတ်ပယ်နေခြင်းဖြစ်သည်။

“မဲဆောက် ရဲမှူးကြီးရှေ့မှာ ကတိပေးထားတာ ခင်ဗျ။ အလုပ်သမားတွေ တောင်းဆိုတာတွေ အားလုံးလိုက်လျောမယ်။ အတင်း အဓမ္မလည်း အလုပ်က မထုတ်ပါဘူးဆိုပြီး။ ဒါပေမယ့် မနေ့က စပြီး (၅၀) စထုတ်တယ်။ ဒီနေ့ထိ (၁၇၅) ယောက် ရှိသွားပြီ ထုတ်ပစ်တာ” ဟု အလုပ်သမားအရေး ဆောင်ရွက်နေသူတဦးဖြစ်သူ ကိုသိန်းဆန်းက ပြောသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမား (၃,၀၀၀) ခန့်ဖြင့် လည်ပတ်နေသော မဲဆောက်မြို့ Top Form ဇာဘော်လီချုပ် စက်ရုံတွင် ပြီးခဲ့သည့်သောကြာနေ့က ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး အလုပ်သမားများက စက်ရုံပိုင်ပစ္စည်းအချို့ကို ဖျက်ဆီးခဲ့ကြသည်။

ထို့ကြောင့် အလုပ်ရှင်က အလုပ်သမားများ၏ တောင်းဆိုချက်အားလုံးကို အာဏာပိုင်များရှေ့တွင် လိုက်လျောခဲ့သော်လည်း ယမန်နေ့ကစပြီး ဆန္ဒပြပွဲ ပါဝင်သူများနှင့် အလုပ်သင် အစမ်းခန့်များကို အတင်းအဓမ္မ အလုပ်ထုတ်နေခြင်းဖြစ်သည်။

“အလုပ်သမားတွေက မထွက်ချင်ဘူး။ သူတို့က ဗီဒီယို ကင်မရာတွေနဲ့ချိန်ပြီး အလုပ်ကို စိတ်ကျေနပ်စွာ ထွက်ပါတယ်လို့ ကိုယ်တိုင် လက်မှတ်ထိုးတာကို ရိုက်တယ်။ ပြီးတော့ လျော်ကြေးပေးပြီး ထုတ်လိုက်တယ်” ဟု အလုပ်သမားအရေး ဆောင်ရွက်သူ ကိုသိန်းဆန်းက ပြောသည်။

ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးနောက် စက်ရုံလုပ်ငန်းများ ပြန်လည် လည်ပတ်နေသော်လည်း အလုပ်သမားများကို လက်နက်ကိုင် အစောင့်များ ငှားယမ်း၍ စက်ရုံအတွင်းကြီးကြပ်နေသောကြောင့် အလုပ်သမားများ ကြောက်လန့်နေရသည်ဟု စက်ရုံမှ အလုပ်သမားတဦးက ပြောသည်။

“အခု စက်ရုံက တိတ်ဆိတ်နေတယ်။ ရုံထဲမှာလည်း ထိုင်းတွေ ရောက်နေတယ်။ စကားတောင် မပြောရဲဘူး။ ဖုန်းတွေ ဘာတွေလာရင်၊ ပြောရင်လည်း ပါးပိတ်ရိုက်တယ်” ဟု ယင်းအလုပ်သမားက ပြောသည်။

မဲဆောက်မြို့ ရဲမင်းကြီးနှင့် မဲဆောက်မြို့ပိုင်ရှေ့တွင် အလုပ်သမားများ တောင်းဆိုချက်အားလုံး လိုက်လျောပေးမည်၊ အလုပ်သမားအားလုံးကို အလုပ်မဖြုတ်ပါဟု အလုပ်ရှင်က ကတိပေးထားပြီး ယခုကဲ့သို့ ဖောက်ဖျက်ခြင်းကို တရားဥပဒေအရ ရင်ဆိုင်သွားမည်ဟု ကိုသိန်းဆန်းက ပြောကြားသည်။

ပြီးခဲ့သည့် သောကြာနေ့က မြန်မာရွှေ့ပြောင်း စက်ရုံအလုပ်သမား (၂) ဦးကို စက်ရုံလုံခြုံရေးဝန်ထမ်းများဖြစ်သူ ထိုင်းလူမျိုးများက ရိုက်နှက်ခဲ့ခြင်းကို အရေးယူပေးရန် မြန်မာအလုပ်သမားများက တောင်းဆိုခဲ့ကြပြီးနောက် ဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် အလုပ်သမားများက အချိန်ပိုလုပ်ခမပေးဘဲ တရက် (၃) နာရီ အလုပ်ဆင်းနေရမှု၊ နားရက်မရှိမှုများကိုပါ ဖျက်သိမ်းပေးရန် တောင်းဆိုချက်များကို အလုပ်ရှင်က စနေနေ့တွင် ထိုင်းအာဏာပိုင်များရှေ့တွင် ကတိပြုခဲ့သည်။

ဟောင်ကောင်အခြေစိုက် Top Form အထည်ချုပ်လုပ်ငန်းက တရုတ်၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် စက်ရုံများ တည်ထောင် လုပ်ကိုင်နေခြင်းဖြစ်ပြီး ထုတ်လုပ်မှု အားလုံး၏ (၃၅) ရာခိုင်နှုန်းကို ထိုင်းအခြေစိုက် စက်ရုံ (၂) ရုံက ထုတ်လုပ်ပေးနေခြင်း ဖြစ်သည်။

ရန်ကုန်တွင် မဲစာရင်း ကောက်ပြီ

ဆလိုင်းဟံသာစန်း

ရန်ကုန်တိုင်း မြို့နယ်အချို့၌ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် အသက် ၁၈ နှစ်နှင့် အထက် လူစာရင်းများ ကောက်ခံနေကြောင်း ဒေသခံများ အဆိုအရ သိရသည်။

အလုံ၊ အင်းစိန်၊ ရွှေပြည်သာ၊ တောင်ဒဂုံနှင့် သုံးခွမြို့နယ်များ၌ ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ရာအိမ်မှူးများ၊ ရယက ရပ်ကွက် ကောင်စီဝင်များက စာရင်းကောက်ခံခြင်း ဖြစ်သည်။

“ရပ်ကွက်က ရာအိမ်မှူးတွေက အသက် ၁၈ နဲ့ ၁၈ အထက်ပေါ့ဗျာ၊ ရွေးကောက်ပွဲမှာ မဲပေးဖို့လို့ပဲ ပြောတယ်။ ကျန်တာတော့ ဘာမှ ပြောမသွားဘူး။ အိမ်ထောင်စုစာရင်း မိတ္တူ တစောင်စီ ပေးလိုက်ရတယ်။
စာရင်းထဲမှာတော့ အိမ်ကလူ အကုန်ပါသွားတယ်။ အားလုံးက ၁၈ ကျော်နေပြီလေ” ဟု အင်းစိန်မြို့နယ်မှ ဒေသခံတဦးက ကို ပြောသည်။

ရွှေပြည်သာမြို့နယ်မှ ဒေသခံကလည်း “အိမ်မှာ ရာအိမ်မှူးနဲ့ ရယက လာပြီးတော့ အိမ်ထောင်စု စာရင်း မိတ္တူ တောင်းတယ်။ ဘာလုပ်ဖို့လဲလို့မေးတော့ မဲပေးဖို့အတွက်တဲ့။ ပြီးခဲ့တဲ့ အပတ်ထဲကပဲ။ အိမ်က အသက်ပြည့်ပြီးသား ၅ ယောက်ကိုလည်း စာရင်း မှတ်သွားတယ်” ဟု ပြောသည်။

အလုံ၊ တောင်ဒဂုံနှင့် သုံးခွမြို့နယ်များတွင်လည်း ထိုကဲ့သို့ စာရင်း ကောက်ခံမှုများ ရှိခဲ့သည်။ ဤသတင်းနှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် သက်ဆိုင်ရာမြို့နယ် မယက ကောင်စီရုံး အချို့ကို ဆက်သွယ်ကြည့်ရာ ဆက်သွယ်၍ မရခဲ့ပါ။

ရန်ကုန်တိုင်း ကျောက်တံတား၊ လသာ၊ ကမာရွတ်၊ လှိုင်သာယာ၊ လှိုင်နှင့် မရမ်းကုန်း မြို့နယ်များရှိ ဒေသခံများကို မေးမြန်းကြည့်ရာ ၎င်းတို့ မြို့နယ်တွင်း၌ ယခုလို မဲစာရင်း ကောက်ခံခြင်းမျိုး မရှိသေးကြောင်း ပြောဆိုကြသည်။

''ကျနော်တို့ မြို့နယ်မှာ ကောက်ခံခြင်း မရှိသေးပါဘူး။ အထက်ကလည်း ညွှန်ကြားတာမျိုး မရှိသေးဘူးခင်ဗျ'' ဟု ကျောက်တံတား မြို့နယ်ရှိ မယကရုံးမှ တာဝန်ရှိသူ တဦးကလည်း ပြောသည်။

လူဦးရေ စာရင်းကို ဒေသ အာဏာပိုင်များက လိုက်လံ ကောက်ခံနေသော်လည်း စစ်အစိုးရကမူ ယခုအချိန်ထိ ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ခြင်း မရှိသေးပါ။

ရုရှားက မြန်မာသို့ တိုက်လေယာဉ် အစီး ၂၀ ရောင်း

မဇ္ဈိမ

မြန်မာသို့ အမ်အိုင်ဂျီ-၂၉ အမျိုးအစား တိုက်လေယာဉ်များ ရုရှားက ရောင်းချ ပေးပို့သွားရန် စာချုပ်ချုပ်ဆို လက်မှတ် ရေးထိုးပြီး ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတပုဒ်အရ သိရသည်။

ယူရို သန်း ၄၀၀ (အမေရိကန်ဒေါ်လ ၅၇၀ သန်း) တန် သဘောတူစာချုပ်ကို လွန်ခဲ့သည့် သီတင်းပတ် အနည်းငယ်အတွင်း လက်မှတ်ရေးထိုးခဲ့ကြောင်း မော်စကို အခြေစိုက် သတင်းစာ Kommersant ကို ကိုးကား၍ အေအက်ဖ်ပီက ရေးသားထားသည်။

အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ထားသော်လည်း စစ်အစိုးရသည် အိမ်နီးချင်း တရုတ်၊ အိန္ဒိယနှင့် ရုရှားတို့မှ ပုံမှန် လက်နက်များ ဝယ်ယူ ရရှိနေဆဲ ဖြစ်သည်။

တရုတ်က J-10 နှင့် FC-10 အမျိုးအစား တိုက်လေယာဉ်များ ရောင်းချရန် ကမ်းလှမ်းခဲ့သော်လည်း ရုရှား လေယာဉ်များကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ပြင်ဆင်နေမှုအား အကိုဖြစ်သူ အမေရိကန် နိုင်ငံသား ဦးအောင်ဆန်းဦး၏ ကိုယ်စားလှယ်ကကန့်ကွက်

ဖနိဒါ

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် ပြင်ဆင်နေမှုအား အကိုဖြစ်သူ ဦးအောင်ဆန်းဦး၏ ကိုယ်စားလှယ်က ရန်ကုန်တိုင်း မြို့တော် စည်ပင်သာယာတွင် ကန့်ကွက်ခဲ့သည်။

တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်ကို ပြင်ဆင်နေခြင်းအား အကိုအရင်း ဖြစ်သူ၏ ကိုယ်စားလှယ် ဦးစိုးဝင်းနိုင်က ယခုလ ၁၅ ရက်နေ့၌ မြို့တော် စည်ပင်သာယာရေးတွင် နှုတ်ဖြင့် ကန့်ကွက်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကိုယ်စားလှယ် ဆိုသူတယောက်က သဘောမတူကြောင်း မြို့တော်စည်ပင်မှာ လာပြောသွားတယ်။ နှုတ်နဲ့ပဲ ပြောသွားတယ်လို့ ကျနော်တို့ သတင်းရတယ်” ဟု ပြောသည်။

အပေါ်ထပ်ရှိ ဝရန်တာတွင် အုတ်စီ၊ အခန်းဖွဲ့ခွင့်အား ယခင်လလယ်ခန့်မှ စ၍ ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း အပြီးသတ်ပြင်ရန် ခွင့်ပြုပြီး ဖြစ်သဖြင့် အိမ်ပြင်နေမှုအား ရပ်တန့်ခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သံအမတ်ဟောင်း မိခင် ဒေါ်ခင်ကြည်တို့မှ သားသမီး ၃ ယောက် ဖွားမြင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် အငယ်ဆုံး ဖြစ်သည်။ အကိုလတ်ဖြစ်သူ အောင်ဆန်းလင်းသည် ငယ်စဉ်ကပင် ဆုံးပါးသွားခဲ့သည်။

၁၉၆၀ ခုတွင် အိန္ဒိယနိုင်ငံတွင် မြန်မာ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် မြန်မာဝန်ကြီးချုပ် ဦးနုက ကိုလိုနီခေတ်၌ တည်ဆောက်ခဲ့သည့် အင်လျားကန်စောင်းရှိ နေအိမ်ကို ပေးအပ်ခဲ့သည်။ မြန်မာပြည်သို့ ပြန်ရောက်လာချိန် ၁၉၈၈ ခုနှစ်ကတည်းက ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်သည် ထိုနေအိမ်၌ပင် နေထိုင်လာခဲ့သည်။

ပြီးခဲ့သည့် မေလအတွင်း အမေရိကန် နိုင်ငံသား ဂျွန်ဝီလျံ ယက်တောသည် အင်းလျားကန်မှ တဆင့် ယခုနေအိမ်အတွင်း ဝင်ရောက်ခဲ့ပြီးနောက် လုံခြုံရေး စိတ်မချရတော့သဖြင့် ပြင်ဆင်မှုများ ပြုလုပ်လာခဲ့သည်။

ယခုလ ၂၁ ရက်နေ့ကလည်း အမေရိကန် နိုင်ငံသား ဦးအောင်ဆန်းဦး၏ ကိုယ်စားလှယ်အဖြစ် ဦးစိုးဝင်းနိုင်က ရန်ကုန်တိုင်း တရားရုံးချုပ်တွင် အိမ်ပြင်ခြင်းကို ကန့်ကွက်သည်ကြောင်း စာတင်ထားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ယခင်ကလည်း ဦးအောင်ဆန်းဦးက အမွေ ရထိုက်သည်ဟုဆိုကာ အမှုဖွင့်ခဲ့သည်။ နိုင်ငံခြားသား တဦးအနေဖြင့် နေအိမ်ခြံဝင်း ပိုင်ဆိုင်ခွင့် မရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

သို့သော် ၂၀၀၁ ခုနှစ်အတွင်း၌ ဦးအောင်ဆန်းဦး၏ ရှေ့နေများက အမွေဘုံပစ္စည်း စီမံခန့်ခွဲ ပေးစေလိုမှုနှင့် ထပ်မံ၍ တရားစွဲဆိုခဲ့ရာ ယနေ့ထိ တရားရင်ဆိုင်နေရသည်။

၂၀၀၇ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်ပြထားသည့် သက်သေများကို စစ်ဆေးရမည့် အဆင့်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ သက်သေများ တွေ့ခွင့် မရခဲ့ဘဲ အမှုကို ရပ်ထားခဲ့ရခြင်း ဖြစ်သည်။ ထို့နောက် ရုံးချိန်းများသာရှိနေပြီး စစ်ဆေးခြင်းမရှိပေ။

(ကိုဝိုင်း တည်းဖြတ်သည်။)

Monday, December 21, 2009

ဂျီအက်စ်အမ် ငွေဖြည့်ကတ်စနစ် စတင်မည်

စိုးမိုး
ဂျီအက်စ်အမ် မိုဘိုင်းလ်ဖုန်းများကို နိုင်ငံတကာ ပုံစံအတိုင်း သုံးစွဲမှုအလိုက် ထပ်မံငွေဖြည့်နိုင်သည့် (Refill) ကတ် အသုံးပြုသည့် စနစ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စတင်စမ်းသပ်နေသည်။

ယခင် လစဉ် ဖုန်းငှားယမ်း သုံးစွဲခကို ကောက်ခံနေရာမှ ကြိုတင်ငွေပေးစနစ် ပြောင်းလဲပြီး ယခုနောက်ဆုံး ငွေဖြည့်ကတ် (Refill) ကတ်စနစ်ဖြင့် အစားထိုးရန် စတင်လိုက်ခြင်းဖြစ်သည်။

“ငွေဖြည့်ကတ် (Refill) ကတ် (၄) မျိုး ထုတ်မယ်။ ထူးက ထုတ်ပေးမှာဖြစ်ပြီးတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တဆင့် ပြောင်းပြီး အသုံးပြုဖို့ စီစဉ်မှာ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အကြီးတန်း အင်ဂျင်နီယာက ပြောသည်။

လက်ရှိ အသုံးပြုနေသည် တခါသုံး ဂျီအက်စ်အမ်များနှင့် စီဒီအမ်အေ ဖုန်းကတ်များက ထပ်မံငွေဖြည့်သုံးစွဲမရဘဲ ကတ် သက်တမ်းပြည့်ပါက ဖုန်းနံပါတ် ပြောင်းလဲ အသုံးပြုနေရသည်။

ဖုန်းနံပါတ် ကိုယ်ပိုင်ရထားသည့် ယခင် ထုတ်ပေးထားသည့် ဂျီအက်စ်အမ် ဖုန်းများမှာလည်း သုံးစွဲမှုအလိုက် လစဉ် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသို့ ပေးသွင်းနေရသည်။

ယခုစနစ် အကောင်အထည်ပေါ်ပါက မိုဘိုင်းလ်ဖုန်းနံပါတ် အကြိမ်ကြိမ် ပြောင်းလဲနေစရာမလိုဘဲ သုံးစွဲမှုအလိုက် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ထုတ်လုပ်ထားသည့် ငွေဖြည့်ကတ်များကို ၀ယ်ယူကာ သုံးစွဲနိုင်မည်ဖြစ်သည်။

Refill ကတ်ကို (၁) သောင်းကျပ်၊ (၃) သောင်းကျပ်၊ အက်ဖ်အီးစီ (၂၀)၊ အက်ဖ်အီးစီ (၅၀) တန်ဖိုးရှိ ကတ် (၄) မျိုး ထုတ်လုပ်ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတ်မှတ်ပေးသည့်ဆိုင်များတွင် ရောင်းချပေးမည်ဖြစ်သည်။

အဆိုပါ ငွေဖြည့်ကတ်စနစ်ကို ပထမအဆင့်အနေဖြင့် ယခု ချထားပေးမည့် ဂျီအက်စ်အမ် မိုဘိုင်းလ်များတွင် စတင် အသုံးပြုမည်ဖြစ်ပြီး ယင်းအတွက် လျှောက်လွှာခေါ်ယူ ရောင်းချနေပြီဖြစ်သည်။

“ငှားခက (၅) သိန်း၊ အခု ဂျီအက်စ်အမ်လိုပဲ ဖုန်းနံပါတ် အသေရမယ်။ အခုထုတ်နေတဲ့ ကတ်ဖုန်းလို ခဏခဏ နံပါတ် ပြောင်းနေစရာ မလိုဘူး” ဟု ဖုန်းလျှောက်လွှာ ရောင်းချသူက ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဂျီအက်စ်အမ် မိုဘိုင်းလ် ဆက်သွယ်ရေးလုပ်ငန်းအတွက် ဦးတေဇ၏ ထူးဂရု (group) လုပ်ငန်းခွဲ တခုဖြစ်သော Myanmar Avaia Services က ရုရှားကုမ္ပဏီ CBOS နှင့် ပူးပေါင်းကာ ပရီပိတ်ကတ်များ၊ တခါသုံး ဖုန်းကတ်များ ထုတ်လုပ်ပေးနေခြင်းဖြစ်သည်။

ထူးဂရုက ယခုနှစ် ဧပြီလအတွင်း ရတနာပုံတယ်လီပို့တွင် ရုရှား၊ တရုတ်ကုမ္ပဏီတို့နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးနှင့် အိုင်တီဆက်စပ်ပစ္စည်းများ ပူးပေါင်းထုတ်လုပ်ရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

ယင်းနောက်ပိုင်းမှစပြီး မြန်မာ့ဆက်သွယ်ရေးလောကအတွင်း အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

Sunday, December 20, 2009

တရုတ် ဒုသမ္မတနှင့် ဗိုလ်ချုပ်ကြီးများ တွေ့မည်


ရန်ပိုင်
ယနေ့ စတင်မည့် တရုတ်နိုင်ငံ ဒုတိယသမ္မတ မစ္စတာရှီကျင့်ဖျင် (Xi Jinping) ၏ မြန်မာပြည် ခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံရာတွင် လက်နက်ကိုင်အဖွဲ့ အများအပြားရှိသည့် တရုတ် မြန်မာ နယ်စပ်အရေး နှင့် နှစ်နိုင်ငံ သွယ်တန်းနေသည့် ဓာတ်ငွေ့ပိုက်လိုင်း အရေးတို့ကို ဆွေးနွေးလိမ့်မည်ဟု နိုင်ငံရေးအကဲခတ်များက ခန့်မှန်းနေကြသည်။

တနင်္လာနေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် တွေ့ရသော တရုတ် ဒုတိယသမ္မတ (ဓာတ်ပုံ - AP)
ယခင်က တရုတ်ပြည်သည် ကွန်မြူနစ်စနစ်ကိုသာ ဦးစားပေးခဲ့သည့် အတွက် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ဆိုးရွားခဲ့သည်။

နယ်စပ်တိုက်ပွဲတွေမှာ တရုတ်လက်ရာတွေချည်းပဲ ၊ အခုတော့ ကိုးကန့်ကိစ္စတောင် တရုတ်က သိပ်ပြီးပါတော့တာမှ မဟုတ်တာ၊ စီးပွားရေး အကျိုးအမြတ် ကိုသာကြည့်သည်။ ယနေ့ခေတ် တရုတ်နိုင်ငံသည် စီးပွားရေး ဦးစားပေးသော နိုင်ငံ ဖြစ်လာသည်။


တရုတ်မြန်မာ နယ်စပ် တလျှောက်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အများအပြား အခြေစိုက်ထားကြသည်။ မကြာသေးမီက ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် နယ်စပ်ဒေသတွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ယခုအချိန်တွင်လည်း တင်းမာမှုများ ပေါ်ပေါက်နေဆဲဖြစ်ကြောင်း တွေ့ရသည်။

ရေနံ နှင့် သဘာဝဓာတ်ငွေ့ တင်ပို့ရေးအတွက် ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံ အထိ ပိုက်လိုင်းသွယ်တန်းရေး စီမံကိန်းကြီးတခုကိုလည်း စတင်နေပြီ ဖြစ်သည်။

တရုတ် ဒုသမ္မတ မစ္စတာရှီကျင့်ဖျင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ရက်နေ့မှ စတင်ပြီး ၂၂ရက်နေ့ အထိ အာရှနိုင်ငံများ ဖြစ်သော ဂျပန်၊ တောင်ကိုရီးယား၊ မြန်မာ၊ ကမ္ဘောဒီးယား စသည့် နိုင်ငံများသို့ ခရီးလှည့်လည်ရန် စီစဉ်ထားသည်ဟု သိရသည်။

မစ္စတာ ရှီကျင့်ဖျင်သည် တရုတ်ကွန်မြူနစ်ပါတီ၏ အတွင်းရေးမှူးအဖွဲ့တွင် ပါဝင်သူတဦး ဖြစ်သည်။ ပါတီ၏ ပေါ်လစ်ဗျုရို အဖွဲ့တွင် ဆဋ္ဌမ အရေးအပါဆုံး ခေါင်းဆောင်ဖြစ်သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးက ရွေးချယ်လိုက်သည့် ၂၀၀၉ခုနှစ်အတွက် နိုင်ငံတကာရှိ သြဇာတိက္ကမအကြီးဆုံး ပုဂ္ဂိုလ် ၁၀၀ ထဲတွင် မစ္စတာရှီကျင့်ဖျင်သည်လည်း တဦး အပါအ၀င် ဖြစ်သည်။

၁၇ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ၏ ညီလာခံ ပြုလုပ်စဉ် ဗဟိုစစ်ကောင်စီ ဒုဥက္ကဋ္ဌအဖြစ် မစ္စတာ ရှီကျင့်ဖျင် ရွေးချယ်ခံရမည်ဟု ယူဆမှုများ ထွက်ပေါ်လာခဲ့ဖူးသည်။ သို့သော်လည်း ရွေးကောက်ခြင်း မခံခဲ့ရပေ။

ဗဟိုစစ်ကောင်စီတွင် ထိုသို့ တာဝန်ပေးအပ်ခြင်း မခံရသည့်အတွက် မစ္စတာ ရှီကျင့်ဖျင်သည် အနာဂတ်တွင် တရုတ်နိုင်ငံ၏ သမ္မတ ဖြစ်လာလိမ့်မည် မဟုတ်ဟု အကဲခတ်တချို့က ဆိုကြသည်။

သို့သော်လည်း မြန်မာ အပါအဝင် အာရှတိုက်နိုင်ငံများသို့ ခရီးလှည့်နေသည့် မစ္စတာ ရှီကျင့်ဖျင်သည် တရုတ်ပြည်၏ သမ္မတ ဖြစ်လာဖွယ် ရှိသည်ဟု ဟောင်ကောင်တက္ကသိုလ်မှ ပါမောက္ခ မစ္စတာ ရစ်ချတ်ဟူက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ၏ လက်ရှိ ဆက်ဆံရေး အလွန် ကောင်းမွန်လျက်ရှိပြီး နှစ်နိုင်ငံ အစိုးရခေါင်းဆောင်များ အပြန်အလှန် လည်ပတ်လျက် ရှိသည်ကို တွေ့ရသည်။

မကြာသေးမီက ယူနန်ပြည်နယ်၊ ချန်ဒူးစစ်ဒေသမှ ဒုတိယဗိုလ်ချုပ်ကြီး အိုက်ဟူယောင်(Ai Husheng) မြန်မာပြည်သို့ သွားရောက်ခဲ့သည်။ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် ကပ်လျက် တည်ရှိသည်။

၂၀၀၀ ပြည့်နှစ်တွင် တရုတ် ဒုသမ္မတ ဟူကျင်တောင် မြန်မာနိုင်ငံသို့ သွားရောက် ခဲ့သည်။

၂၀၀၁ နှင့် ၂၀၀၃ ခုနှစ်များတွင် တရုတ်သမ္မတ ကျန်ဇီမင်း နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၏ အပြန်အလှန် ပြုလုပ်သည့် ချစ်ကြည်ရေး ခရီးစဉ်များကို တွေ့ရသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးသည်လည်း ဇွန်လက တရုတ်ပြည်သို့ တတိယအကြိမ် သွားရောက်ခဲ့သေးသည်။

မြန်မာ အလုပ်သမား ၂ ဦးကို ထိုင်းဝန်ထမ်းများ နှိပ်စက်၍ ဆန္ဒပြမှုဖြစ်

ဘစောတင်
ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ Top Form Brassier Mae Sot Co. Ltd အမျိုးသမီးအတွင်းခံ အင်္ကျီ ချုပ်စက်ရုံတွင် ယမန်နေ့ည(၁၁)နာရီခန့်က ထိုင်းလူမျိုး စက်ရုံလုံခြုံရေးဝန်ထမ်းများနှင့် မြန်မာအလုပ်သမား များ ခိုက်ရန်ဖြစ်ပွားမှုမှစတင်ပြီး ယင်းစက်ရုံရှိ အလုပ်သမား ၃၀၀၀ ကျော်က ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ် ကြောင်း သတင်း ရရှိသည်။

အဆိုပါစက်ရုံမှ အလုပ်သမား မသက်မာစိုး၏ အစ်ကိုဖြစ်သူ ကိုသက်ပိုင်စိုးနှင့် ဝေါကြီး ဆိုသူတို့အား ထိုင်း လူမျိုး စက်ရုံလုံခြုံရေးဝန်ထမ်း(ယန်း) ၄ ဦးက ရန်စ ထိုးနှက်မှုမှ စတင်၍ ခိုက်ရန်ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ယင်းစက်ရုံမှ မျက်မြင်သက်သေတဦးဖြစ်သူ ကိုထွန်းထွန်းက ပြောသည်။

“မနေ့က ယန်း ၄ ယောက် ကနေ သူတို့နှစ်ယောက်ကို အသေလုပ်တာ၊ ဝေါကြီးကို အနိုင်ကျင့်ရန်စပြီး ထိုး တယ်၊ ရိုက်တယ်ဗျာ၊ ပြီးတော့ လက်ထိပ်ခတ်တယ်၊ ရင်ဝကို ကန်တယ်၊ ဓားနဲ့ထိုးတယ်၊ အနီးအနားက လူ တွေကိုလည်း မလာနိုင်အောင် ခဲလုံးတွေနဲ့ပေါက်ထုတ်တယ်၊ အနားကို ကပ်လို့မရဘူး”ဟု ၎င်းက ပြောပြသည်။

ယမန်နေ့ညက နှစ်သစ်ကူးအခမ်းအနားအတွက် အက တိုက်နေရာသို့ ကိုသက်ပိုင်စိုးနှင့် ဝေါကြီး တို့က ဗီဒီယို အောက်စက် လာပို့သည်ကို ယခုကဲ့သို့ လုံခြုံရေးများက ရန်စပြီး ခိုက်ရန်ဖြစ်ပွားရခြင်းဖြစ်ကြောင်း စက်ရုံ အလုပ်သမ မအေးချိုကလည်းပြောသည်။

“ညက သက်မာစိုးရဲ့ အစ်ကို သက်ပိုင်စိုးနဲ့ သူငယ်ချင်း ကိုဝေါကြီးတို့ အကတိုက်တဲ့ နေရာကို ဗီဒီယို အောက် စက်လာပို့တာ၊ အကတိုက်နေတဲ့ စက်ကမကောင်းလို့၊ အဲဒီအချိန်မှာ ယန်းတွေကရန်လုပ်ပြီး ဓားနဲ့ ထိုးလိုက် တယ်၊ ကိုသက်ပိုင်စိုးကတော့ ထွက်ပြေးလို့လွတ်သွားတယ်၊ သူလည်း ဒဏ်ရာတွေရ သွားလို့အခု မြ၀တီ မှာ ဆေးရုံ တင်ထားရတယ်”ဟု ၎င်းကဆိုသည်။

ဓားထိုးခံရသူ အသက်(၂၉)နှစ် ၀န်းကျင်ရှိ ဝေါကြီး သည် ဒဏ်ရာပြင်းထန်စွာရရှိပြီး မဲဆောက်ဆေးရုံတွင် ဆေးကုသမှုခံယူရကြောင်း၊ ၎င်းကို ပဲခူးတိုင်း ဝေါမြို့ နယ်သားဖြစ်၍ ဝေါကြီးဟုခေါ်ကြကြောင်း၊ ကိုသက်ပိုင်စိုး အသက်(၂၂)နှစ်နှင့် မသက်မာစိုးတို့မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှ ဖြစ်ကြောင်း သိရ သည်။

ယခုအမှုနှင့်ပတ်သက်၍ ကိုသက်ပိုင်စိုး၏ မိခင် ဒေါ်မခိုင်က မဲဆောက် ရဲစခန်းတွင် အမှုဖွင့်လိုက်ပြီဟု ပြောပြ သည်။

“ကျမသားလေးနဲ့ သူ့ သူငယ်ချင်းကို စက်ရုံ လုံခြုံရေးတွေက ဒီလို အသက်ကိုရန်ရှာတာကိုတော့ ကျမအရမ်း ခံပြင်းတယ်၊ ကျမသားလေးက အခု မြ၀တီဆေးရုံမှာ တက်နေရတယ်၊ သမီးလေးလည်း အရမ်းကြောက်နေ တယ်၊ ဒါကြောင့် မဲဆောက်ရဲစခန်းမှာ အခုအမှုလာဖွင့်နေတာ”ဟု ဒေါ်မခိုင်က ပြောဆိုသည်။

ယင်း ခိုက်ရန်ဖြစ်ပွားရာတွင် စတင် ရန်ရှာသော လုံခြုံရေး ၀န်ထမ်း ၄ ဦးကိုလည်း ရဲကခေါ်ယူ ထိန်းသိမ်း၍ စစ်ဆေးနေကြောင်း သိရသည်။

မဲဆောက်ရဲစခန်းမှ ရဲအရာရှိ တဦးက“ကျနော်တို့ အမှုမှန်ပေါ်ဖို့  လုံခြုံရေးဝန်ထမ်းတွေရော မျက်မြင်သက် သေ တွေကိုပါ ခေါ်ယူစစ်မေးနေပါတယ်၊ အမှုမှန်ပေါ်အောင် ကျနော်တို့ ဆောင်ရွက်သွားပါမယ်”ဟုပြော သည်။

ယနေ့တွင် မဲဆောက်ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ဝေါကြီး နှင့် မြ၀တီတွင် ဆေးကုသနေသော ကိုသက်ပိုင်စိုးတို့ကို လုံခြုံရေးအရ လည်းကောင်း၊ ဖြစ်ပွားသည့် ပြဿနာမှာ အလုပ်သမား ဆန္ဒပြသည်အထိ ကြီးထွားလာသောကြောင့် လည်းကောင်း အမှုဖြေရှင်းရန်အတွက် မဲဆောက် ရဲစခန်းတွင် ခေါ်ယူ ထိန်းသိမ်း ထားသည်ဟု ယင်းအမှုကို ကူညီဆောင်ရွက်ပေးနေသော မဲဆောက်မြို့ရှိ People Volunteer Association (PVA) အဖွဲ့ ခေါင်းဆောင် ကိုသိန်းဆန်းက ပြောဆိုသည်။

“ပြဿနာက ကြီးလာလို့ သူတို့ ၂ ဦးလုံးကို မဲဆောက် စခန်းမှာခေါ်ထားတယ်၊ အခုကိစ္စက၂ ခုဖြစ်နေတယ်၊ နောက်တခုက အလုပ်သမားတွေဘက်က သူတို့နစ်နာ ဆုံးရှုံးနေတာတွေကို တောင်းဆိုမှုဖြစ်တယ်၊ ထိုင်း အာဏာပိုင်တွေကလည်း ထောင်နဲ့ချီတဲ့ အလုပ်သမားတွေကြားထဲ ဘယ်လို ၀င်ရမှန်းမသိလို့ ဂိတ်တွေမှာ ပိတ်ပြီး စောင့်နေကြတယ်”ဟု ၎င်းက ဆိုသည်။

အလုပ်သမားများက တရားခံကိုဖော်ထုတ်ပေးရန်၊ အလုပ်သမားများ၏ အခွင့်အရေးကိုပေးရန် စသည့် တောင်းဆိုချက်များကို တောင်းဆိုထားကြောင်း၊ စက်ရုံအနီးတွင် ထိုင်းစစ်သားများ၊ နယ်ခြားစောင့်ရဲများနှင့် ထိုင်းရဲများက စောင့်ကျပ်လျက်ရှိကြောင်း သိရသည်။

ကိုသိန်းဆန်းက“အခု တာ့ခ် ခရိုင် ရဲမှူး ပြောတာကတော့ စက်ရုံကို သုံးရက်ပိတ်ထားမယ်၊ တရားခံကို မရ ရအောင် ဖော်ထုတ်ပေးမယ်လို့ ကတိပေးထားတယ်၊ ကျနော်တို့လည်း ကိုယ့်အလုပ်သမားတွေကို စနစ်တကျ တရားဥပဒေ လမ်းအတိုင်း ဆောင်ရွက်ဖို့ ကူညီပေးနေတယ်”ဟုပြောသည်။

အလုပ်သမားများတောင်းဆိုမှုအတွက် စက်ရုံ အလုပ်ရှင်ကို ၃ ရက် အချိန်ပေးထားပြီး အလုပ်သမားများ ဘက် မှ ဆောင်ရွက်ရန် ကိုယ်စားလှယ် ၅ ဦး ရွေးချယ်ထားသည်ဟုလည်း ဆိုသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် စက်ရုံပေါင်း (၃၀၀) နီးပါးခန့်ရှိပြီး မြန်မာအလုပ်သမား သိန်းနှင့်ချီ၍ရှိကြောင်း သိရသည်။

နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ဖြစ်သော ဒီဇင်ဘာလ ၁၈ ရက် ယမန်နေ့ကပင် ထိုင်းနိုင်ငံ ဖစ်ကျပို ခရိုင် စမုန်တောမြို့ ရှိ SARA FARM ကုမ္ပဏီ ကြက်သားထုတ်လုပ်ရေး စက်ရုံမှ မြန်မာအလုပ်သမား ၅၀၀၀ ခန့် သည် ၄င်းတို့ နစ်နာဆုံးရှုံးနေသော အခွင့်အရေးများကို တောင်းဆို ဆန္ဒပြကြရာ အလုပ်ရှင်ဘက်မှ လိုက်လျောမှုများ ရရှိခဲ့ကြောင်း အလုပ်သမားများက ပြောသည်။

အလုပ်ရှင်က လိုက်လျှောမည်ဟု ကတိပေးသည်များမှာ(၁) တနေ့လျှင် အလုပ်ချိန် (၈)နာရီ သတ်မှတ်မည်။ (၂) အချိန်ပို တနာရီလျှင် ဘတ်(၃၀) ပေးမည်။ (၃) အလုပ်သမားကတ်ပြား ရလျှင် ကိုင်ဆောင်ခွင့်ပြုမည်။ (၄) အစိုးရရုံးပိတ်ရက်များတွင် အလုပ်သမားများကို အလုပ်နားခွင့်ပေးမည်။ (၅) ယာယီ နိုင်ငံကူးလက်မှတ် လုပ်ရန် အတွက် ဖိအားပေးခြင်းမပြုလုပ်ရန် တို့ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား၂ သန်းခွဲနှင့် အထက်ရှိမည်ဟု အလုပ်သမားအရေးဆောင် ရွက်နေသော အဖွဲ့အစည်းများက ခန့်မှန်း ပြောဆိုကြသည်။

စာရေးဆရာ အီကြာကွေး၏အိမ်ကို ဓနုဖြူ ကျိုက္ကလွန်ဗွန်းဘုရားအတွက် လှူဒါန်း

မျိုးချစ်သူ
စာရေးဆရာ အီကြာကွေး၏ နေအိမ်ကို ဓနုဖြူ ကျိုက္ကလွန်ဗွန်းဘုရားအတွက်ရည်စူး၍ ဂေါပကအဖွဲ့ကို လှူဒါန်းထားကြောင်း စာပေလောကသားတဦးဖြစ်သူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က ပြောသည်။

ယင်းအစီစဉ်ကို လွန်ခဲ့သော ၂၀၀၂ ခုနှစ်ခန့်ကပင် ဆရာကြီးက စီစဉ်ချမှတ်ထားကြောင်း ဆရာကြီး၏ သွေးချင်းနီးသူတဦးက ဈာပနအခမ်းအနားတွင် ပြောသည်။

ဆရာကြီး၏နေအိမ်မှာ တောင်ဥက္ကလာပမြို့နယ် (၁၂) ရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ် (၇၆၅) ဖြစ်ပြီး အဆိုပါနေအိမ်ကို ရောင်းချမည့်အစီအစဉ်အား မဆွေးနွေးရသေးကြောင်း ဓနုဖြူ ကျိုက္ကလွန်ဗွန်းဘုရား ဂေါပကအဖွဲ့ဝင်တဦးက ပြောသည်။

“ဆရာကြီးရဲ့ ဈာပန ရက်လည်ပြီးတဲ့အထိတော့ ဘာမှပြောလို့မရသေးဘူး။ ရောင်းမယ် မရောင်းဘူးဆိုတာ ဂေါပကအဖွဲ့ရဲ့အပေါ်မှာ မူတည်တယ်။ သူတို့ကို လှူပြီးပြီလေ။ ဒီအလှူအတွက် ရေစက်ချတာတွေလည်း ဆက်လုပ်ရမှာပေါ့” ဟု ဆရာကြီးနှင့် ဆွေးမျိုးတော်စပ်သူတဦးက ပြောသည်။

ဆရာကြီး၏အသုဘကို နာရေးကူညီမှုအသင်းက ဦးကျော်သူကိုယ်တိုင် ဦးဆောင်၍ ဆောင်ရွက်ပေးကြောင်း၊ နာရေးနှင့် ပတ်သက်သည့်ကိစ္စအ၀၀ကို ဓနုဖြူ ကျိုက္ကလွန်ဗွန်းဘုရား ဂေါပကအဖွဲ့က တာဝန်ယူကြောင်း အသုဘလိုက်ပို့ခဲ့သည့် စာပေလောကသားတဦးက ပြောသည်။

စာရေးဆရာကြီး အီကြာကွေးသည် ၎င်း၏ဇာတိမြေဖြစ်သည့် ဓနုဖြူ ကျိုက္ကလွန်ဗွန်းဘုရားကြီး တောင်ဘက်တန်ဆောင်းကိုလည်း ဘိုးဘွားမိဘများကို အမှူးထား၍ ပြန်လည်မွမ်းမံပြုပြင်လှူဒါန်းထားသူ ဖြစ်ကြောင်း ဓနုဖြူ ကျိုက္ကလွန်ဗွန်းဘုရား ဂေါပကအဖွဲ့က ပြောသည်။

“အဲဒီတန်ဆောင်းက ဆရာကြီးမိဘတွေ လှူထားခဲ့တာ။ ဒါကို သူကပြန်ပြီး (၅၁) သိန်း အကုန်ကျခံပြုပြင်တယ်။ သူ့ရဲ့ စာပေဟောပြောပွဲက ရတဲ့ငွေ၊ တပည့်တွေ ကန်တော့တဲ့ငွေတွေနဲ့ လှူတာ” ဟု စာရေးဆရာ အီကြာကွေး၏ ဆွေမျိုးနီးစပ်သူတဦးက ပြောသည်။

ညစ်ညမ်းစီဒီနှင့်ဗွီဒီယိုခွေ (၅) သိန်းနီးပါး ဖျက်ဆီး

တက်လူ
ဆင်ဆာမဲ့နှင့် ညစ်ညမ်းစီဒီနှင့် ဗွီဒီယိုအရေအတွက် (၅) သိန်းခန့်ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေး လုပ်ငန်းက ဖျက်ဆီးလိုက်ကြောင်း အဆိုပါဌာနမှ ပြောခွင့်ရသူတဦးက ပြောသည်။

အဆိုပါအခွေနှင့် ဓာတ်ပြားများမှာ၂၀၀၄ ခုနှစ်နောက်ပိုင်း ဖမ်းဆီးရမိထားခြင်းဖြစ်ပြီး ယနေ့နံနက် (၇) နာရီခန့်တွင် မီးရှို့ခြင်း၊ လမ်းကြိတ်စက်ဖြင့် ကြိတ်နင်းဖျက်စီးခြင်းတို့ လုပ်ခဲ့ခြင်းဖြစ်သည်။

၂၀၀၄ ခုမှ ၂၀၀၉ ခု နိုဝင်ဘာလထိ ရန်ကုန်တိုင်းနှင့် မြန်မာတနိုင်ငံလုံးရှိ ပြည်နယ်နှင့်တိုင်းများမှ ဖမ်းဆီးရမိသော ဆင်ဆာမဲ့နှင့် ညစ်ညမ်းအခွေနှင့်ဓာတ်ပြားများ အရေအတွက်မှာ (၄၉၅,၃၇၅) ရှိကြောင်း၊ ၎င်းတို့အနက် ရန်ကုန်တိုင်းအတွင်းရှိ ရဲတပ်ဖွဲ့ စခန်းများမှ ဖမ်းဆီးရမိမှုမှာ အရေအတွက် (၂၅၉,၈၁၈) ရှိကြောင်း အဆိုပါဌာနက တရားဝင်ထုတ်ပြန်သည်။

အဆိုပါ စီဒီနှင့်ဗွီဒီယိုများတွင် တရားမ၀င် ဆင်ဆာမဲ့မြန်မာဗွီဒီယိုတိတ်ခွေ၊ နိုင်ငံခြားခွေ၊ ဗွီဒီယိုလေဆာဓာတ်ပြားများမှာ မြန်မာကာရာအိုကေ၊ မြန်မာဇာတ်ကား၊ နိုင်ငံခြားဇာတ်ကားနှင့် ညစ်ညမ်းကားများပါဝင်ကာ စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် (၂,၄၇၆) သိန်းကျော်တန်ဖိုးရှိကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ၀န်ထမ်းတဦးက ပြောသည်။

ဓာတ်ပုံပညာရှင်တဦးက “ရန်ကုန်မှာ ခိုးကူးခွေတွေကို ဘယ်သူမဆိုလုပ်လို့ရတယ်။ ဒါပေမယ့် တချို့က သူများစီးပွားပျက် အောင်ထိ လုပ်လာတယ်။ အခွေတွေကို မထွက်ရသေးခင်ကဘဲ ခိုးကူးရောင်းချနေပြီ။ ဒါဆိုရင် ရွှေသမင် ဘယ်ကထွက်လဲဗျာ၊ မင်းကြီးတာကပဲ ထွက်တော့မှာပေါ့။ ကျနော့်ပတ်ဝန်းကျင်က ဓာတ်ပုံဆရာတွေလည်း ခိုးကူးထဲ ရောက်နေတာတွေ ရှိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လက ရန်ကုန်မြို့တွင်းတွင် ညစ်ညမ်းခွေများကို ရောင်းချခြင်းမပြုရ၊ တွေ့ရှိပါက အရေးယူမည်ဟု နယ်မြေရဲများက တဆင့် ရောင်းချသူများကို လိုက်လံဆော်သြခဲ့ကြောင်း ပုစွန်တောင်ရဲစခန်းမှ ရဲတပ်သားတဦးကပြောသည်။

“ကျနော်တို့က ရောင်းတဲ့သူတွေ အဖမ်းခံရမှာကြောက်တယ်။ သူတို့ပေးတဲ့ လိုင်းကြေးနဲ့ပဲ ကျနော်တို့လည်း ရပ်တည် နေတာလေဗျာ။ ရှင်းရှင်းပြောတာ” ဟု ၎င်းက ပြောသည်။

တရားမ၀င် ဆင်ဆာမဲ့အခွေများနှင့် ညစ်ညမ်းခွေများ၊ ခိုးကူးခွေများ ပြုလုပ်ကြသူများမှာ ရဲအရာရှိ၊ စစ်တပ်အရာရှိတို့နှင့် ဆက်ဆံရေးအထူးအဆင်ပြေသူများသာ ဖြစ်ကြကြောင်း၊ ရန်ကုန်မှ စစ်ဗိုလ်ကြီးအချို့ကလည်း အဆိုပါလုပ်ငန်းကို ၀န်ထမ်းများ ခေါ်ယူကာ ခိုးကူးစီးပွားရေးလုပ်ဆောင်နေကြကြောင်း ကိုးမိုင်ရှိ စစ်ဗိုလ်တဦးထံတွင် ယင်းလုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသူက ပြောသည်။

“ဘာအခွေလိုချင်လဲ ဆိုတာသာ ပြောပါ၊ အားလုံးရတယ်။ ကျနော်အဲဒီမှာ စားစရိတ်ငြိမ်း လခ (၁) သိန်း ရတယ်။ ဒါပေမယ့် အဲဒီမှာ လုပ်ချင်တိုင်းလုပ်လို့မရဘူး။ အဆက်အသွယ်ကောင်းမှ ရတာ” ဟု ၎င်းက ပြောသည်။

နာဂစ် ပြန်လည်ထူထောင်ရေး ဂျပန်က (၅.၆) သန်း ကူညီ


စိုးမိုး
နာဂစ်ဒဏ်သင့် ဒေသများထဲမှ ကမ်းရိုးတန်းဒေသများတွင် စာသင်ကျောင်း (၂၀) တည်ဆောက်ရန်အတွက် ဂျပန်အစိုးရက ထောက်ပံ့ငွေ ဂျပန်ယန်း သန်း ၅၈၀ (ကန်ဒေါ်လာ ၅.၆ သန်း) ပေးအပ်ရန် သဘောတူလိုက်ပြီဖြစ်သည်။

ဘိုကလေးနှင့် လပွတ္တာတွင် မုန်တိုင်းဒဏ်ခံ စာသင်ကျောင်း (၂၀) တည်ဆောက်ရန်အတွက် စစ်အစိုးရနှင့် ဂျပန်အစိုးရတို့ နေပြည်တော်တွင် ယခုလပထမပတ်အတွင်း၌ သဘောတူလက်မှတ်ရေးထိုးကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးက သတင်း ထုတ်ပြန်သည်။

ယင်းထောက်ပံ့ငွေကို မည်သို့ စီမံခန့်ခွဲမည်ကို အသေးစိတ်မထုတ်ပြန်သော်လည်း ပုံမှန် လုပ်ထုံးလုပ်စဉ်အရမူ အန်ဂျီအိုများမှ တဆင့် စီမံခန့်ခွဲနေသည်ဟု လပွတ္တာအခြေစိုက် အန်ဂျီအိုဝန်ထမ်းများက ပြောသည်။

“ပုံမှန်ကတော့ အန်ဂျီအိုတွေက ပရိုပိုဆယ်တင်ပြီး အလုပ်လုပ်တာပဲ။ အခု လပွတ္တာမှာတော့ ကျောင်းတွေ ဆောက်ပေးနေတာက World Concern Myanmar က ကျောင်း (၁၀) လုံးဆောက်နေတာ ရှိတယ်။ ၂၀၁၀ မတ်လမှာ ပြီးမယ်။ ကျောင်းတွေက လိုနေတုန်းပါပဲ” ဟု လပွတ္တာအခြေစိုက် အန်ဂျီအိုဝန်ထမ်းက ဆိုသည်။

လက်ရှိ တည်ဆောက်နေသည့် မုန်တိုင်းဒဏ်ခံ ကျောင်းအဆောက်အအုံများမှာ ပေ (၃၀) ပတ်လည် (၂) ထပ်ကျောင်းဆောင်များ ဖြစ်ပြီး အန်ဂျီအိုများကတဆင့် ဆောက်လုပ်ရေးအတွက် တင်ဒါ ခေါ်ယူဆောက်လုပ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

“သူတို့ပြောတာက အဆောက်အအုံ ငယ်ငယ်တွေက မုန်တိုင်းဒဏ်ခံနိုင်တယ်။ နောက် မူလတန်းကျောင်းတွေဆိုတော့ ကျောင်းသားကလဲ သိပ်မများလှဘူး။ လူ (၁၀၀) တောင် ပြည့်တာမဟုတ်တော့ တရွာ တကျောင်းဆောက်ရင် လုံလောက်ပါတယ်” ဟု အဆိုပါ အန်ဂျီအိုဝန်ထမ်းက ပြောကြားသည်။

ယင်းဆောက်လုပ်ရေး လုပ်ငန်ခွင်များကို ယခင်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က အစားအစာအတွက် အလုပ် အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် နာဂစ်ဒဏ်သင့် ဒေသခံအချို့ အလုပ်ရရှိခဲ့သည်။

ယခု ဂျပန်အကူအညီဖြင့် ဆောက်လုပ်မည့် မုန်တိုင်းဒဏ်ခံ စာသင်ကျောင်းများ တည်ဆောက်ရန်အတွက် ကူညီငွေ ကန်ဒေါ်လာ (၅.၆) သန်းကို မည်သို့ စီမံခန့်ခွဲမည်ဆိုသည်ကို အသေးစိတ် ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

NRC (Norwaygian Refugee Councial) က မုန်တိုင်းဒဏ်ခံ ကျောင်းပေါင်း (၂၀) ထပ်မံတည်ဆောက်ရန်ရှိပြီး WC (World Concern) က ကျောင်းပေါင်း (၂၀) ကို တည်ဆောက်နေသည်ဟုလည်း လပွတ္တာဒေသခံ အန်ဂျီအိုဝန်ထမ်းများက ပြောသည်။

Thursday, December 17, 2009

မြန်မာပြည် ထောင်များတွင် ရေသန့်စက် တပ်ဆင်

သန်းထိုက်ဦး
မြန်မာနိုင်ငံရှိ အကျဉ်းထောင်နှင့် ရဲဘက်စခန်းများ အားလုံးတွင် သောက်ရေသန့်စက်များ တပ်ဆင်ပေးသွားမည်ဟု အကျဉ်းဦးစီး ဌာနမှ တာဝန်ရှိသူ တဦးအား ကိုးကား၍ ယနေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ရေးသားထားသည်။

အကျဉ်းထောင်နှင့် ရဲဘက်စခန်း စုစုပေါင်း ၁၇ ခုတွင် ရေသန့်စက်များကို အလှူရှင်များ၏ အကူအညီဖြင့် တပ်ဆင်ထားပြီးဖြစ် သည်ဟု ဆိုသည်။

ရေသန့်စက် တပ်ဆင်ပြီးသည့် အကျဉ်းထောင်များတွင် သောက်ရေသန့် အသုံးပြုနိုင်ပြီ ဖြစ်သောကြောင့် ၀မ်းပျက် ၀မ်းလျှော၊ အသည်းရောင် စသည့် ရောဂါများ ဖြစ်ပွားမှု သိသိ သာသာ လျော့နည်းသွားသည်ကြောင်းလည်း ဂျာနယ်တွင် ပါရှိသည်။

မြန်မာနိုင်ငံတဝန်းရှိ ထောင်နှင့် ရဲဘက် စခန်းများတွင် ရေသန့်စက် တပ်ဆင်လှူဒါန်းလိုပါက အကျဉ်းဦးစီးဌာနသို့ ဆက်သွယ် နိုင် သည်ဟု ၎င်းဂျာနယ်တွင် ရေးသားဖော်ပြထားသည်။

ရေသန့်စက် ဆက်လက် တပ်ဆင်မည့် နေရာများမှာ တောင်ကြီးထောင်၊ ကျောက်ထုတ်လုပ်ရေး အလုပ်ကြမ်း စခန်းများ ဖြစ်သည့် ကျောက်ဆည်မြို့အနီးရှိ ဘဲလင် အမျိုးသမီး ရဲဘက် စခန်း၊ ကျိုက်ထိုမြို့အနီးရှိ မုပ္ပလင် အမျိုးသား ရဲဘက် စခန်း စသည့် ၃ နေရာဖြစ်သည်ဟု ဆိုသည်။

နာမည်ကျော် အင်းစိန်အကျဉ်းထောင်တွင် တပ်ဆင်ထားသော ရေသန့်စက်မှ တနေ့လျှင် သောက်ရေသန့် ဂါလံ တသောင်းကျော် ဖြန့်ဝေနိုင်သည်ဟု သိရသည်။

ထိုရေသန့်စက်ကို ငွေကြေး တတ်နိုင်သည့် အကျဉ်းသားတဦး၏ မိသားစုက လှူဒါန်းခဲ့ခင်းဖြစ်သည်ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူတဦးက ပြောသည်။

“အမှန်တကယ်က အစိုးရက တပ်ဆင်တာ တခုမှ မရှိဘူး၊ အကျဉ်းချခံထားရတဲ့ လူတွေက တီဗွီတို့ ဘာတို့ကအစ ဒီလိုမျိုးပဲလေ ပိုက်ဆံရှိတဲ့ လူတွေက နေရေး စားရေးအတွက် လှူတာ။ ရေသန့်စက်တွေကလည်း ဒီလိုပဲ။ တခါတလေ ကုမ္ပဏီကလူတွေ ထောင်ကျတာတွေ ရှိတယ်၊ အဲဒီကနေ လာလှူတာတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင် ၃၉ ခု နှင့် ရဲဘက်စခန်း ၃၂ ခု ရှိသည်။

၁၉၉၉ မှ ၂ဝဝ၅ ခုနှစ်အတွင်းအပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ (International Committee of the Red Cross - ICRC) သည် ထိုနေရာများသို့ သွားရောက်ပြီး လွတ်လပ်စွာ စစ်ဆေးခွင့် ရခဲ့သည်။ ထို့အပြင် အကျဉ်းသားများ အခွင့်အရေး ရရှိရန် အာဏာပိုင်တို့နှင့် ညှိနှိုင်းပြီးစီစဉ် ဆောင်ရွက်ပေးခဲ့သည်။

၂ဝဝ၆ ခုနှစ်တွင် ICRC၏ အကျဉ်းသားများထံသို့ သွားရောက်မှုများ ရပ်ဆိုင်းသွားသည်။ အာဏာပိုင်များက ၎င်းတို့၏ လူမှုရေးအဖွဲ့ တခုဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနှင့် ပူးပေါင်းပြီး အကျဉ်းထောင်များသို့ သွားရောက်ရန် ညွှန်ကြားခဲ့ သောကြောင့် ဖြစ်သည်။ သို့သော် ICRCက သီးခြား လွတ်လပ်စွာ ဆောင်ရွက်လိုသော်လည်း အစိုးရက ခွင့်မပြုခဲ့ကြောင်း သိရ သည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃လုပ်အားခတိုးမြှင့်တောင်းဆိုမှု သဘောတူညီမှုရ

ဖနိဒါ
လုပ်ခ နှုန်းထားနှင့် ပတ်သက်၍ သဘောတူညီမှု ရရှိပြီးနောက် လှိုင်သာယာမြို့နယ် စက်မှုဇုန် ၃ ရှိ Wong Hong Hung စက်ရုံတွင် လုပ်အားခတိုးမြှင့်တောင်းဆိုမှု ပြီးဆုံးသွားခဲ့သည်။

အလုပ်သမား ၁ ထောင်ကျော်တို့က နေ့စားလုပ်ခများ တိုးပေးရေး၊ သာယာသော လုပ်ငန်းခွင် ဖန်တီးရေးနှင့် ကျန်းမာရေးဆိုင်ရာ အခွင့်အလမ်းများ ပေးရန်များ အပါအဝင် တောင်းဆိုချက် ၁၂ ချက်ကို တောင်းဆို ရာ ယနေ့ မွန်းလွဲ ၂ နာရီကျော်တွင် အလုပ်ရှင်နှင့် သဘောတူညီမှု ရသွားသည်။

“ဒီနေ့က သူတို့က အလုပ်သမားတွေက ဒေးကြေး ၃၀ ကနေ ၄၀ ပေးလိုက်တယ်။ fery နှုန်းအရင်က ၈၀ မပေးဘူး။ ခရီးစရိတ် ၈၀ အစားကနေ ၁၀၀ တိုးပေးလိုက်တယ်။ ၂ နာရီခွဲမှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေ ပြေလည်သွားတယ်။ ၁၂ ချက်လုံးရသွားပြီ”ဟု ပြောသည်။

ယင်းတောင်းဆိုချက်များ အားလုံး ရရှိမည် ဖြစ်ပြီး လစာထုတ်ပေးသည့် ရက်တွင် Ferry ထုတ်ပေးခြင်း မဟုတ်ဘဲ ခရီးစရိတ် ၈၀ ပေးရာမှ ၁၀၀ ကျပ်သို့ တိုးမြင့်ပေးကာ ယနေ့ ၁၇ ရက်နေ့ အတွက်လည်း လုပ်အားခ ရရှိမည်ဖြစ်ကြောင်း သိရသည်။

တောင်းဆိုမှု မီးပွား မကူးစက်စေရန် အာဏာပိုင်များဘက်မှ စိုးရိမ်မှု ရှိနေပြီး ရန်ကုန်တိုင်း ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ဦးဆောင်ပြီး အလုပ်သမားဝန်ကြီး-ဒုဝန်ကြီး ဗိုလ်မှူးချုပ် တင်ထွန်းအောင်၊ ရဲတပ်ရင်း ကွပ်ကဲရေးမှူးချုပ် ရဲမှူးကြီး မြင့်စိန်တို့ ပါဝင်သော အဖွဲ့က ဆန္ဒပြရာသို့ ရောက်ရှိခဲ့ကာ လုံခြုံရေးများ ထူထပ်ခဲ့သည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

၁၄ ရက်နေ့ နေ့လည်ပိုင်းမှ အလုပ်သမားများ အလုပ်မဆင်းဘဲ တောင်းဆိုနေခဲ့သည်။

လှိုင်သာယာမြို့နယ်စက်မှုဇုန် (၃) တွင် အလုပ်သမားများ လုပ်အားခ တိုးမြှင့်တောင်းဆို

မျိုးချစ်သူ
လှိုင်သာယာမြို့နယ် စက်မှုဇုန် (၃) ရှိ Weng Hong Hung အထည်ချုပ်စက်ရုံနှင့် ဆန်နီ ဖိနပ်စက်ရုံတို့တွင် အလုပ်သမားများ လုပ်အားခတိုးမြှင့်တောင်းဆိုမှုများ ဖြစ်ပွားနေကြောင်း လှိုင်သာယာမြို့နယ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အဆိုပါတောင်းဆိုမှုများကို ဆန်နီဖိနပ်စက်ရုံက ပြီးခဲ့သည့် (၃) ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး မည်သို့ဆောင်ရွက်မည်ကို စက်မှုဇုန်စီမံခန့်ခွဲရေး၊ ပြည်ထဲရေးနှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့က ဆောင်ရွက်နေကြောင်း အဆိုပါပြောခွင့်ရသူက ပြောကြားသည်။

ယနေ့တွင် Weng Hong Hung အထည်ချုပ်စက်ရုံမှ အလုပ်သမားများက နံနက် (၈) နာရီမှ စတင်ကာ လုပ်အားခတိုးမြှင့် တောင်းဆိုမှုများကို ဆက်လက်ပြုလုပ်ကြကြောင်း လှိုင်သာယာစက်မှုဇုန်မှ မြို့နယ်အုပ်ချုပ်ရေးအရာရှိတဦးက ပြောသည်။

၎င်းက “အလုပ်သမားတွေက လစာကို အဓိကတောင်းဆိုကြတာ။ ဆန်နီ ဖိနပ်စက်ရုံနဲ့ Weng Hong Hung အထည်ချုပ် စက်ရုံမှာဖြစ်တာပါ။ သူတို့တောင်းတဲ့ လုပ်အားခကို အလုပ်ရှင်က ပေးနိုင်မယ် မထင်ဘူး။ စက်ရုံကို ပိတ်ရမယ့် အခြေအနေတောင် ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

အလုပ်သမားများ၏ လစာနှင့် တောင်းဆိုချက်အတိအကျများကို ထုတ်ဖော်မပြောဆိုသော်လည်း လုပ်အားခအတွက် တောင်းဆိုခြင်းဖြစ်သည်ဟု ယင်းအုပ်ချုပ်ရေးအရာရှိက ပြောသည်။

ယနေ့အထည်ချုပ်စက်ရုံတွင် (၃) ရက်မြောက် တောင်းဆိုကြသည့် အလုပ်သမားအရေအတွက်မှာ (၁,၈၀၀) ခန့်ရှိပြီး နောက်ထပ်စက်ရုံများတွင်လည်း အလားတူဖြစ်ရပ်မျိုး ပေါ်ပေါက်လာနိုင်သည်ဟု စက်မှုဇုန်မှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “လူတွေက ထောင်နဲ့ချီပြီး တောင်းဆိုကြတာ။ လူထုကကြီးတဲ့အတွက် ပြည်ထဲရေးက လုံခြုံရေးတွေလာတယ်။ ဒါပေမယ့် အလုပ်သမားတွေကို ဖမ်းဆီးတာ မရှိဘူး။ တောင်းဆိုတာပဲ ဖြစ်တဲ့အတွက်ပါ” ဟု ပြောသည်။

အလုပ်သမားများသည် ယနေ့နံနက် အလုပ်ဆင်းချိန်တွင် တစုတည်းဖြစ်နေကြပြီး စက်ရုံသို့မ၀င်ခင်တွင် ဂိတ်ပေါက်၌ စုရုံးတောင်းဆိုကြခြင်းဖြစ်ကြောင်း၊ လူအုပ်များသဖြင့် အနည်းငယ် ရုတ်ရုတ်သဲသဲဖြစ်ကာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများက အလုပ်သမားများနှင့် ညှိနှိုင်းနေကြကြောင်း အဆိုပါစက်မှုဇုန်မှ တာဝန်ရှိသူက ပြောသည်။

လှိုင်သာယာစက်မှုဇုန်တွင် စက်ရုံအလုပ်ရုံပေါင်း (၈၀၀) ကျော်ရှိပြီး (၅၀၀) ခန့်မှာ လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း၊ သို့သော် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်ကပင် လုပ်ငန်းများမကောင်း၍ အထည်ချုပ်စက်ရုံအပါအ၀င် အချို့စက်ရုံများ လုပ်ငန်းရပ်နားခဲ့ရ ကြောင်း၊ ယမန်နှစ်ကလည်း ကမ္ဘာ့စီးပွားရေးကပ်ကြောင့် စက်ရုံများ ပိုမိုအခက်တွေ့ခဲ့ရကြောင်း စက်မှုဇုန်မှ တာဝန်ရှိသူက ပြောသည်။

အဆိုပါစက်မှုဇုန်တွင် စက်ရုံများကို မှီခိုလုပ်ကိုင်စားသောက်နေကြသော အလုပ်သမားပေါင်း (၅) သောင်းကျော်ရှိပြီး နယ်မှလာရောက်လုပ်ကိုင်သူများဖြစ်ကာ လုပ်အားခမှာ စက်ရုံတခုနှင့်တခု မတူညီကြောင်း သိရသည်။

အမှတ် (၂) စက်မှုဝန်ကြီးဌာန စက်ရုံအချို့မှ ၀န်ထမ်းများအားစတင် အငြိမ်းစားပေး

အောင်ထက်

အမှတ် (၂) စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ပန်းတောင်းမြို့ အမှတ် (၁) လယ်ယာသုံး စက်ပစ္စည်းစက်ရုံမှ အသက် (၅၅) နှစ်နှင့် အထက်ရှိသည့် ၀န်ထမ်း (၂၄၀) ကျော်ကို အငြိမ်းစားပေးလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၁) ရက်နေ့စွဲဖြင့် ၀န်ထမ်း (၂၄၄) ဦးကို အငြိမ်းစားပေးလိုက်ကြောင်း အဆိုပါစက်ရုံမှ မန်နေဂျာတဦးက အတည်ပြုပြောကြားသည်။

“ပင်စင်လစာကို ၁.၉.၂၀၀၉ နေ့စွဲနဲ့ တရားဝင်ခံစားခွင့်ပေးလိုက်တယ်။ ကရုဏာဆုကြေးငွေကိုတော့ နိုဝင်ဘာလလယ်လောက် ကမှ အသုတ်လိုက်ပေးနေတာ” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင်း လတ်တလောထွက်ပေါ်နေသော အသက် (၅၅) နှစ်နှင့်အထက် ၀န်ထမ်းများ အငြိမ်းစားပေးမည့်ကိစ္စကို အမှတ် (၂) စက်မှုဝန်ကြီးဌာနမှ စတင်အကောင်အထည်ဖော်ခြင်း ဖြစ်နိုင်သည်ဟု အခြားဌာနများက ယူဆသည်။

ယခုကဲ့သို့ အငြိမ်းစားပေးခြင်းသည် အမှတ် (၂) စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံအားလုံးတွင် မဟုတ်ဘဲ ရောင်းလိုအား ကျဆင်း၍ လုပ်ငန်းအရှုံးပြနေသော ပန်းတောင်းမြို့၊ လယ်ယာသုံး စက်ပစ္စည်းစက်ရုံ အမှတ် (၁) နှင့် မကွေးမြို့ တဖက်ကမ်း မလွန်မြို့၊ လယ်ယာသုံးစက်ပစ္စည်းစက်ရုံ အမှတ် (၂) တို့မှ ၀န်ထမ်းများသာ ပါဝင်သည်။

“ကျနော်တို့ စက်ရုံထုတ်ပစ္စည်းက အများပြည်သူ သုံးစွဲနေကျမဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့ ထုတ်ကုန်ဟာ ဈေးကွက် ၀ယ်လိုအား နည်းတယ်။ နှစ်စဉ် အရှုံးပြနေတယ်” ဟု ပန်းတောင်းမြို့၊ လယ်ယာသုံး စက်ပစ္စည်းစက်ရုံ အမှတ် (၁) မှ ၀န်ထမ်း တဦးက ပြောသည်။

ပန်းတောင်းစက်ရုံတွင် ယခင်က ၀န်ထမ်းပေါင်း (၁,၆၀၀) ရှိပြီး ယခုနောက်ပိုင်း ပင်စင်ပေး၊ စက်ရုံပြောင်းနှင့် ၀န်ထမ်းအင်အား လျော့နည်းကာ ကျန်သည့်ဝန်ထမ်းဖြင့် ကျယ်ပြန့်သည့် စက်ရုံလုပ်ငန်းခွင်များ လည်ပတ်ရန် မလွယ်ကူကြောင်း စက်ရုံစီမံဌာနက ပြောကြားသည်။

ယင်းဌာနမှ ၀န်ထမ်းတဦးက “ကျနော်တို့ ပန်းတောင်းစက်ရုံမှာ လာမယ့်လထဲမှာ ဘီးလင်းမြို့ တာယာလုပ်ငန်းစက်ရုံသစ်ကို ၀န်ထမ်း (၁၀၀) ပေးလိုက်ရင် ပင်စင်ပေး၊ စက်ရုံပြောင်းနဲ့ ၀န်ထမ်း (၈၀၀) လောက်ပဲ ကျန်တော့မယ်၊ စက်ရုံလည်ပတ်ဖို့ ခဲယဉ်းလိမ့်မယ်” ဟု ပြောသည်။

အဆိုပါစက်ရုံများမှ “ဇွဲ” ဟု အမည်ပေးထားသော လယ်ထွန်စက်အကြီးနှင့် ဂွန်ဒေါင်းပုံစံ လယ်လုပ်စက် “ဧရာ-၁” တို့ ထုတ်လုပ်သည်။ ပန်းတောင်းမြို့၊ စက်ရုံ ဂိုဒေါင်အတွင်း နှစ်ချီရှိနေသော ဧရာ-၁ လယ်လုပ်စက်များမှာ နာဂစ်ဒဏ်သင့် ဒေသများသို့ အများဆုံး တင်ပို့ခဲ့ရသည်။

ပြည်တွင်း၌ (ယခင် -ကစလ ခေါ်) လယ်ယာသုံးစက်ပစ္စည်းစက်ရုံ (၃) ရုံ လည်ပတ်လျက်ရှိပြီး ပန်းတောင်းမြို့၌ အမှတ် (၁)၊ မလွန်မြို့၌ အမှတ် (၂)၊ သာဂရမြို့၌ အမှတ် (၄) တို့ဖြစ်သည်။ အင်းတကော်မြို့ရှိ စက်ရုံ အမှတ် (၃) ကို မြန်မာ့စီးပွားရေး ဦးပိုင်က လုပ်ငန်းအရပ်ရပ် သိမ်းယူပြီးဖြစ်သည်။

လှိုင်မြစ်အတွင်းရေထုညစ်ညမ်းနေတာကို ရန်ကုန်စည်ပင်မှ ပြောရေးဆိုခွင့်ရှိသူတဦးကမူ စစ်ဆေးခြင်းမလုပ်ပဲ မညစ်ညမ်းဟုပြော

လှိုင်မြစ်အတွင်း ရေညစ်ညမ်းနေမှုကိစ္စနှင့်ပတ်သက်၍ ရန်ကုန်စည်ပင်မှ ပြောရေးဆိုခွင့်ရှိသူတဦးကမူ မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။

၎င်းက “ကျနော်တို့ စည်ပင်အနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနဆိုတာ ရှိတယ်။ အဲဒီဌာနက ပတ်ဝန်းကျင်နဲ့ ပတ်သက်တာတွေကို ဦးစားပေးလုပ်တာပါ။ ရေထုညစ်ညမ်းနေတာကို စစ်ဆေးတွေ့ရှိတာမျိုး မရှိပါဘူး။ စစ်လည်း မစစ်ပါဘူး” ဟု ပြောသည်။

ရန်ကုန်စည်ပင်အနေဖြင့် ယင်းသို့ ငြင်းဆိုခြင်းမှာ ၎င်းတို့လုပ်ရမည့် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို မလုပ်သည့်အတွက် ဖြစ်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ပညာရှင်က ဝေဖန်သည်။

သို့သော် ယခုကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက်ပိုင်း စက်ရုံများတွင် ရေဆိုးသန့်စင်မှုများ ထားရှိစီမံပြီး ရေသန့်ကိုသာ မြစ်ချောင်းများထဲသို့ စနစ်တကျ စွန့်ပစ်ရန် ရန်ကုန်စည်ပင်က ညွှန်ကြားထားကြောင်း သိရသည်။

ရန်ကုန်စည်ပင်မှ ၀န်ထမ်းတဦးကမူ ၎င်းတို့စည်ပင်အနေဖြင့် လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေပေါက္ကံ အစရှိသည့် စက်မှုဇုန်များသို့ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ လာရောက်စစ်ဆေးမည်ဆိုသည်ကို ကြိုတင်အကြောင်းကြားထားသည့်အတွက် မည်သည့်စက်ရုံကမှ ရေဆိုးများ စွန့်ပစ်သည်ကို မတွေ့ခဲ့ရကြောင်း ပြောသည်။

လှိုင်မြစ်အတွင်း ရေညစ်ညမ်းမှု စစ်ဆေးတွေ့ရှိ

တက်လူ

ရန်ကုန်မြို့သို့ ဖြတ်သန်းစီးဆင်းနေသော လှိုင်မြစ်နှင့် ၎င်း၏မြစ်လက်တက်များတွင် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေကြောင်း ရေအရင်းအမြစ်ဌာနမှ အရာရှိတဦးက ပြောသည်။

ရေအရင်းမြစ်ဌာနနှင့် ရန်ကုန်စည်ပင်တို့ ပူးပေါင်းကာ ရေအရည်အသွေး တိုင်းတာမှုပြုလုပ်ရာတွင် ရေထုညစ်ညမ်းနေသည်ကို တွေ့ရကြောင်း အဆိုပါအရာရှိက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း လှိုင်မြစ်၊ ငမိုးရိပ်ချောင်း ချောင်းလက်တက်အချို့တို့တွင် ငါးများအစုအပြုံလိုက် သေကျေ ကြကြောင်း ရေလုပ်သားတဦး၏ အကြောင်းကြားချက်ကို အခြေခံ၍ စစ်ဆေးမှုပြုလုပ်ခြင်းဖြစ်သည်ဟု ယင်းအရာရှိက ဆက်လက်ပြောသည်။

၎င်းက “ကျနော်တို့ဆီကို အကြောင်းကြားလာတယ်။ အဲဒီရေလုပ်သားက ကိုယ်တိုင်ငါးရှာတာတော့ မဟုတ်ဘူး။ ရေထဲမှာ ငါးလိုက်ဝယ်တဲ့ အ၀ယ်ဒိုင်က တယောက်ပဲ။ ဒါကြောင့် ကျနော်တို့က ရေအရည်အသွေးကို စစ်ရတာဖြစ်တယ်” ဟု ပြောသည်။

ရန်ကုန်စက်မှုဇုန်များရှိ စက်မှုလုပ်ငန်းတို့မှ စွန့်ပစ်သော ရေဆိုးများကို စနစ်တကျ စွန့်ပစ်ခြင်းမပြုလုပ်ဘဲ မြစ်ထဲသို့ တိုက်ရိုက် စွန့်ပစ်သည့်အတွက် ရေထုညစ်ညမ်းရခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့မဖြစ်စေရန် ရန်ကုန်စည်ပင်အနေဖြင့် ကြိုတင်စီမံမှုများ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ပညာရှင်တဦးက သုံးသပ်သည်။

ကရင်နှစ်သစ်ကူး အခမ်းအနား ပြည်တွင်းပြည်ပတွင် စည်ကားစွာကျင်းပ


ဇာနည်မာန်
ရိုးရာ အထည်ဆိုင်များနှင့် ဈေးဆိုင်တန်းများ အလွန်ရှိ ၂၇၄၉ နှစ်ပြည့် ကရင်နှစ်သစ်ကူးနေ့ ဆိုသော မုခ်ဦးအ၀င် ဆိုင်းဘုတ်အောက်တွင် ကရင်အလံငယ် ရင်ထိုးလေးများကို တပ်ဆင်ပေးနေသည့် ကရင် အမျိုးသမီးငယ်လေးများ လက်မလည်နိုင်အောင် ဖြစ်နေကြသည်။

ရန်ကုန် အာလိန်ငါးဆင့် ဘုရားပရဝဏ်အတွင်း ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပစဉ်
အလံတင် အခမ်းနား ကျင်းပမည့် နေရာတွင်မူ ထိုင်စရာ မဆိုထားနှင့်၊ ခြေတချောင်း ချရပ်ရန်ပင် မလွယ်ကူနိုင် လောက်အောင် လူများ ပြည့်သိပ်နေသည်။ ကရင်အမျိုးသား သီချင်းကို သံပြိုင် သီဆိုရန် ကြေညာလိုက်ချိန်တွင်မူ တိုးဝှေ့နေသော လူအုပ်ကြီးမှာ ချက်ခြင်း ငြိမ်သက်သွားပြီး သီချင်းကို သံပြိုင် သီဆိုလိုက်သည်။

ရန်ကုန် အင်းစိန်မြို့နယ်ရှိ မဟာဆေးဝင်္ကဘာ၊ အာလိန်ငါးဆင့် ဘုရားပုရ၀ဏ်တွင် ကရင် နှစ်သစ်ကူး အခမ်းအနား ကျင်းပနေခြင်း ဖြစ်သည်။

နှစ်စဉ် ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျင်းပမြဲဖြစ်သော နှစ်သစ်ကူးပွဲတော်တွင် ရိုးရာ ယဉ်ကျေးမှု ပြခန်းများလည်း ခင်းကျင်းထားရာ ကရင်တိုင်းရင်းသားများ၏ သမိုင်း၊ ၀တ်စားဆင်ယင်မှုများ၊ ရိုးရာ တူရိယာများ၊ အသုံးအဆောင်များ၊ အနုပညာနှင့်စာပေ အားကစားတို့တွင် ထူးချွန်သူ များ၏ ပုံများကိုတွေ့ရသည်။

သို့သော် ပြခန်းများမှာ စိစစ်ရေး ကော်မတီမှ စိစစ်ခွင့်ပြုမှု ရယူထားရသည်ဖြစ်၍ တချို့ သော ကရင်တိုင်းရင်းသားများ၏ အကြောင်းများနှင့် ကရင်သမိုင်းကြောင်း များကိုမူ ကြည့်ရှုလေ့လာခွင့် မရကြပေ။

ယခင်က ကရင်တိုင်းရင်းသား လူမျိုးစုများ၏ အလေ့အထနှင့် သမိုင်းကြောင်းများကို ရေးသားထားသော စာအုပ်များကို ပြသ ရောင်းချခြင်းများ ရှိသော်လည်း ယခုနှစ်တွင်မူ အဆိုပါ စာအုပ်များတွင် လွတ်လပ်ရေး မရခင်ကာလ အကြောင်းအရာများ များလွန်းသည်ဟု ဆိုကာ စာပေစိစစ်ရေးက တချို့အချက်အလက်များကို ဖြတ်တောက်ခိုင်းသောကြောင့် ပွဲတော်အမီ စာအုပ်များ ထွက်ရှိရန် ခက်ခဲသည်ဟု ကရင် စာပေအသိုင်းအ၀န်းက ဆိုသည်။

ရိုးရာဝတ်စုံ ဆင်ယင်မှု ပြိုင်ပွဲများတွင်လည်း ယခင်က ဆင်ယင်လေ့ရှိသည့် ရိုးရာ ယဉ်ကျေးမှု ဝတ်စုံများကို ယခုနောက်ပိုင်း ဝတ်ဆင်ခြင်း မရှိတော့ ဟုလည်း ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်တဦးက ပြောသည်။

“အခုနောက်ပိုင်းက လူငယ်တွေက ရိုးရာအထည်တွေကို ဖက်ရှင်ထွင်ဝတ်လာကြတယ်။ အရင်ကလို ရှေးရိုးရာအထည်တွေကို ၀တ်ပြိုင်ဖို့ ဘယ်သူမှ စိတ်မ၀င်စားကြတော့ဘူး။ လူကြီးတွေကျတော့လည်း မလုပ်နိုင်ကြတော့ဘူး။ အဲဒီလိုပဲ ကရင်ရိုးရာ ထား ကဗျာတွေကို လူငယ်တွေ မရွတ်တတ်တော့ ပြိုင်ပွဲတွေ မလုပ်နိုင်တော့ဘူး၊ နောက်ပိုင်း တိမ်ကောသွားနိုင်တယ်” ဟု သူက ဆိုသည်။

ကရင်နှစ်သစ်ကူးနေ့ နီးကပ်လာတိုင်း ယခုနှစ်သည် ပွဲတော်ကျင်းပခွင့်ပြုမည့် နောက်ဆုံးနှစ်ဖြစ်ကြောင်းနှင့် နောင်လာမည့် နှစ်များတွင် ကျင်းပခွင့်ရလိမ့်မည်မဟုတ်ဆိုသော ကောလာဟလများလည်း နှစ်စဉ်ထွက်ပေါ်လာလေ့ရှိသည်။

ယခင်က ကရင်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်တမြို့လုံးတွင် ကရင် အများစု နေထိုင်ရာ အင်းစိန်မြို့နယ် အာလိန်ငါးဆင့် ဘုရားပုရ၀ုဏ် တနေရာတွင်သာ ကျင်းပလေ့ရှိသော်လည်း နောက်ပိုင်းတွင်မူ ပွဲတော်တက်ရောက်သူ ဦးရေ တိုးပွားလာ သောကြောင့် အလုံမြို့နယ်ရှိ ပိုးကရင် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းအတွင်း၊ မြောက်ဥက္ကလာပ၊ ကရင်လူမျိုး အများစုနေထိုင်ရာ ရပ်ကွက်များရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများတို့တွင် နေရာများခွဲ၍ ကျင်းပကြသည်။

“ကရင်နှစ်သစ်ကူး ဆိုတာက ဘာသာရေး ဘာညာရယ်မရှိဘူး၊ လူမျိုး တခုတည်းပဲလေ။ အဲ့ဒီတော့ ကိုယ်နီးစပ်ရာနေရာက အခမ်းအနားကို သွားလိုက်တာပါပဲ။ တချို့ကျတော့ ခရစ်ယာန် ဘုရားကျောင်းတွေမှာ လုပ်တာဆို ဗုဒ္ဓဘာသာဝင်တွေက မသွားလိုတာ ရှိတာပေါ့နော်။ ဒါပေမယ့် ဒါက ဘာသာနဲ့ မဆိုင်ဘူးပေါ့” ဟု အင်းစိန်မြို့နယ်နေ ကရင်အမျိုးသမီးတဦးက ပြောသည်။

ရန်ကုန်မြို့တွင် ကရင်နှစ်သစ်ကူး ပွဲတော် ကျင်းပသည့်နည်းတူ တခြားသော နေရာဒေသ အသီးသီးတွင် ရောက်ရှိနေသည့် ကရင်တိုင်းရင်းသားတိုင်း နှစ်သစ်ကူးပွဲ အခမ်းအနားကို ကျင်းပ ပြုလုပ်လျက်ရှိသည်။

“ဒီလိုအခမ်းအနားမျိုးဟာ ကရင်ရိုးရာတွေ မပျောက်ပျက်အောင် ကြီးကြီးကျယ်ကျယ်လုပ်တာပဲဖြစ်ဖြစ်၊ သိပ်မကြီးမကျယ် လုပ်တာပဲ ဖြစ်ဖြစ် တတ်နိုင်သလောက် နှစ်စဉ် လုပ်ရမယ်ဆိုတာ ကရင်လူမျိုးတွေ အတွက် သမိုင်းပေးတာဝန်ပါ” ဟု ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းမှ နှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေး ကော်မတီဝင် စောနေထူးက ဆိုသည်။

ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်များအဖြစ် ယေဘုယျ ကွဲပြားခဲ့သည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြသော ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (DKBA) တို့သည်လည်း ၎င်းတို့ နည်း၊ ၎င်းတို့ဟန်ဖြင့် ကရင်နှစ်သစ်ကူး အခမ်းအနားများ ကျင်းပကြသည်။ DKBA ၉၉၉ အထူးတပ်ရင်း ရွှေကုက္ကိုတွင် နှစ်သစ်ကူးပွဲတော် ကျင်းပရာ၌ လူပေါင်း ၁၅၀၀၀ ခန့် တက်ရောက်သည်ဟု သိရသည်။

ကရင်အမျိုးသားအရေး ကြိုးပမ်းရာတွင် ဖိနှိပ်ကျွန်ပြုမှု အပေါင်းမှ လွတ်မြောက်နိုင်ရန်၊ နိုင်ငံရေးအရ နိုးကြားပြီး ဘာသာ အယူဝါဒ မခွဲခြားရန်၊ တစိတ်တဝမ်းတည်း စည်းလုံးညီညွတ်ကြရန်၊ အမျိုးသားရန်သူ မသမာသူများ၏ လိမ်လည်မှုများကို မခံကြစေရန် အတွက် အထူးသတိရှိရန် လိုအပ်ကြောင်း ယခုနှစ်ကရင်နှစ်သစ်ကူး မိန့်ခွန်းအဖြစ် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး တာမလာဘောက ပြောကြားခဲ့သည်။

KNU နှင့် DKBA ခေါင်းဆောင်များက ယခုနှစ် နှစ်သစ်ကူးမတိုင်မီ အပစ်ခတ်ရပ်စဲရေး အတွက် လျှို့ဝှက် ဆွေးနွေးခဲ့ကြသည်ဟု ပြီးခဲ့သည် စက်တင်ဘာလက ပြည်ပ မီဒီယာတချို့တွင် ဖေါ်ပြခဲ့သည်။

ကရင်တိုင်းရင်းသားများသည် ဘီစီ ၇၃၉ တွင် မြန်နိုင်ငံတွင်းသို့ ပထမဦးဆုံးရောက်ရှိလာသော တိုင်းရင်းသား လူမျိုးစု ဖြစ်ပြီး ငြိမ်းချမ်းလွတ်လပ်စွာ နေထိုင်လိုသူများ ဖြစ်သည်။

ဤသတင်းအား ဧရာဝတီသတင်းထောက် ဝါးရှီးဖော ပါဝင်ရေးသားသည်။

နယူးဒေလီက ဆေးပေါင်းခတဲ့ည

ဇာနည်မာန်
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အရှေ့ဘက်ရှိ Purana Quilaနန်းမြို့ဟောင်း ရင်ပြင်တနေရာရှိ ရှေးဟောင်း အဆောက်အအုံများကြား တေးဂီတ ဖျော်ဖြေပွဲ ပြုလုပ်မည့် ကွင်းပြင်တွင် သောင်းချီသော ဂီတမြတ်နိုးသူများဖြင့် ပြည့်ကြပ်နေပြီး စတိတ်စင်ကို မြင်နိုင်ရန် ဆလိုက်ထိုးပြမည့် ပိတ်ကားချပ်များ၊ ရောင်စုံဆလိုက်မီးများဖြင့် စည်ကား လှပနေသည်။


အိန္ဒိယ ယဉ်ကျေးမှု ဆက်ဆံရေး ကောင်စီက ဦးစီးကျင်းပသည့် တတိယအကြိမ်မြောက် တောင်အာရှ ဂီတပွဲတော်တွင် မြန်မာနိုင်ငံမှ တေးသံရှင် ဇော်ဝင်းထွဋ် ဦးဆောင်သော အင်ပါယာတေးဂီတအဖွဲ့လည်း လာရောက် ဖျော်ဖြေမည်ဖြစ်သောကြောင့် မြန်မာတေးသံများကို လွမ်းဆွတ် တောင့်တနေသော အိန္ဒိယနိုင်ငံရောက် မြန်မာများပါ လာရောက်စုဝေး နေကြသည်။

နယူးဒေလီတွင် လက်စွမ်းပြနေသော အင်ပါယာတီးဝိုင်း
တေးသံရှင် ဇော်ဝင်းထွဋ်က “ဆေးပေါင်းခတဲ့ ည” သီချင်းကို သီဆိုလိုက်ချိန်တွင် သူ့ကိုချစ်သော မြန်မာလူငယ်ပရိသတ်တို့က သံပြိုင်အော်ဟစ် အားပေးကာ သီချင်းကို လိုက်ဆိုကြသည်။

ဇော်ဝင်းထွဋ်၏ တခြား ထင်ရှားသည့် သီချင်းများဖြစ်ကြသော ပဲ့ကိုင်ရှင်၊ အသည်းကွဲရေဒီယို၊ ဘာမှမရှိတော့ဘူး ဆိုသည့် သီချင်းများကို သီဆိုဖျော်ဖြေခဲ့ရာ မြန်မာပရိသတ် အပါအ၀င် အိန္ဒိယ ပရိသတ်များပါ နှစ်ခြိုက်အားပေးခဲ့သည်။

မြန်မာတေးသံရှင်များနှင့် ထိတွေ့ခွင့်မရသကဲ့သို့ မြန်မာစတိတ်ရှိုးများနှင့် ကင်းဝေးနေကြသည့် အိန္ဒိယရောက် မြန်မာ များ အဖို့ ဤဂီတပွဲမှာ ကြည်နူးချမ်းမြေ့စရာ ပွဲတခုဟု ဆိုရမည်ပင်။

“ဒါမျိုး မကြည့်ရတာကြာတော့ အရမ်းလည်းပျော်တယ်။ စိတ်ထဲမှာ မြန်မာပြည်ကို ပြန်ရောက်သွားသလိုပဲ။ မြန်မာပြည်မှာ စတိတ်ရှိုးကြည့်နေတဲ့ ပုံစံမျိုးပေါ့။ ခံစားမှုတွေကအများကြီးပဲ” ဟု တေးဂီတပွဲ သွားရောက်ခဲ့သည့် ကိုဆလိုင်းက ပြောသည်။

ဇော်ဝင်းထွဋ်က ဗုံငယ်လေးများကို တီးခတ်ဖျော်ဖြေချိန်တွင်တော့ ဗုံ တီးခတ် သီဆိုလေ့ရှိသည့် အိန္ဒိယ ပရိသတ်က ဆူညံစွာ အော်ဟစ် အားပေးသည်။

“သူဆိုသွားတဲ့သီချင်းသံကို နားမလည်ပေမယ့် သီချင်းသံတွေက နားထောင်လို့ ကောင်းတယ်။ ကျနော်တို့ အားလုံးက သူတို့ကို အဆင့်မြင့်တဲ့ အဖွဲ့တဖွဲ့လို့ လက်ခံကြပါတယ်” ဟု အိန္ဒိယ နိုင်ငံသားတဦးက ပြောသည်။

ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပသော ပွဲတော်တွင် ၀င်ကြေးကို အခမဲ့ သတ်မှတ်ပေးထားပြီး အိန္ဒိယ နိုင်ငံမှ နာမည်ကြီး Shankar-Ehsaan-Loy ရော့ခ်တီးဝိုင်း အပါအ၀င် ရိုးရာအတီးအမှုတ်များ၊ ပါကစ္စတန်နိုင်ငံမှ Zinda အဖွဲ့၊ ဘင်္ဂလားဒေ့ရှ်မှ Nagarbul & James အဖွဲ့၊ မော်လ်ဒိုက်မှ Fa'Thu and The Early Birds အဖွဲ့နှင့် နီပေါနိုင်ငံ၊ ဘူတန်နိုင်ငံ တို့မှ တီးဝိုင်းအဖွဲ့များ ပါဝင်ဖျော်ဖြေခဲ့သည်။

ယခင်နှစ်များက ကျင်းပသည့် တောင်အာရှ တေးဂီတပွဲတော်တွင် မြန်မာနိုင်ငံကို ဖိတ်ကြားခြင်းမရှိခဲ့ပေ။

တေးသံရှင် ဇော်ဝင်းထွဋ်က “ကျနော်တို့ကို မြန်မာပြည်က ရော့ခ် Band တွေကို ကိုယ်စားပြုပြီး ခေါ်တယ်ဆိုတော့ သီချင်းတွေက ကိုယ်ပိုင်သံစဉ်တွေ ဖြစ်အောင် စဉ်းစားတယ်။ ကျန်တာမစဉ်းစားဘူး။ ဒီလိုပွဲမျိုး ကျနော်ရန်ကုန်မှာ တအားလုပ်ချင်တယ်။
နယူးဒေလီရောက် မြန်မာပြည်သားများနှင့်အတူ တွေ့ရသော ဇော်ဝင်းထွဋ်
ဘူတန်က ဝိုင်းတို့၊ နီပေါကဝိုင်းတို့ တအားကောင်းတာပဲ။ သူတို့ကို ဆက်သွယ်ပြီး ရန်ကုန်မှာ တပွဲလုပ်မယ် ရအောင်လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ အဲဒါကြောင့်လည်း ဒီပွဲမှာပါဖို့ လက်ခံလိုက်တာ” ဟု ပြောသည်။

ဇော်ဝင်းထွဋ်က မြန်မာပရိသတ်များကို တွေ့လိုက်ရချိန်တွင် အလွန်ဝမ်းသာမိကြောင်း၊ မြန်မာများ ရှိနေသည်ကို သိသော်လည်း သွားရ လာရခက်ခဲသောကြောင့် လာမည် မထင်ကြောင်း ပြောသည်။

“သူတို့အသံကြားတော့ တော်တော်လေးလည်း စိတ်ထိခိုက်သွားတာ။ ဒီလောက်လေးပဲ ဆိုပေးရတာ အားမရဘူး။ ကျနော်တို့က အခြေအနေမပေးသေးလို့ဝေးနေရတာပေါ့နော် တချိန်ကြရင် အကုန်လုံး တပျော်တပါးကြီး ပြန်ဆုံမယ်ဆိုတာ ကျနော် အနံ့ရ နေပါတယ်” ဟု ဇော်ဝင်းထွဋ်က ဆိုသည်။

အင်ပါယာ ၀ိုင်းတော်သားများအနေဖြင့် ယခုကဲ့သို့ နိုင်ငံတကာပွဲများသို့ တက်လှမ်းခွင့်ရသည်ကိုလည်း ပျော်ရွှင် ဂုဏ်ယူသည်ဟု ပြောသည်။

အင်ပါယာမှ ဒရမ်မာ ကိုရဲလင်းက “အင်ပါယာမှာ ပါဝင်တီးခတ်ခဲ့တာ ၁၃ နှစ်ရှိပြီ။ ဒီလိုမျိုးမရောက်ဖူးဘူး။ တီးဝိုင်း မျိုးစုံနဲ့ တီးခတ်ရတာပျော်တယ်။ မြန်မာတွေဒီလောက်များမယ်လည်း မထင်ဘူး။ နိုင်ငံကိုယ်စားပြုလာရတော့ ပိုဂုဏ်ယူမိပါတယ်” ဟု ဆိုသည်။

ဘေ့စ်ဂစ်တာ သမား ကိုမြတ်မိုးကလည်း “မြန်မာပရိသတ်နည်းပေမယ့် ကျနော်တို့ ဖန်တီးတဲ့ဂီတကို ဒီမှာရှိတဲ့ လူတွေအကုန်လုံး ခံစားနိုင်မှာပါ။ အခုလို လာရတဲ့အတွက် ဂုဏ်ယူပါတယ်” ဟု ပြောသည်။

သက်တမ်း ၂၅ နှစ်ကျော်ကြာရှိပြီဖြစ်သော အင်ပါယာတေးဂီတအဖွဲ့သည် နယူးဒေလီမှ တေးဂီတပွဲ အပြီးတွင် အိန္ဒိယအရှေ့မြောက်ပြည်နယ်ရှိ ရှီလောင်းမြို့တွင်လည်း ဖျော်ဖြေမှုများ သွားရောက်ပြုလုပ်ဦးမည်ဟု သိရသည်။

ဂီတ၀ါသနာရှင် မြန်မာ တဦးက “ကျနော်တို့မြန်မာတွေအတွက်ကတော့ မြန်မာပြည်က ဘယ် တီးဝိုင်းပဲလာလာ အမြဲကြိုဆိုပါတယ်ဗျာ။ ကိုယ့်ရဲ့ဆွေမျိုး အရင်းအခြာတွေ ကိုယ့်ကိုလာတွေ့သလိုပဲပေါ့၊ အရမ်းဝမ်းသာတယ်” ဟု ဆိုသည်။

နှစ်ပေါင်း ရာချီကြာမြင့်ပြီဖြစ်သော ရှေးလက်ရာ အဆောက်အအုံဟောင်းများကြားရှိ ရောင်စုံ မီးရောင်များအောက်တွင် ရော့ခ်တေးသွားများ၊ ရိုးရာ တူရိယာတေးသီချင်းများ၊ ဇော်ဝင်းထွဋ်၏ တေးသံများနှင့် အတူ စီးမျောကခုန် သီဆိုနေကြသည့် မြန်မာတို့မှာ သူတို့ ခံစားနေရသည့် စိတ်ဆင်းရဲမှုများ၊ မွမ်းကြပ်ခြင်းများကို ခေတ္တ မေ့ပျောက်နေသည်ဟု ထင်ရသည်။

အီရန်၊ မြန်မာတို့အပေါ် ပိတ်ဆို့မှုကို ချိုးဖောက်လို့ ဆွစ်ဘဏ် ဒဏ်တပ်ခံရ

ကိုသိန်းထိုက်ဦး
အီရန်နဲ့ မြန်မာနိုင်ငံ အပါအ၀င် အမေရိကန် ပြည်ထောင်စုက အရေးယူ ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ နိုင်ငံတွေကို တရားမ၀င် ငွေလွှဲခဲ့တယ်ဆိုပြီး ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ခရက်ဒစ် ဆူဆီ ဘဏ်ကြီးကို အမေရိကန် ပြည်ထောင်စု ဗဟိုအစိုးရ တရားရုံးက ဒဏ်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ချမှတ်လိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ခရက်ဒစ် ဆူဆီ (Credit Suisse) ဘဏ်ကြီးက နိုင်ငံတကာ အတိုင်းအတာနဲ့ ငွေကြေး စီမံခန့်ခွဲမှု လုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ဘဏ်ကြီး ဖြစ်ပါတယ်။ ဒီဘဏ်ကြီးက အမေရိကန် ပြည်ထောင်စုက အရေးယူ ပိတ်ဆို့ထားတဲ့ နိုင်ငံတွေမှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေကို ငွေသွင်း ငွေထုတ်လုပ်ငန်းတွေကို ဆယ်စုနှစ်နဲ့ချီပြီး လုပ်ကိုင်ပေးခဲ့တယ်ဆိုပြီး ဗဟိုတရားရုံးက မှတ်တမ်းတင်ထားပါတယ်။

ဒါကြောင့်လည်း ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၅၃၆ သန်း ပေးရမယ်လို့ ခရက်ဒစ် ဆူဆီ ဘဏ်ကြီးကို အမေရိကန် ဗဟိုအစိုးရ တရားရုံးက ဒဏ်ငွေ တပ်လိုက်တာပါ။ အဓိက ငွေအလွှဲအပြောင်း လုပ်ခဲ့တဲ့ ဘဏ်တွေက အီရန်နိုင်ငံက ဘဏ်တွေလို့ ဖော်ပြပေမဲ့ မြန်မာ၊ ဆူဒန်၊ ကျူးဘား စတဲ့နိုင်ငံတွေကိုလည်း ငွေလွှဲပြောင်းတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပြီး စုစုပေါင်း လွှဲပြောင်းခဲ့တဲ့ ငွေပမာဏက ဆယ်စုနှစ်တွေအတွင်း အမေရိကန်ဒေါ်လာ သန်း ၁,၆၀၀ ကျော် ရှိနိုင်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ဒီလို အမေရိကန် ပြည်ထောင်စုက အရေးယူ ပိတ်ဆို့ထားတဲ့ နိုင်ငံတွေက ဘဏ်တွေနဲ့ ငွေလွှဲပြောင်းတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ခဲ့အတွက် အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး ပိတ်ဆို့မှုဆိုင်ရာ စည်းမျဉ်းတွေကို သိသိနဲ့ တမင် ချိုးဖောက်တဲ့အကြောင်း တရားရုံးက မှတ်တမ်းတင်ပါတယ်။ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အတွင်း ခရက်ဒစ် ဆူဆီ ဘဏ်ကနေ အီရန်ဘဏ်တွေကို အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ကနေ ၂၀၀,၀၀၀ အထိ ငွေလွှဲခဲ့တယ်လို့ တရားရုံးမှတ်တမ်းတွေက ဖော်ပြပါတယ်။

မြန်မာနိုင်ငံနဲ့ လစ်ဗျားနိုင်ငံတွေကို ပို့ပေးခဲ့တဲ့ လွှဲပြောင်းခဲ့တဲ့ ပမာဏကတော့ ပမာဏအားဖြင့် မများဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဘယ်လောက် ငွေပမာဏ လွှဲတယ်၊ ဘယ်လုပ်ငန်းတွေ၊ ဘယ်ဘဏ်တွေကို ငွေလွှဲခဲ့တယ် ဆိုတာတွေကိုတော့ တိတိကျကျ မသိရပါဘူး။

အမေရိကန် ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ တိုင်းပြည်တွေကို ငွေလွှဲပြောင်းတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့အတွက် အရေးယူ ပိတ်ဆို့မှု ဥပဒေကို ချိုးဖောက်တယ်ဆိုပြီး ဆွစ်ဇာလန် အခြေစိုက် ခရက်ဒစ် ဆူဆီဘဏ် အပါအ၀င် ဘဏ်စုစုပေါင်း ၁၀ ခုကို အမေရိကန် ပြည်ထောင်စုက လနဲ့ချီပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။

အလားတူ စည်းမျဉ်းတွေကို ချိုးဖောက်တယ်ဆိုပြီး ဒီနှစ် ဇန်န၀ါရီလ အတွင်းက ဗြိတိန်နိုင်ငံ အခြေစိုက် လွိုက်စ် တီအက်စ်ဘီ (Lloyds TSB) ဘဏ်ကို ဒေါ်လာသန်း ၃၅၀ ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။ အခု နှစ်ကုန်ပိုင်းမှာ ဆွစ်ဇာလန် အခြေစိုက် ခရက်ဒစ် ဆူဆီ ဘဏ်ကြီးကို ထပ်ပြီး ဒဏ်ငွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

နာမည်ကျော် အီကြာကွေး ကွယ်လွန်


စာရေးဆရာ အီကြာကွေး ကွယ်လွန်
အေးလဲ့
နာမည်ကျော် ကဗျာ၊ သရော်စာနှင့် ဟာသ စာရေးဆရာ အီကြာကွေးသည် ယမန်နေ့ ညနေ ၆ နာရီခန့်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန် ခဲ့ကြောင်း သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ် ဖြစ်သည်။

စာရေးဆရာ အီကြာကွေး
ဆရာ အီကြာကွေး၏ လူနေမှု ဘဝတစိတ်တပိုင်းကို စာရေးဆရာ မင်းလူက “ သူက လောဘမရှိဘူး၊ မာန်မာန မရှိဘူး၊ လူငယ် တွေနဲ့ ရောရော၊ နှောနှော ပေါင်းသင်းလို့ရတယ်၊ ဘဝကို ပျော်ပျော်ပါးပါး၊ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားချင် တယ်၊ သိပ်လေးနက်တဲ့ အကြောင်းအရာတွေကို သူမလုပ်ချင်ဘူး” ဟု ပြောသည်။

“ဆရာကွေးရဲ့ သရော်စာတွေမှာ အငြိုးအတေးနဲ့ ပုဂ္ဂိုလ်ရေး ထိခိုက်တာမျိုးမပါဘူး၊ သူ့ရဲ့ သရော်စာတွေက ရိုးသားတယ်၊ ထူးခြားတဲ့ အချက်က တကယ်လေးနက်ပါတယ်ဆိုတဲ့ နိုင်ငံရေး အကြောင်းအရာ၊ တခြား တွေးခေါ်ပိုင်းဆိုင်ရာတွေ အားလုံးကို သူအကုန်သိတယ်၊ ဒါပေမယ့် သူကိုယ့်သူ ပညာတတ်ကြီးလို မနေခဲ့ဘူး”ဟု ၎င်းက ဆိုသည်။

ဆရာမင်းလူက ဆက်လက်ပြီး “ ဆရာကွေးကိုပြောရင် အများကြီးဗျ၊ သင်္ကြန်ခေတ်ကောင်းခဲ့တဲ့ တလျောက်လုံးမှာ သင်္ကြန်သံချပ် တော်တော် များများ ရေးခဲ့တယ်၊ သင်္ကြန်လှည့်ကားမှာလည်း သူက လိုက်တယ်၊ သင်္ကြန်ပိုးလည်းရှိတယ်”ဟု ပြောသည်။

ဆရာ အီကြာကွေးကို ၁၉၃၈ ခုနှစ် မတ်လ ၄ ရက်၊ တနင်္လာနေ့တွင် ဓနုဖြူမြို့ မင်းပိုင်ရပ်၌ အဘ ဦးမောင်နှစ်နှင့် အမိဒေါ်ညွှန့်မေ တို့က ဖွေးဖွားခဲ့သော တဦးတည်းသောသားဖြစ်သည်။ အမည်ရင်းမှာ ဦးကျော်ထွန်းဖြစ်ပြီး မူလ ကဗျာ ကလောင် အမည်မှာ ဓနုဖြူ ကျော်ထွန်းဖြစ်သည်။

၎င်းသည် သရော်စာ၊ ဟာသ ရေးရာမှ ဟာသ စာရေးဆရာ အီကြာကွေးအဖြစ် လူသိများလာသည်။ သက်တမ်းတလျှောက် စာရေးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ သူသည် စာရေးဆရာကြယ်နီ၏ တပည့်တဦးဖြစ်ကြောင်းသိရသည်။

ဓနုဖြူကျော်ထွန်း အမည်ဖြင့် ကဗျာပုဒ်ရေ ၁၂၀၀ ကျော်၊ မဂ္ဂဇင်း ဝထ္ထုတို ၈၀ ကျော်၊ မဂ္ဂဇင်းဝထ္ထုရှည် ၃ ပုဒ်နှင့် “ပီမိုနင်း၏ ဝထ္ထုတို အတတ်ပညာ” စာပေဆိုင်ရာ ကျမ်းတစောင်ကိုလည်း ရေးသားခဲ့သူဖြစ်ကြောင်း ၂၀ ရာစု မြန်မာစာရေး ဆရာများနှင့် စာစုစာရင်း စာအုပ်တွင် ဖော်ပြထားသည်။

ဆရာ အီကြာကွေး၏ စာဖတ်ပရိသတ်တဦးဖြစ်သူ လူငယ် ကဗျာဆရာ ဏီအဲဝိုင် က “ဆရာကြီးရဲ့ “တိုက်ပွဲပျော်” ဆိုတဲ့ ကဗျာဟာ ကျနော်တို့ လူငယ်တွေ အတွက် အများကြီး စိတ်ဓာတ်ခွန်အား ဖြစ်စေပါတယ်” ဟု ပြောပြသည်။

“အနှစ်တထောင် အီကြာကွေးလို့ သူ့ကိုယ့်သူ ဆိုခဲ့ပေမယ့်လည်း အခုလို နှစ်တရာမပြည့်ခင်မှာ ဆုံးပါးသွားတဲ့ အတွက် နှမြောမိ ပါတယ်၊ ဆရာကြီးရဲ့ ကဗျာတွေ၊ ဟာသ ဉာဏ်ရွှင်တဲ့ အရေးအသားတွေ ရှေ့ဆက် မတွေ့ရတော့ဘူးဆိုတော့ စာပေ လောက အတွက်လည်း ဆုံးရှုံးမှုကြီးဖြစ်ပါတယ်”ဟုလည်း ဏီအဲဝိုင် က ပြောသည်။

ဆရာအီကြာကွေးသည် လမ်းညွှန်နည်းပြ သင့်ဘဝ မဂ္ဂဇင်းတွင် ကဗျာအယ်ဒီတာအဖြစ် နှစ်ပေါင်းသုံးဆယ်ကျော်ဆောင်ရွက်ခဲ့ပြီး လူငယ်ကဗျာရှင် ပေါင်းများစွာကို စင်တင်ပေးခဲ့သည်။ သောကြာစာစောင်၏ အယ်ဒီတာချုပ် အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

ဓနုဖြူ အစိုးရအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ ထုတ် ဟံသာဝတီသတင်းစာ မဂ္ဂဇင်းတွင် “ချစ်တိုင်းပြည်” ကဗျာဖြင့် စာပေလောကထဲသို့ ဝင်ရောက်လာခဲ့သည်။

၁၉၅၅ ခုနှစ်တွင် ဓနုဖြူစာပေ ဝါသနာရှင်များအသင်းကို ဖွဲ့စည်းကာ စာပေတာဝန်မှူး တာဝန်ယူခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် ၎င်းစာပေ အသင်းကို တိုးချဲ့ကာ ဥက္ကဋ္ဌ တာဝန်အဖြစ်ဆောင်ရွက်ခဲ့သည်။ အသင်းစာကြည့်တိုက်နှင့် စာဆိုတော်နေ့ စာပေဟောပြောပွဲများကို ဓနုဖြူတွင် ၁၉၆၃ ခုနှစ်အထိ ပြုလုပ်ခဲ့ကြောင်းသိရသည်။

၁၉၅၇ ခုနှစ်တွင် အီကြာကွေးအမည်ဖြင့် သရော်စာ၊ဟာသ များရေးသားခဲ့ပြီးသည့်နောက်ပိုင်း ဟာသ စာရေးဆရာ အီကြာကွေး အဖြင့် နိုင်ငံကျော်ခဲ့သည်။ သူ၏ လုံးချင်း ၂၇ အုပ်ရေးသား၊ ထုတ်ဝေခဲ့ပြီး ဟာသမဟုတ်သော “မျက်စိအောက်က ဇရာ” နှင့် “ငုတ်တုတ်ထင်ရှားရေးဖော်များ” စသည့် စာအုပ်များမှာ ထင်ရှားသည်။ အီကြာကွေး အမည်ဖြင့် ရေးခဲ့သော“နောင်တခါ မေးရင် ဖြေလိုက်မယ်” ဝတ္ထုတိုကို ရုရှဘာသာသို့ ပြန်ဆိုခြင်း ခံခဲ့ရသည်။

ရွှေမန်းသဘင်တွင် ရှေ့ပိုင်းပြဇာတ် ဒါရိုက်တာအဖြစ် “ ပုတီး တစ်လုံး ဂျောက်ခနဲ”၊ “မျက်လုံးများပင်မြင်ပါပြီ”နှင့်“အဆိပ်တောမှ ပြန်ခဲ့ပါ” အမည်ရှိ ရှေ့ပိုင်းပြဇာတ်များကိုလည်းရေးသားခဲ့သည်။

လက်ရှိ ဆရာ အီကြာကွေး၏ နာရေးနှင့်ပတ်သက်ပြီး နာရေးကူညီမှုအသင်း က တာဝန်ယူထားသည်။သူ၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို လာမည့် ဒီဇင်ဘာ ၁၇ ရက်နေ့ ကြာသပတေးနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်ဆေးရုံးကြီး ရေခဲတိုက်မှ တဆင့် ရေဝေး သုသာန်သို့ သယ်ဆောင်ကာ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်းမှ ဦးကျော်သူက ပြောသည်။

ဆရာ အီကြာကွေး မကွယ်လွန်မီက ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၊ ၁၂ ရပ်ကွက်၊ မင်္ဂလာလမ်းရှိ သူ၏နေအိမ်တွင် ဆွေမျိုးမရှိ၊ တပြည့် တချို့နှင့် နေထိုင်ခဲ့သည်။ ယင်းနေအိမ်ကို မကွယ်လွန်မီကတည်းက လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းသိရသည်။ကွယ်လွန်ချိန်အထိ လူပျိုဘဝဖြင့် နေထိုင်ခဲ့သည်။

နန်းဒေဝီ
လူမှုရေး သရော်ဟာသစာ ရေးသားခြင်းဖြင့် နာမည်ကျော်ကြားသည့် စာရေးဆရာ အီကြာကွေးသည် ရန်ကုန်မြို့ အထွေထွေ ပြည်သူ့ဆေးရုံကြီး၌ လူကြီးရောဂါဖြင့် ယမန်နေ့ ညနေ ၆ နာရီတွင် ကွယ်လွန်သွားသည်။

လုံးချင်းဝတ္တုပေါင်း ၂၀ ခန့်နှင့် ကဗျာ၊ ဝတ္ထုတို၊ သရော်ဟာသ စာပေများကို ကိုယ်ပိုင်ဟန်များဖြင့် ရေးသား တင်ဆက်ခဲ့သူ စာရေးဆရာ အီကြာကွေး ခေါ် (ဓနုဖြူ) ကျော်ထွန်းသည် အသက် ၇၁ နှစ်အရွယ်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။

“အဓိက သရော်စာပေတွေမှာ ဆရာကြီးတို့က ထိပ်ဆုံးမှာ ရှိတယ်။ ဆရာ့ရဲ့ သရော်စာတွေကို ကျနော်တို့ ငယ်ငယ်ကတည်းက စွဲလမ်းတယ်။ ဆရာဆုံးသွားတော့ တကယ့် ပင်တိုင် ဟာသစာရေးဆရာတယောက် လျော့သွားတာပေါ့ ခင်ဗျာ” ဟု ကာတွန်းဆရာ အော်ပီကျယ်က ပြောသည်။

“သူက လူတိုင်းနဲ့ ခင်တယ်။ သူ့ဘဝတလျှောက်လုံးက စာပေလုပ်ငန်းတခုထဲနဲ့ပဲ ရပ်တည်ခဲ့တယ်” ဟု သူက ဆက်ပြောသည်။

ဆရာကြီး အီကြာကွေး၏ အမှတ်တရ သရော်ဟာသ တခုဖြစ်သည့် ‘တိုင်ထောင်ထားတဲ့ မာစတာ’ သည်လည်း ဖတ်မိသူများအတွက် ရင်ထဲ စွဲမှတ်သွားစေကြောင်း လုပ်ဖော်ကိုင်ဖက်ဖြစ်သူ စာပေစာနယ်ဇင်းလောကရှိ စာရေးဆရာ တဦးက ယခုလို မှတ်ချက်ပေးသည်။

“ဆရာ့အရေးအသားက သိပ်ပြောင်မြောက်တယ်။ ၈၃ ခုနှစ်လောက်ကပေါ့။ အဲဒီတုန်းက တိုရိုတာ ဖောင်ဒေးရှင်းတခုက စာရေးဆရာတွေရဲ့ စာပေတွေကို စုဆောင်းပြီး ပြိုင်ပွဲတခု လုပ်ပေးတယ်။ ဆုရတဲ့သူတွေကို TV တလုံး လက်ဆောင်ပေးမယ် ပြောပေမယ့် တကယ်တမ်းတော့ မပေးဘူး။ အဲဒါကို ဆရာက သရော်ထားတာ” ဟု သူက ပြောသည်။

တောင်ဥက္ကလာပမြို့နယ် မင်္ဂလာလမ်းရှိ နေအိမ်ကို မကွယ်လွန်မီကပင် သာသနာရေးဝန်ကြီးဌာနသို့ လှူတန်းခဲ့သော ဆရာကြီးသည် ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ပေါ်ပြူလာ ဂျာနယ်အတွက် စာပေများ ရေးသားခဲ့သေးသည်။

ထင်ရှားသည့် စာပေ လက်ရာများမှာ (ဓနုဖြူ) ကျော်ထွန်း အမည်ဖြင့် ကဗျာပေါင်း ၁၂၀၀၊ ဝတ္တုတို ၈၀ ကျော်နှင့် ပီမိုးနင်း၏ ဝတ္တုတို အတတ်ပညာ အမည်ရှိ စာပေကျမ်း တကျမ်း ပြုစုခဲ့သည်။

ဧရာဝတီတိုင်း ဓနုဖြူဇာတိဖြစ်သူ ဆရာကြီး အီကြာကွေးသည် ဖခင် ဦးမောင်နှစ်၊ မိခင် ဒေါ်ညွန့်မေတို့၏ တဦးတည်းသော သားဖြစ်ပြီး ကွယ်လွန်ချိန်အထိ လူပျိုလူလွတ်ဘဝဖြင့် နေထိုင်ခဲ့သည်။

ကြွင်းကျန်သည့် ရုပ်ကလာပ်ကို မနက်ဖြန် နေ့လည် ၂ နာရီတွင် ရန်ကုန်မြို့ ရေဝေးသုသာန်သို့ ပို့ဆောင်ကာ သင်္ဂြိုဟ်မည်ဟု သိရသည်။

Tuesday, December 15, 2009

ကိုကိုးကျွန်းသို့ ဒုတိယခရီးစဉ် ထပ်မံပြေးဆွဲမည်

တက်လူ
အများပြည်သူတို့အား သွားလာခွင့် ပိတ်ပင်ထားသည့် ကိုကိုးကျွန်းကို ဒုတိယအကြိမ်အဖြစ် လေ့လာရေးခရီးစဉ် သွားရောက်နိုင်ရန် စစ်အစိုးရက ထပ်မံခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ ဖြိုးရေးကောင်စီ (တယက) က ပြောကြားသည်။

အဆိုပါခရီးစဉ်ကို ယခုလ (၂၄) ရက်တွင် မြန်မာ့ကြယ်ငါးပွင့်လုပ်ငန်းမှ သံလွင်သင်္ဘောဖြင့် သွားရောက်မည်ဖြစ်ကြောင်း တယကမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

သွားရောက်မည့်ကာလမှာ (၃) ညအိပ် (၄) ရက် ခရီးဖြစ်ပြီး သင်္ဘောတွင် (၂) ယောက် အိပ်ခန်း တခန်းလျှင် ကျပ် (၅) သောင်း၊ (၄) ယောက်အိပ်ခန်း တခန်းလျှင် ကျပ် (၄) သောင်းနှင့် ရိုးရိုးတန်းကို ကျပ် (၃) သောင်းခွဲ သတ်မှတ်ရောင်းချမည်ဟု ၎င်းက ပြောသည်။

အဆိုပါ သံလွင်သင်္ဘောဖြင့်ပင် ပြီးခဲ့သည့်နိုဝင်ဘာ (၂၀) ရက်တွင် ပထမအကြိမ်အဖြစ် ကိုကိုးကျွန်းသို့ ခရီးသည် (၄၀၀) ကျော် သွားရောက်ခဲ့ပြီးဖြစ်သည်။

ခရီးသည်အများစုမှာ အစိုးရဝန်ထမ်းများဖြစ်ကြပြီး အနုပညာသည်များ ပါဝင်ကြကာ နိုင်ငံပိုင် မီဒီယာများကို အသွားအပြန် ခရီးစရိတ်ငြိမ်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ကိုကိုးကျွန်းခရီးစဉ်ကို သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတခုအနေဖြင့်ပထမခရီးစဉ် ကို ရန်ကုန်တိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်က စီမံခဲ့ခြင်းဖြစ်ကြောင်း တယကမှ တာဝန်ရှိသူက ပြောသည်။

၁၉၅၉ ခုနှစ် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း၏ အိမ်စောင့်အစိုးရလက်ထက်က ကိုကိုးကျွန်းကြီးကို တကျွန်းအဖြစ် ထူထောင်၍ နိုင်ငံရေးအကျဉ်းသားများကို ပို့ဆောင်ထားရှိခဲ့ပြီး နောက် ၁၉၇၁ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသားများ အစာငတ်ခံ ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့ရာ ရန်ကုန် အင်းစိန်ထောင်သို့ ရွှေ့ပြောင်းထားရှိပြီး ယင်းတကျွန်းထောင်ကို ပိတ်လိုက်ကြောင်း၊ ယင်းနောက် ကိုကိုးကျွန်းကို ရေတပ်၏ ကွပ်ကဲမှုအောက်တွင်ထားရှိကာ ကျွန်းပေါ်သို့ အများပြည်သူသွားလာခွင့်ကို ကန့်သတ်ထားခဲ့ခြင်းဖြစ်ကြောင်း အငြိမ်းစားဗိုလ်မှူးဟောင်းတဦးက ပြောသည်။

ကိုကိုးကျွန်းသည် ရန်ကုန်မြို့အနောက်တောင်ဘက်မိုင် (၂၆ဝ) အကွာ ဘင်္ဂလားပင်လယ်အော်အတွင်း တည်ရှိပြီး ကိုကိုးကြီးကျွန်း၊ မင်္ဂလာကျွန်း၊ ကိုကိုးလေးကျွန်း၊ ဂျယ်ရီကျွန်း၊ စားပွဲကျွန်း၊ ရတ်ကျွန်းတို့အပါအဝင် ကျွန်းပေါင်း (၁၂) ကျွန်းဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ယခုအခါ ကိုကိုးကျွန်းတွင် လူဦးရေ (၁၀၀၀) ကျော် ရှိပြီး အိမ်ခြေ (၂၀၀) ကျော်ရှိကာ အများစုက အစိုးရ ဝန်ထမ်များဖြစ်ကြောင်း ကိုကိုးကျွန်း ခရီးစဉ်ကို လိုက်ပါဖူးသူတဦးက ပြောသည်။

ဘိန်းစိုက်ရခြင်းအကြောင်းအရင်း


ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် အဟန့်အတားဖြစ်လာကနေ တောင်သူများက ၎င်းတို့ဘ၀ ရပ်တည်နိုင်ရေး အတွက် ဘိန်းစိုက်ရခြင်းအကြောင်းအရင်းက ဘာလို့လည်းဆိုတော့ စီးပွားရေးကျပ်တည်းလာနေတဲ့ အခုအချိန်မျိုးမှာ ဘိန်းအစားထိုးသီးနှံတွေရဲ့ ဈေးကျဆင်းနေတော့ နောက်ဆုံးထွက်ပေါက်အနေနဲ့ ဘိန်းကိုပဲ ပြန်စိုက်လာကြသည်။

ဘိန်းအစားထိုးသီးနှံများ ဈေးနှုန်း ကျဆင်းနေချိန်တွင် ဘိန်း (၁) ကီလိုဂရမ်လျှင် အမေရိကန် ဒေါ်လာ (၁,၃၂၇) မြန်မာငွေဆို ၁၃ သိန်းကျော် အထိ ရှိနေသဖြင့် ဘာသီးနှံကိုစိုက်စိုက် အဲဒီဈေးကိုမှီတဲ့ သီးနှံမရှိသေး..တောင်သူတို့အား ပြန်လည်၍ ဘိန်းစိုက်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်နေကြောင်း ယမန်နေ့က ထုတ်ပြန်လိုက်သည့် ကုလသမဂ္ဂ၏ “အရှေ့တောင် အာရှအတွင်း ဘိန်းစိုက်ပျိုးမှုများ” အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုနှစ်အတွင်း ဘိန်းထုတ်လုပ်မှု (၁၁) ရာခိုင်နှုန်း တိုးပွားလာသည့် မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု ဟက်တာပေါင်း (၃၁,၇၀၀) အထိရှိကြောင်း ထိုအစီရင်ခံစာက ဆိုသည်။

ကုလသမဂ္ဂအဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် အာဖဂန်နစ္စတန်သည် ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်ပြီး ဒုတိယအများဆုံးမှာ မြန်မာနိုင်ငံ ဖြစ်သည်။

ဒီဇယ်ပီပါများ ဆိပ်ကမ်းဝင်မည့်သတင်းကြောင့် ဒီဇယ်ဈေး ထိုးကျ

စိုးမိုး

ဒီဇယ်ပီပါ (၃၀,၀၀၀) ယခုလ (၂၃) ရက်နေ့ ရန်ကုန်ဆိပ်ကမ်း ဆိုက်ရောက်မည့် သတင်းကြောင့် ဈေးကွက်အတွင်း ဒီဇယ်ဈေး ထိုးကျသွားသည်။

ပို့ကုန်ဝင်ငွေရှိသူအားလုံးကို ဒီဇယ်တင်သွင်းခွင့် ပြုလိုက်ပြီးနောက် ဒီဇယ်ဈေးကွက်အတွင်း ဈေးနှုန်း အတက်အကျ မြန်ဆန်စွာ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

“အရင်တပတ် ဒီဇယ်တစည်ကို (၂၈၅,၀၀၀) ကျပ်ကနေ အခု ပေါက်ဈေးက (၁၃၈,၀၀၀) ကျပ်အထိ ကျသွားတယ်” ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ လုပ်ငန်းရှင်တဦးက ပြောသည်။

လက်ရှိ အစိုးရ ဆီထုတ်ဈေးမှာ တစည်လျှင် (၁၅၀,၀၀၀) ကျပ်ရှိနေသဖြင့် ပြင်ပဆီဈေးက လျော့နေပြီး ဆီထုတ်သူ နည်းသွားကြောင်းလည်း သိရသည်။

ဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မြန်လွန်းနေသည့်အတွက် ဒီဇယ်တင်သွင်းခွင့်ရ စီးပွားရေးလုပ်ငန်းရှင်းများ တွက်ခြေမကိုက်ကြောင်း သိရသည်။

“အရင် ပေါက်ဈေးနဲ့ သွင်းလာတဲ့ ကျနော်တို့ တစည်ကို (၁) သိန်းကျရင် စည် (၁၀၀) ဆို ကျပ်သိန်း (၁၀၀) ရှုံးတာခင်ဗျ။ စီးပွားရေးသမားက လုပ်စရာ စီးပွားရေးနည်းတော့ လုပ်ခွင့်ရတဲ့ ပါမစ်ဆို ၀ိုင်းလုပ်ကြတော့ ဈေးကွက်က ဘယ်တော့မှ ထိန်းလုပ်လို့ မရဘူး” ဟု ကျောက်မျက်လုပ်ငန်းရှင်တဦးက ပြောသည်။

ယခင်က ကျောက်မျက်လုပ်ငန်းရှင်အပါအ၀င် သစ်နှင့်ရေလုပ်ငန်း လုပ်ကိုင်သူများကိုသာ ဒီဇယ်တင်သွင်းခွင့် ပေးထားရာမှ ယခုနောက်ပိုင်း ပို့ကုန်ဝင်ငွေရှိသူတိုင်း တင်သွင်းခွင့် ပြုလိုက်ခြင်းဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင် အများအပြားကမူ ဒီဇယ်ဈေး ကျဆင်းလာခြင်းကို ကြိုဆိုကြသည်။

“လျှပ်စစ်က တရက် (၅) နာရီတောင် ပုံမှန်လာတာ မဟုတ်တော့ အခု ဒီဇယ်၊ ဓာတ်ဆီ ဈေးကျတာတော့ ကောင်းတယ်” ဟု ဟိုတယ်လုပ်ငန်းရှင်တဦးက ပြောသည်။

မြောက်ကိုရီးယား လက်နက်တင် လေယာဉ်အမှုထမ်းတွေ ထိုင်းတရားရုံး အာမခံ မပေး


ဖမ်းဆီးခံ လေယာဉ်အမှုထမ်းများကို ထိုင်းလုံခြုံရေး အစောင့်အရှောက်ဖြင့် တရားရုံးသို့ ခေါ်ဆောင်လာစဉ်။
မြောက်ကိုရီးယားက လက်နက်များ တင်ဆောင်လာတဲ့ ကုန်တင်လေယာဉ်ရဲ့ ၀န်ထမ်း ၅ ယောက်ကို အာမခံပေးဖို့ ထိုင်းတရားရုံးက ငြင်းပယ်လိုက်ပါတယ်။ ဘယ်လာရုစ်က ၁ ယောက်၊ ကာဇက်စတန်က ၄ ယောက်တို့ တရားမ၀င် လက်နက်များ ပိုင်ဆိုင်မှုနဲ့ စွဲချက်တင်ထားပြီး ဆက်လက် စုံစမ်းစစ်ဆေးနေစဉ် သူတို့ကို ၁၂ ရက် ချုပ်နှောင်ထားဖို့ တနင်္လာနေ့မှာ ထိုင်းတရားရုံးက စီရင်ချက် ချလိုက်တာ ဖြစ်ပါတယ်။

အာမခံပေးလိုက်ရင် သူတို့ ထွက်ပြေးသွားမှာစိုးလို့ မပေးတာ ဖြစ်တယ်လို့ ထိုင်းရဲက ရှင်းပြပါတယ်။

မြောက်ကိုရီးယားက လက်နက်တွေ တင်လာတဲ့အထဲမှာ လက်ပစ်ဗုံး ထည့်ပြီး ပစ်လို့ရတဲ့ ရော့ကက်တွေ၊ ဒုံးလက်နက်တွေ ၃၅ တန် တင်လာကြောင်း ၀ါရှင်တန်က ကြိုတင် သတိပေးလို့ ရဲက ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ မီဒီယာက ဖော်ပြပါတယ်။

လေယာဉ်ဝန်ထမ်းတွေကတော့ ရေနံတူး ကိရိယာတွေ တင်လာတယ်လို့သာ သူတို့ သိထားကြကြောင်း ပြောဆိုပါတယ်။

ထိုင်းရဲ့လုပ်ရပ်ဟာ ပြတ်သားတယ်၊ မြောက်ကိုရီးယားအပေါ် နိုင်ငံတကာရဲ့ ဒဏ်ခတ် အရေးယူမှု အလုပ်ဖြစ်နိုင်တယ် စသဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ချီးကျူးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ၃ နှစ် ဆက်တိုက် တိုးလာ

ဗွီအိုအေ
မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသက လက်နက်ကိုင် တိုင်းရင်းသားတွေဟာ လက်နက်တွေ ၀ယ်ယူနိုင်အောင်လို့ ဘိန်းနဲ့ တခြား မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ရောင်းချနေတယ်၊ မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုက ၂၀၀၆ ခုနှစ်နဲ့ယှဉ်ရင် ၅၀% လောက် တိုးလာတာ တွေ့ရတယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာ ဌာနက ပြောသွားခဲ့ပါတယ်။

ဘိန်းစိုက်ပျိုးမှုအပြင် မက်သာဖက်တမင်းလို စိတ်ကြွဆေး ထုတ်လုပ် ရောင်းဝယ်မှုလည်း တိုးလာတာမို့ စိုးရိမ်စရာ အခြေအနေ ရှိတယ်လို့ UNODC ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲက ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ဘန်ကောက်ရောက် ဗွီအိုအေ ၀ိုင်းတော်သူ ဒေါ်ခင်မျိုးသက်က အပြည့်အစုံ တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု တိုးလာခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ဘိန်းစိုက်ဧက ဟက်တာ ၃,၀၀၀,၀၀၀ ကျော် ဖြစ်လာတာမို့ မနှစ်ကနဲ့ယှဉ်ရင် ၁၁% တိုးလာပြီး ၂၀၀၆ ခုနှစ်ကနဲ့ စာရင်တော့ ၅၀% တိုးလာခဲ့တယ်လို့ UNODC ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာ၊ လောနဲ့ ထိုင်းနိုင်ငံ ၃ နိုင်ငံဟာ အရှေ့တောင်အာရှမှာ ဘိန်းစိုက်ပျိုးတဲ့ အဓိကနိုင်ငံ ၃ နိုင်ငံ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း ဒီ ၃ နိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု လျော့ပါးလာပြီး အရင်က ဟက်တာ ၁၅၀,၀၀၀ ကျော်ကနေ ၂၀၀၆ ခုနှစ်မှာ ဟက်တာ ၂၅,၀၀၀ အထိ ကျဆင်းလာတာကို တွေ့ရပေမဲ့ မြန်မာနိုင်ငံမှာတော့ ၂၀၀၆ ခုနှစ်ကစပြီး ပိုပိုတိုးလာတယ်လို့ ဆိုပါတယ်။ အခုလို ဘိန်းစိုက်ပျိုးမှု တိုးလာတဲ့အပြင် စိတ်ကြွဆေး ထုတ်လုပ်မှုတွေလည်း တိုးလာနေတာမို့ စိုးရိမ်ဖွယ် အခြေအနေမှာ ရှိနေတယ်လို့ UNODC ရဲ့ ဌာနေကိုယ်စားလှယ် ဂယ်ရီ လူးဝစ်စ် (Gary Lewis) က ပြောပါတယ်။

“ဒီဒေသထဲမှာ အမ်ဖက်တမင်း အမျိုးအစား စိတ်ကြွဆေးတွေ ထုတ်လုပ်တာနဲ့ မှောင်ခိုရောင်းဝယ်တာတွေ သိပ်ကိုများလာတာမို့ ကျနော်တို့ သိပ်စိုးရိမ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်း ဒေသတွေမှာ တွေ့ရပါတယ်။” လို့ ပြောသွားပါတယ်။

ဒီဒေသတွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှု အခုလို တိုးလာတာဟာ ဒေသတွင်း မတည်ငြိမ်တဲ့အတွက် ဖြစ်ပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတွေမှာ ရှိတဲ့ ဒေသခံတွေ ငွေအလုံးအရင်း လိုအပ်လာတဲ့အတွက် မြန်မာနိုင်ငံထဲမှာရော နယ်စပ်တွေမှာပါ မူးယစ်ဆေးဝါးတွေ တိုးပြီး ထုတ်လုပ် ရောင်းဝယ်လာတာလို့လည်း ပြောပါတယ်။ ဒီလို မူးယစ်ဆေးဝါးတွေ တိုးပြီး ထုတ်လုပ် ရောင်းချလာတဲ့အတွက် ဘယ်သူ့မှာ တာဝန်ရှိတယ် ထင်ပါသလဲလို့ မေးကြည့်တော့ သူက အခုလိုပြောပါတယ်။

“ဒါဟာ ဒေသတွင်း လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေကြောင့်ဖြစ်ပြီး ဒီအခြေအနေကနေ တင်းမာမှုတွေ တဖြည်းဖြည်း တိုးလာပါတယ်။ နိုင်ငံရေးအရ မရေရာမှုတွေလည်း ရှိလာပါတယ်။ ဒါဟာ ဒီဒေသထဲမှာ မူးယစ်ဆေးဝါး တိုးပြီး ထုတ်လုပ်လာတာ၊ မှောင်ခိုရောင်းဝယ်လာတာတွေ တိုးလာတာနဲ့ တိုက်ရိုက်ကို သက်ဆိုင်နေတယ်လို့ ကျနော်တို့ မြင်ပါတယ်။”

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးဌာန အမှုဆောင် ဒါရိုက်တာ အန်တိုနီယို မာရီယာ ကော့စ်တာ (Antonio Maria Costa) ကတော့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ၀နဲ့ ကချင် လက်နက်ကိုင် အပစ်ရပ်အဖွဲ့တွေဟာ ဖြစ်လာနိုင်တဲ့ တိုက်ပွဲတွေအတွက် လက်နက်တွေ ၀ယ်ယူနိုင်ဖို့ သိမ်းထားတဲ့ မူးယစ်ဆေးဝါးတွေကို ထုတ်ပြီး ရောင်းချရာကနေ အခုလို နှုန်းတိုးလာတာလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာ့အရေး စောင့်ကြည့် လေ့လာနေသူတွေကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက တိုးပြီး ရောင်းတာမျိုး မဟုတ်ဘဲ ဘိန်းနဲ့ တခြား မူးယစ်ဆေးတွေဟာ ပုံမှန်ပဲ ထွက်နေပြီး မကြာခင်လတွေအတွင်း မြန်မာအာဏာပိုင်တွေဘက်က ဖမ်းဆီးမှုတွေ တိုးလာတာကြောင့်လို့ ပြောတဲ့အပြင် ဒီ မူးယစ်ဆေး စိုက်ပျိုးရောင်းဝယ်မှုမှာလည်း မြန်မာစစ်တပ် ပါဝင်ပတ်သက်နေတယ်လို့ ဝေဖန်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများတွေ့၊ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့်လည်း တွေ့မည်


ကိုထွေး
အယူခံနှင့်ပတ်သက်သော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုလျှောက်လဲချက်ကို ဒေါ်အောင်ဆန်းစုကြည်က အတည်ပြု လိုက်ကြောင်း ယနေ့ သွားရောက် တွေ့ဆုံသည့် ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။


ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လက်ခံရေးအတွက် တရားရုံးချုပ်၌ လာမည့် ၂၁ ရက်နေ့တွင် လျှောက်လဲချက် ပေးရမည်ဖြစ်သဖြင့် ယင်းကဲ့သို့ သွားရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။

ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်တို့သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ နေ့လယ် ၂ နာရီမှ ၄း၃၀ နာရီ အထိ အချိန် ၂း၃၀ နာရီကျော် အထိ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“၂၁ ရက်နေ့မှာ လျှောက်လဲချက်ပေးရမယ့် ကိစ္စ ကျနော်တို့ ဒီနေ့ အတည်ပြုနိုင်ခဲ့ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့သွားရောက် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံရန် တောင်းဆိုထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ကော်မတီ အဖွဲ့ဝင် ၃ ဦးကို ယခု ရက်ပိုင်းအတွင်း တွင် တနေရာတည်း၌ တပြိုင်တည်း ဂါရ၀ပြုတွေ့ဆုံမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ဘယ်မှာလဲဆိုတာ မသိဘူး၊ ၃ ဦးလုံးကို တပြိုင်တည်း ဂါရ၀ပြုတွေ့ဖြစ်မယ်၊ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီနဲ့လည်း ဒေါ်အောင်ဆန်း စုကြည် တွေ့ပြီးပြီ၊ လူကြီး ၃ ယောက်နဲ့ တွေ့ဖို့ အစီအစဉ်အတွက်လာတာလို့ပဲသိရတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချ ပြီးနောက်ပိုင်း ရှေ့နေဖြစ်သူများနှင့် ၉ ကြိမ်ထက်မနည်း တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့နှင့် တွေ့ဆုံခွင့်ပေးရန် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီနှင့် ရဲမှူးကြီး တဦးတို့သည် ယမန်နေ့ နံနက်ပိုင်းက သဘောထားများ လာရောက် မေးမြန်းခဲ့ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ဆိုသည်။

“ဒေါ်စုနဲ့တွေ့ဖို့ရာ တနေရာတည်းမှာ ၃ ဦး ကန့်တော့ ခံမယ်ဆိုရင် ဘယ်လို သဘောရလဲ လာမေးတယ်၊ ဗုဒ္ဓ ဘာသာထုံးစံရှိပါတယ်၊ ကန်တော့ခံတယ် ဆိုတာက ကန်တော့ ခံတဲ့သူဆီကို ကန်တော့မယ်သူက လာရရိုး ထုံးစံ ရှိပါတယ်၊ သီးခြားစီ ကန်တော့ခံချင်ပါတယ်လို့ ပြန်ပြောလိုက်တယ်တဲ့၊ ဒါပေမယ့် ဒေါ်စု သဘောထားက အားလုံးကို တွေ့ပြီးတော့မှ ကန်တော့ဖို့ လုပ်မယ် ဆိုရင်လည်းပဲ ငြင်းစရာ မရှိပါဘူးလို့ ပြန်ကြားလိုက်တယ် ဆိုတော့ ဗိုလ်ချုပ် ခင်ရီက ဒေါ်အောင်ဆန်းစုကြည် နဲ့ သွားတွေ့မယ်လို့ ပြောသွားတယ်” ဟု ၎င်းက ပြော သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့ရှိ အစိုးရ ဧည့်ဂေဟာတွင် ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့နှင့် တွေ့ဆုံရန် အာဏာပိုင်တို့က စီစဉ်နေခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရရန် ဒုတိယ စာတစောင် ရေးသားပေးပို့၍ ကျန်းမာရေး ချွတ်ယွင်း နေသော NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် များဖြစ်သည့် ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင် တို့ကို သွားရောက် ဂါရ၀ပြု ကန်တော့ခွင့် ပေးရေး တောင်းဆိုထားသည်။

ထို့အပြင် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအ၀င် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့် ပေးရေး၊ စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရရေး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့် ပြုရေး တို့လည်း ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားသည်။


ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် ဦးဆောင်သည့် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ ခရီးစဉ်အတွင်း ယင်း အဖွဲ့နှင့် မတွေ့ဆုံမီ ဦးတင်ဦးကို ချန်လှပ်၍ NLDဗဟို အလုပ် အမှုဆောင်အဖွဲနှင့် တွေ့ဆုံရန် အစိုးရက စီစဉ်ပေးခြင်းကို ဒေါ်အောင်ဆန်း စုကြည်က ကျေနပ်မှုမရှိသဖြင့် ငြင်းပယ်ခဲ့သည်။

ဟာသကားများ အကယ်ဒမီ ရမလား

အောင်သက်ဝိုင်း
၂၀၀၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးရန် ရုပ်ရှင်ဇာတ်ကားပေါင်း ၁၂ ကားရှိရာတွင် ဟာသကား ၈ ကား ပါဝင်နေသည့်အတွက် ယင်း ဟာသကားများထဲမှလည်း အကယ်ဒမီ ထူးချွန်ဆု ရရှိနိုင်ကြောင်း ရုပ်ရှင် အသိုင်းအ၀ိုင်းက ခန့်မှန်းပြောဆိုနေကြသည်။

၂၀၀၈ ခုနှစ်အတွင်း၌ ဟာသရုပ်ရှင်ကား ၈ ကားနှင့် ဒရမ်မာကား ၄ ကား စုစုပေါင်း ရုပ်ရှင်ဇာတ်ကား ၁၂ ကား ရုံတင်ပြသခဲ့သည်။

ဒရမ်မာ ဇာတ်ကားတကားဖြစ်သည့် “ရင်ခုန်နှင်းဆီ” ဇာတ်ကားသည် သရုပ်ဆောင်မင်းသား ကျော်သူ အဓိကပါဝင်သည်။

ရုပ်ရှင်မင်းသား ကျော်သူ သည် နာရေးကူညီမှုအသင်းကို ဦးဆောင် တည်ထောင်သူများတွင် ပါဝင်သူတဦးဖြစ်ပြီး ၂၀၀၇ တွင် လူရွှင်တော် ဇာဂနာ နှင့် အတူ သံဃာတော်များကို ဆွမ်းကပ်ခဲ့သူဖြစ်သည်။

ယမန်နှစ်အကယ်ဒမီဆုပေးပွဲတွင် မင်းသားကျော်သူပါဝင်သော “ငါ့ဓား၊ငါ့သွေး၊ငါ့ဧရာဝတီ” ဇာတ်ကားသည် ဇာတ်လမ်းဇာတ်အိမ် ကောင်းမွန်ပြီး သရုပ်ဆောင်များ ပီပြင်စွာသရုပ်ဆောင်ထားခဲ့သော ဇာတ်ကားကောင်းဖြစ်သော်လည်း ဓာတ်ပုံထူးချွန်ဆု တဆု သာ ရရှိခဲ့သည်။

ထို့အပြင် ဒါရိုက်တာမီးပွား ရိုက်ကူးထား သော “ကြိုးတန်း” ရုပ်ရှင်ဇာတ်ကားမှာလည်း ဆင်းရဲမွဲတေမှုကို အသားပေးဖော်ပြသည့် ဇာတ်ကားဖြစ်ခြင်းကြောင့် အကယ်ဒမီဆုပေးမည့်စာရင်းတွင် မပါဝင်နိုင်ဟု ရုပ်ရှင်လောကသားများက ဆိုသည်။

“ကြိုးတန်းက ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းတယ်၊ ကျော်ဟိန်း၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာနဲ့ ထွန်းအိန္ဒြာဗို တို့ကပဲ ဒီဇာတ်လမ်း ထဲမှာ အဓိကသရုပ်ဆောင်ထားတယ်၊ အကယ်ဒမီ မှန်းမယ်ဆိုရင်မှန်းလို့ရတဲ့ ဇာတ်ကားပဲ”ဟု ဇာတ်ညွှန်းရေးဆရာတဦးက ပြော သည်။

ယခုနှစ်ဆန်းပိုင်းတွင် သက်ဆိုင်ရာ မြန်မာ့ရုပ်ရှင်အာဏာပိုင်များက ဗီဒီယို၊ ရုပ်ရှင် ဇာတ်ကား ထုတ်လုပ်ရေးလုပ်ငန်းများအား ဆင်းရဲသည့် ဇာတ်ဝင်ခန်းများ ပါဝင်သော ဇာတ်လမ်းများ မရိုက်ရန် တားမြစ်ထားသည်။

ထို့ကြောင့် “ကြိုးတန်း” နှင့်“ရင်ခုန်နှင်းဆီ” ဇတ်ကားများကို ဖယ်လိုက်ပါက “အများနှင့်မသက်ဆိုင်သော သူ” ၊ “မြင်းမိုရ်ထက်က သရဖူ” စသည့် ဇာတ်ကား၂ ကားကိုသာ အကယ်ဒမီထူးချွန်ဆု ပေးရမည့် အခြေအနေဖြစ်နေသည်ဟုလည်း ရုပ်ရှင်လောကသား များ က ပြောဆိုကြသည်။

သို့ရာတွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေ အပါအ၀င် နာမည်ကျော် ဒါရိုက်တာများ၊ ဇာတ်ညွှန်းရေးဆရာများ နှင့် ရုပ်ရှင်လောကသားများက ဇာတ်လမ်း ဇာတ်အိမ်ခိုင်မာပြီး သရုပ်ဆောင်ပီပြင်သော ဟာသ ကားများကိုလည်း အကယ်ဒမီပေး သင့်သည်ဟု အကြံပြုချက်များရှိသောကြောင့် ယခုနှစ် အကယ်ဒမီပေးပွဲတွင် ဟာသ ကားများပါဝင်နိုင်သည်ဟု သုံးသပ်ချက်များ လည်း ထွက်ပေါ်လျက်ရှိသည်။

“နိုင်ငံတကာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွေမှာလည်း ဟာသကားပဲဖြစ်ဖြစ်၊ ဒရမ်မာပဲဖြစ်ဖြစ်၊ သိပ္ပံကားပဲဖြစ်ဖြစ် ကောင်းရင်ကောင်း သလို၊ တော်ရင်တော်သလို ဆုတွေပေးနေတာပဲ၊ မြန်မာ့ ရုပ်ရှင်က နိုင်ငံတကာအဆင့်မရှိသေးပေမယ့် နိုင်ငံတကာစံကိုတော့ ကျင့်သုံးသင့်တယ်”ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အဖွဲ့ဝင်တဦးက ပြောသည်။

၂၀၀၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် ခန့်မှန်းပြောဆိုရန် ခက်ခဲလှကြောင်း၊ ယမန်နှစ် အကယ်ဒမီဆုပေးပွဲတွင် အမျိုးသမီး ဇာတ်ဆောင်ဆုနှင့် အမျိုးသမီးဇာတ်ပို့ဆုများမပေးခဲ့ဘဲ အမျိုးသားများကိုသာပေး အပ်ခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း အလားတူ မထင်မှတ်သည်များ ထပ်မံ ဖြစ်လာနိုင်သည်ဟု ထင်မြင်ကြောင်း အနုပညာဂျာနယ် သတင်းထောက် တဦးက ပြော သည်။

“ထူးချွန်တိုင်း အကယ်ဒမီပေးတာမဟုတ်ဘူးလေ၊ ဘယ်လောက်ပဲ တော်တော် အကယ်ဒမီပေးမှာ မဟုတ်ဘူး၊ ဒီနှစ်လည်း မနှစ်က အကယ်ဒမီပေးပွဲလိုမျိုး မမျှော်လင့်တာတွေ ထပ်မြင်ရဦးမယ်ထင်တယ်”ဟုလည်း ၎င်းက ဆိုသည်။

နေ့စဉ်စားဝတ်နေရေး ရုန်းကန်လှုပ်ရှားနေရသော မြန်မာလူထုအတွင်း ဒရမ်မာကားများထက် ဟာသကားများကသာ ထိုးဖောက် ၀င်ရောက်နိုင်သောကြောင့် တနှစ် ထက် တနှစ် ဟာသရုပ်ရှင်ကားကြီး ရိုက်ကူးမှုနှုန်းမြင့်တက်လာခြင်းဖြစ်သည်ဟု နာမည်ကျော် ဒါရိုက်တာတဦးက ပြောသည်။

“အခုလက်ရှိ ပရိသတ်က ဟာသကားပဲတောင်းဆိုတယ်၊ ဟာသကားတွေက ငွေရေးကြေးရေးအရ အမြတ်နည်းတာ၊ များတာပဲရှိ တယ်၊ မရှုံးဘူး”ဟု ရုပ်ရှင်လောကသား တဦးက ဆိုသည်။

ယခင်ကကဲ့သို့ ပရိသတ်ကို စွဲကျန်ရစ်ခဲ့သော ရုပ်ရှင်ဇာတ်ကားများ ထွက်ပေါ်မှုကျဆင်းလာပြီး ဟာသကားများကသာ နေရာ ယူ လာခြင်းသည် မြန်မာ့ရုပ်ရှင်လောကအတွက် နိမ့်ကျမှုဟု သုံးသပ်သူများလည်း ရှိနေသည်။

၂၀၀၈ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇတ်ကားကြီး ၁၂ ကားမှာ“အမည်မဖော်လိုသူ အချစ်” (ဟာသ) ၊“ဟော့ရှော့”(ဟာသ)၊ “ရင်ခုန်နှင်းဆီ”(ဒရမ်မာ)၊“အချစ်ကလန်းတယ်”(ဟာသ)၊“ချစ်တော့ချစ်တယ်အလိုမလိုက်ဘူး”(ဟာသ)၊“မြင့်မိုရ်ထက်ကသရဖူ”(ဒရမ်မာ)၊ “အကယ်ဒမီရှော့” (ဟာသ)၊“ငယ်သူမို့မသိပါ”(ဟာသ)၊“ဒီဝါကျွတ်အမီခယ်မအမြန်အစွံထုတ်ရန်ရှိသည်”(ဟာသ)၊ “ကြိုးတန်း”(ဒရမ်မာ)၊ “အများနှင့်မသက်ဆိုင်သောသူ”(ဒရမ်မာ)၊“ကဝေပျို၏ ပစ္စုပ္ပန်”(ဟာသ) ဇာတ်ကားများဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ရုပ်ရှင် ထူးချွန်ဆု ပေးပွဲတွင် ရုပ်ရှင်ဇာတ်ကားပေါင်း ၁၀ ကား ရှိသည့်အနက် ၂ ကားကိုသာ ဆု ၆ ဆု ပေးခဲ့ပြီး အမျိုးသမီး ဆု တဆု မှ မပါဝင်ခဲ့ပေ။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်အသစ်များ ထပ်ဖွင့်မည်

ဧရာဝတီ
ရန်ပိုင်
လာမည့်နှစ်တွင် ထိုင်း-မြန်မာနယ်စပ်တလျှောက် နယ်စပ်ကုန်သွယ်ရေးစခန်းအသစ်များ ထပ်မံဖွင့်လှစ်မည်ဟု ယနေ့ထုတ် ထိုင်းနိုင်ငံ အခြေစိုက် The Nation သတင်းစာတွင် ဖော်ပြသည်။

အသစ်ထပ်မံဖွင့်လှစ်မည့် နယ်စပ်ဂိတ်များမှာ ရှမ်းပြည်နယ်နှင့်ထိစပ်နေသည့် Hauy Ton Nun၊ ထားဝယ်နယ်စပ်ရှိ Ban Nam Khao ၊ တနသာင်္ရီတိုင်း မြိတ်ခရိုင်နှင့် ကပ်လျက် Dan Singkhon စခန်းများဖြစ်ပြီး ၂၀၀၇ ခုနှစ်က ပိတ်ထားသော ကရင်ပြည်နယ် နှင့် ဆက်စပ်နေသည့် ဘုရားသုံးဆူ နယ်စပ်ဂိတ်ကိုလည်း ပြန်လည်ဖွင့်လှစ်မည်ဟု သတင်းတွင် ဖော်ပြထားသည်။

ယခုဖွင့်လှစ်မည့် နယ်စပ်ကုန်သွယ်ရေးဂိတ် အသစ်များ အပါအ၀င် ယခင်ဖွင့်လှစ်ပြီးသော မဲဆောက်-မြ၀တီ ၊ မယ်ဆိုင် - တာချီလိတ်နှင့် မယ်ဟောင်ဆောင် ကုန်သွယ်ရေးစခန်း များနှင့်ဆိုလျှင် နယ်စပ်ကုန်သွယ်ရေးဂိတ် ပေါင်း ၇ ဂိတ် ရှိလာမည်ဖြစ် သည်။

ထိုသို့နယ်စပ်ကုန်သွယ်ရေးစခန်း အသစ်များ ဖွင့်လှစ်ရခြင်းသည် နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးချောမွေ့စေရန် နှင့် ကမ္ဘာ လှည့် ခရီးသွားလုပ်ငန်း တိုးတက်စေရန်အတွက် ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု ထိုင်းကုန်သွယ်ရေး ဒု ၀န်ကြီး Alongkorn Ponlaboot က ပြောသည်။

ထိုစခန်းများထဲတွင် ဘုရားသုံးဆူနယ်စပ်ဂိတ်မှာ ယခင်ကတရားဝင်ကုန်သွယ်ရေးစခန်း တခုအဖြစ်ဖွင့်လှစ်ခဲ့သော်လည်း ၂၀၀၇ ခုနှစ်ကစတင်ပြီး ပိတ်ထားခဲ့သည့်အတွက် နယ်စပ်ကုန် သွယ်ရေးကို မှီခိုနေရသော ဒေသတွင်းစီးပွားရေးမှာ ကျဆင်းသွားခဲ့ရသည် ဟု ဘုရားသုံးဆူ ဒေသခံတဦးက ပြောသည်။

“ဒီလမ်းကြောင်းကတော့ အဓိကရေထွက်ကုန်ပဲသွားတာလေ၊ စီးပွားရေးဦးမော့လာနိုင်တာပေါ့”ဟု ၎င်းကဆိုသည်။

နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်တော့မည်ဟု သိရသည့်အတွက် ရပ်တန့်သွားခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန် လည်ကောင်းမွန်လာရန် မျှော်လင့်ကြောင်း အဆိုပါ ဘုရားသုံးဆူ နယ်ခံက ဆိုသည်။

ထိုင်းကုန်သည်ကြီးများ အသင်း၏ နယ်စပ်ကုန်သွယ်ရေးကော်မတီ ဥက္ကဋ္ဌ Niyom Wairatpanij ကလည်း “ကုန်သည်တွေက နယ်စပ်ဂိတ်တွေပိုဖွင့်နိုင်တဲ့အတွက် ကုန်သွယ်ရေးချောမွေ့ပြီး ကမ္ဘာလှည့်ခရီးသွားတွေပိုမို လာရောက်လိမ့်မယ်လို့ မျှော်လင့် နေကြတယ်၊ ထိုင်းထုတ်ကုန်တွေအတွက်လည်း ရောင်းဝယ်မှုအခွင့်အရေး ပိုရလာမယ် ”ဟုပြောသည်။

မကြာသေးမီကလည်း မြန်မာအစိုးရဘက်က မြ၀တီမြို့တွင် စီးပွားရေးအထူးဇုန်တခု တည်ဆောက်နေသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ကုန်သွယ်ရေးလွယ်ကူစေရန်အတွက် မဲဆောက်မြို့နှင့် မြ၀တီမြို့သို့ ဆက်သွယ် ထားသည့် တံတားအသစ် တစင်း ထပ်မံတည်ဆောက်ရန်အတွက် ထိုင်းအစိုးရကလည်း စီစဉ်နေသည်။

အဲပုဂံက ရန်ကုန်-ချင်းမိုင် ပြေးမည်ဟု ဆို


ဧရာဝတီ
သန်းထိုက်ဦး
အဲပုဂံ လေကြောင်းလိုင်းသည် ရန်ကုန် - ချင်းမိုင် ခရီးစဉ်ကို လာမည့် ဇန်န၀ါရီလဆန်းပိုင်းတွင် စတင်ရန် စီစဉ်နေကြောင်း အဲပုဂံလေကြောင်းလိုင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

သို့သော်လည်း ခရီးသည် အများအပြား ရနိုင်သည့် ဧပြီလအထိသာ ပြေးဆွဲမည်ဖြစ်သည်ဟု အဆိုပါ အမည်မဖော်လိုသူ တာဝန်ရှိသူက ပြောသည်။

တပတ်လျှင် ၂ ကြိမ်နှုန်းဖြင့် ကြာသပတေး နှင့် တနင်္ဂနွေ နေ့တို့တွင် ပြေးဆွဲရန် စီစဉ်ထားသည်ဟု ဆိုသည်။

“အဲပုဂံက ပြေးမယ်လို့ ပြောထားတယ်၊ ဇန်န၀ါရီလထဲမှာ စမယ် ထင်တယ်၊ အတိအကျ မပြောသေးဘူး” ဟု ရန်ကုန်ရှိ လေယာဉ် လက်မှတ် အရောင်း ဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

အဲပုဂံက သူ၏ ခရီးစဉ်သစ်နှင့် ပတ်သက်ပြီး ခရီးသွား ကုမ္ပဏီများ၊ လက်မှတ် အရောင်းဌာနများကို အီးမေးလ်များ ပေးပို့ ထားကြောင်း၊ သို့သော်လည်း လေယာဉ်လက်မှတ် ဈေးနှုန်း၊ ခရီးစဉ် စတင်မည့်အချိန် စသည့် အချက်အလက်များ မသိရသေးကြောင်း ထိုဝန်ထမ်းက ပြောသည်။

မြန်မာနိုင်ငံမှ ချင်းမိုင်သို့ လာရောက်သူများထဲတွင် အလည်အပတ် ခရီးထွက်သူများ၊ စီးပွားရေးသမားများ၊ ကျောင်းသူကျောင်းသားများ၊ ရဟန်းသံဃာများ ပါဝင်သည်။

ယခုအခါ ချင်းမိုင်သို့ လာရောက်လိုသည့် မြန်မာခရီးသည်များသည် ဘန်ကောက်သို့ ဦးစွာ သွားရောက်ရသဖြင့် အချိန်နှင့် ငွေကြေး ပိုမို သုံးစွဲနေရသည်။

“ချင်းမိုင်ကနေ ရန်ကုန်ကို ပြေးဆွဲမယ်ဆိုရင်တော့ စီးမယ့်သူ ရှိမှာတော့ သေချာတယ်၊ ဒီကျောင်းက လူတွေကတော့ ပြန်ချင်ကြတာပဲ၊ ဘန်ကောက်ကို သွားစရာမလိုတော့ဘူးလေ” ဟု ချင်းမိုင်မြို့တွင် ပညာသင်ယူနေသည့် တက္ကသိုလ် ကျောင်းသူ တဦးက ပြောသည်။

လေယာဉ် ပြေးဆွဲပါက မြန်မာပြည်သို့ ပြန်လိုသူများ၊ ချင်းမိုင်သို့ လာလိုသူများအတွက် အဆင်ပြေနိုင်ကြောင်း ထိုကျောင်းသူက ဆိုသည်။

ယခင်ကလည်း ချင်းမိုင်မြို့သို့ MAI ဟု ထင်ရှားသည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်း (Myanmar Airways International)၊ အဲမန္တလေး(Air Mandalay) စသည့် ပုဂ္ဂလိက လေကြောင်းလိုင်းများ ပြေးဆွဲခဲ့ဖူးသည်။ အဲမန္တလေးက ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန် - ချင်းမိုင် ခရီးစဉ်ကို ရပ်နားခဲ့သည်။

ချင်းမိုင် ခေါ် ဇင်းမယ်မြို့သည် ထိုင်းနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထွန်းကားသောမြို့လည်း ဖြစ်သည်။

Monday, December 14, 2009

အနုပညာကြေး မြင့်မားသောကြောင့် မိုက်ကယ်လန်း ဂီတပွဲ ပျက်

မေကျော်
အနုပညာကြေး ညှိနှိုင်းမှု အဆင်မပြေသည့်အတွက် ဦးတေဇ၏ ထူးကုမ္ပဏီက ယခုလအတွင်း ကျင်းပရန် စီစဉ်ထားသည့် မိုက်ကယ်လန်း ဂီတအဖွဲ့၏ ဂီတပွဲ မလုပ်ဖြစ်တော့ကြောင်း သိရသည်။

နာဂစ်ရန်ပုံငွေအတွက် ထူးကုမ္ပဏီက အဆိုပါဂီတပွဲကို ယခုလ (၁၈) ရက်နေ့တွင် ကျင်းပရန် စီစဉ်ညှိနှိုင်းခဲ့သော်လည်း အနုပညာကြေး မြင့်မားလွန်းသည့်အတွက် ငှားရမ်းရန် မတတ်နိုင်ခြင်းကြောင့် ယခုကဲ့သို့ ပွဲပျက်ခဲ့ခြင်းဖြစ်သည်။

“ပွဲမလုပ်ဖြစ်တော့ပါဘူး။ အနုပညာကြေး ညှိတာ အဆင်မပြေလို့ပါ” ဟု ထူးကုမ္ပဏီ လုပ်ငန်းခွဲတခုဖြစ်သော မြန်မာရှော့ပင်းမောမှ တာဝန်ခံတဦးက အတည်ပြုပြောကြားသည်။

မိုက်ကယ်လန်း တေးဂီတအဖွဲ့က ယခုလ (၁၂) ရက်နေ့က မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ၎င်းတို့၏ဂီတပွဲတွင် ယခုနှစ်အတွက် ကမ္ဘာလှည့်ဂီတပွဲ နောက်ဆုံးပွဲစဉ်ဖြစ်ကြောင်း တရားဝင်ပြောကြားခဲ့သည်။

မိုက်ကယ်လန်း ဂီတအဖွဲ့၏ ဂီတပွဲလက်မှတ် တစောင်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၉၀) ခန့်ရှိနေရာ မြန်မာလူထုအတွက် ဈေးနှုန်း အဆမတန်များနေသည်ဟု သိရသည်။

မြန်မာတေးသံရှင်များ၏ ဂီတပွဲလက်မှတ်များမှာ တစောင် (၄,၀၀၀) ကျပ်မှ (၁၀,၀၀၀) ကျပ် ၀န်းကျင်တွင်သာရှိရာ မိုက်ကယ်လန်း တေးဂီတအဖွဲ့ ပွဲဖြစ်မြောက်ပါကလည်း လက်မှတ်တစောင် ကျပ် (၂၅,၀၀၀) ခန့်သာ ရောင်းချနိုင်မည်ဖြစ်ရာ ပွဲစီစဉ်သူအနေဖြင့် အရှုံးပေါ်နိုင်ကြောင်း မြန်မာ့အနုပညာလောက ကသုံးသပ်သည်။

ပြည်တွင်း ပြည်ပ သတင်းဂျာနယ်များတွင် နာဂစ်ရန်ပုံငွေအတွက် မိုက်ကယ်လန်း တေးဂီတအဖွဲ့ ရန်ကုန်တွင် လာရောက်ဖျော်ဖြေမည် ဆိုသည်ကို ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇသား ပြည့်ဖြိုးတေဇ၏ ပြောကြားချက်ကို သတင်းရေးသားခဲ့ပြီးနောက် ဂီတပွဲလက်မှတ် စုံစမ်းသူများ အလုပ်ရှုပ်ခဲ့ကြကြောင်း သိရသည်။ သို့သော် မိုက်ကယ်လန်း ဂီတပွဲ ပျက်သည်ဆိုသည်ကိုမူ အသိပေးထုတ်ပြန်ခဲ့ခြင်း မရှိပေ။

မိုက်ကယ်လန်း ဂီတအဖွဲ့မှာ ပေါ့ပ်ဂီတအဖွဲ့တခုဖြစ်ပြီး အာရှတိုက်တွင် ကျော်ကြားသော ဂီတအဖွဲ့တခုဖြစ်သည်။

Sunday, December 13, 2009

၁၁ နှစ်ကြာ မြန်မာ့အင်တာနက် ခရီးကြမ်း

မဇ္ဈိမ
မြန်မာ့ဆက်သွယ်ရေးမှ ၁၉၉၈ ခုနှစ်တွင် @mptmail.net.mm ဖြင့် အီးမေး ဝန်ဆောင်မှုများ စတင် ရောင်းချပေးခဲ့။

ပုဂ္ဂလိက လုပ်ငန်းရှင်များအဖြစ် ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများ မှအများဆုံး ဝယ်ယူအသုံးပြုခဲ့ပြီး အခြားသော ထင်ရှားသည့် ပြင်ပစီးပွားရေးလုပ်ငန်း အနည်းငယ်မှ စတင်အသုံးပြုခဲ့သည်။ ဝန်ကြီးဌာနအားလုံးသည် မြန်မာ့ဆက်သွယ်ရေး၏ mpt mail ကို အသုံးပြုလာခဲ့သည်။

အများပြည်သူသုံး တယ်လီဖုန်းရုံများနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စာတိုက်အများအပြားတွင် mpt mail ဝန်ဆောင်မှုကို မိတ်ဆက်ပေးခဲ့။

၁၉၉၉ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးမှ MPT အမည်ဖြင့် အင်တာနက်ဝန်ဆောင်မှုအား စတင်ရောင်းချပေးခဲ့ရာ ယခင် mptmail ကို အသုံးပြုနေသူများမှ အများဆုံးအသုံးပြုခဲ့ပြီး ဝန်ဆောင်ခအနေဖြင့် မြန်မာငွေ ၂၃၀၀၀ဝ ကျော်ဖြင့် ရောင်းချပေးခဲ့ပြီး အသုံးပြုသည့် အင်တာနက်ဝန်ဆောင်မှု အမျိုးအစားမှာ dail up connection ဖြစ်သည်။

၂၀၀၀ ခုနှစ်အတွင်း ဥရောပအာရှ ရေအောက် ဖိုင်ဘာဆက်ကြောင်း ပြီးစီးသွားသည့်အတွက် မြန်မာ့ဆက်သွယ်ရေးသည် ပိုမိုကောင်းမွန်သည့် အင်တာနက် ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် စီစဉ်ခဲ့။

၂၀၀၁ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း မြန်မာအများစု အသုံးပြုနိုင်သည့် အင်ထရာနက်ဖြင့် မြန်မာဝဘ်ဆိုဒ်များ ပေါ်ပေါက်လာပြီး အင်ဖိုရီသမ် အမည်ရှိ ပုဂ္ဂလိက လုပ်ငန်းတခုမှ အများပြည်သူများအတွက် အင်ထရာနက်လိုင်းများကို စတင်ရောင်းချပေးခဲ့သည်။ အသုံးပြုသည့် အင်တာနက် ဆက်သွယ်မှုမှာ dail-up connection ဖြစ်ပြီး ဝန်ဆောင်ခအနေဖြင့် တလလျှင် ကျပ် ၅၀၀၀၊ ၃၀၀၀ ဖြစ်ပြီး စတင်တပ်ဆင်ကြေးအဖြစ် ၅၀၀၀ဝ ကျပ်ဖြင့် ရောင်းချပေးနိုင်ခဲ့သည်။

၂၀၀၂ ခုနှစ်အတွင်း ပုဂံဆိုက်ဘာတက် ပုဂ္ဂလိက အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် မြန်မာနိုင်ငံတွင် တခုတည်းနှင့် ပထမဆုံး ပေါ်ပေါက်လာခဲ့သည်။

www.bagan.net.mm သည် bagan cyber tech မှတင်ဆက်သည့် ပထမဆုံး မြန်မာ portal site တခုဖြစ်ပြီး နောက်ပိုင်းတွင် bagan forum နှင့် Yangon chat သည် အလွန်အောင်မြင်ခဲ့သည့် ဝန်ဆောင်မှုများဖြစ်ခဲ့သည်။

၂၀၀၂ ခုနှစ်အတွင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် dail-up အပြင် broadband ဆက်သွယ်မှုအတွက်ပါ ထည့်သွင်းရောင်းချခဲ့သော်လည်း ပုဂံဆိုက်ဘာတက်၏ broadband သည် ပြည်တွင်း အင်တာနက်အသုံးပြုသူများအကြား ထင်ရှားစွာ ရောင်းချရသည့် ဝန်ဆောင်မှုတခု ဖြစ်ခဲ့သည်။ ပုဂံဆိုက်ဘာတက်သည် Access kid ဟုခေါ်သည့် dail-up စနစ်သုံး Prepaid card များကို ထုတ်လုပ်ရောင်းချပေးခဲ့ပြီး ၁၅ နာရီ၊ နာရီ ၃ဝ ၊ နာရီ ၆ဝ သုံးမျိုးကို ထုတ်လုပ်ဖြန့်ချိခဲ့သည်။

ဒီဂျီတယ် တယ်လီဖုန်းလိုင်းများ ရန်ကုန်နှင့် မန္တလေးမြို့များ တွင်တပ်ဆင်ပြီးစီးနေသဖြင့် ရန်ကုန်နှင့် မန်း အင်တာနက် အသုံးပြုသူများသည် ကနဦး တပ်ဆင်ခ ကုန်ကျရန်မရှိဘဲ ဈေးနှုန်းသက်သာသည့် အဆိုပါ Access kid များကို အများအပြား ဝယ်ယူအသုံးပြုခဲ့ကြသည်။

Access kid များ၏ ဈေးနှုန်းသည် ၁၅ နာရီ ၈၀၀၀ ကျပ်၊ နာရီ ၃ဝ အတွက် ၁၅၀၀၀ ကျပ်၊ နာရီ ၆ဝ အတွက် ၃၀၀၀ဝ ကျပ် ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

၂၀၀၃ ခုနှစ်အတွင်း Broadband ဝန်ဆောင်မှုများအတွက် ကနဦးတပ်ဆင်ခ ဈေးနှုန်းသည် မြန်မာကျပ်ငွေ ၂၅ သိန်းရှိခဲ့ပြီး MPT မှရော bangan cyber tech မှပါ ထိုဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

Bagan cyber tech သည် ၂၀၀၃ ခုနှစ်အတွင်းမှပင် IP-star အင်တာနက် ဆက်သွယ်မှုကို စတင်မိတ်ဆက်ပေးခဲ့သည်။ ကနဦးတပ်ဆင်ကြေး မြင့်မားသော်လည်း ဝန်ဆောင်မှု ကောင်းမွန်ပြီး နေရာအနှံအပြားတွင် အသုံးပြုနိုင်မှုကြောင့် ရေလုပ်ငန်းရှင်များ၊ သတ္တုတွင်း လုပ်ငန်းရှင်များအပြင် ရန်ကုန်မြို့ပေါ်ရှိ လုပ်ငန်းကြီးမျာကပါ စိတ်ဝင်တစားဖြစ်ခဲ့သည်။

ဝယ်ယူအသုံးပြုသူ အများစုသည် ဝန်ဆောင်မှု ပိုမိုကောင်းမွန်သော ပုဂ္ဂလိကပိုင် bagan cyber tech မှ broadband ဝန်ဆောင်မှုကို ပိုမိုဝယ်ယူအသုံးပြုခဲ့ကြသည်။

၂၀၀၄ ခုနှစ်တွင် MPT မှ ADSL ဝန်ဆောင်မှုဖြင့် စတင်မိတ်ဆက်ပေးခဲ့ပြီး မြန်နှုန်းမြင့် အဆိုပါ ADSL လိုင်းသည် မြန်မာနိုင်ငံ မြို့ကြီးများတွင် အသုံးပြုနိုင်ကြောင်း ကြေညာပေးခဲ့သည်။

Bagan cyber tech မှလည်း မကြာခင်အတွင်း ADSL လိုင်းများကို စတင်ရောင်းချပေးလာခဲ့ပြီး ကနဦးတပ်ဆင်ခ ဈေးနှုန်းသည် ၂၅ သိန်းဖြစ်ပြီး တယ်လီဖုန်းလိုင်းလို အပ်မှုများအတွက်ပါ ဝန်ဆောင်မှုပေးခဲ့သည်။

လစဉ်ကြေးပိုမို သက်သာပြီး အင်တာနက်မြန်နှုန်း မြင့်မားလာသဖြင့် ရန်ကုန်မြို့ပေါ်တွင် inter café များ အများအပြား ပေါ်ပေါက်လာခဲ့ပြီး မြန်မာ့အင်တာနက် အသုံးပြုသူများ ပိုမိုတိုးတက်များပြားလာခဲ့သည်။

Bangn cyber tech သည် အင်တာနက်မေး ဝန်ဆောင်မှုအဖြစ် တနှစ်လျှင် ကျပ် ၈၀၀၀ ကျပ်ဖြင့် ရောင်းချသည့် @mail4u.net.mm ကို မိတ်ဆက်ရောင်းချပေးခဲ့သော်လည်း ထင်သလောက် အောင်မြင်မှု မရရှိခဲ့ပေ။
အများပြည်သူသုံး သတင်းအချက်အလက် စင်တာများကို ၂၀၀၅ ခုနှစ်အတွင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ၂၀၀၅ ခုနှစ်တွင် စတင်လာခဲ့ပြီး ပုဂ္ဂလိက အင်တာနက်ကဖေး အများသည် အများပြည်သူသုံး သတင်းအချက် စင်တာများအဖြစ် မှတ်ပုံတင်လာခဲ့ရသည်။

၂၀၀၆ ခုနှစ်တွင် bagan cyber tech သည် မူလပိုင်ရှင်ဖြစ်သူထံမှ အစိုးရသို့ လွှဲပေးခဲ့ရပြီး အစိုးရတပိုင်း အင်တာနက် ဝန်ဆောင်မှုလုပ်ငန်း ဖြစ်လာခဲ့သည်။ ထိုအချိန်မှစတင်ကာ bagan cyber tech သည် Myanmar Tele port အမည်ဖြင့် ပြောင်းလဲသွားပြီး ၎င်း၏ ဝန်ဆောင်မှုများသည် တစထက်တစ ညံ့လာခဲ့သည်။

၂၀၀၇ ခုနှစ်သည် မြန်မာတနိုင်ငံလုံးတွင် ADSL အသုံးပြုနိုင်သော မြို့ပေါင်း ၃ဝ ရှိလာသည့်အတွက် ထိုနှစ်အတွင်း အင်တာနက်ကဖေးများ အများဆုံး ဖွင့်လှစ်လာနိုင်ခဲ့သည်။

အင်တာနက်ဝန်ဆောင်မှု အသုံးပြုလိုသူများသည် MPT ထံမှသာ ချိတ်ဆက်ဝယ်ယူလာကြပြီး MPT ၏ ဝန်ဆောင်မှုနှင့် အင်တာနက် မြန်နှုန်းများလည်း ပိုမိုမြင့်မားလာခဲ့သည်။

၂၀၀၇ အတွင်းမှာပင် အင်တာနက် ဖြတ်တောက်မှုများ ဖြစ်ပေါ်လာခဲ့ပြီး ISP များဖြစ်ကြသည့် MPT နှင့် Myanmar tele-port သည် အင်တာနက် website အများအပြားကို ပိုမိုပိတ်ဆို့လာခဲ့သဖြင့် အင်တာနက်အသုံးပြုသူများ အခက်အခဲ ဖြစ်ခဲ့ရသည်။ Yadanarpon tele port အမည်ဖြင့် မြန်မာနိုင်ငံ အထက်ပိုင်းတွင် အင်တာနက်ဝန်ဆောင်မှုများ ဆောင်ရွက်ရန် အများပြည်သူပိုင် အမည်ခံထားသော လုပ်ငန်းတခု စတင်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် အင်တာနက် ကဖေးများ တိုးတက်မှု ပြန်လည်နှေးကွေးလာခဲ့သည်။ သို့သော်လည်း ၂၀၀၆ ခုနှစ် နောက်ပိုင်း အင်တာနက်အသုံးပြုသူ အများဆုံး တိုးတက်လာခဲ့သည်။ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ မြို့ကြီး ၃၆ မြို့သည် ADSL လိုင်း အသုံးပြုနိုင်ကြောင်း MPT က ကြေညာခဲ့သည်။

၂၀၀၈ ခုနှစ်ကုန်ပိုင်းတွင် bagan cyber tech သည် မြန်မာ့ဆက်သွယ်ရေး MPT အောက်သို့ လုံးဝရောက်ရှိသွားခဲ့ပြီး ဝန်ဆောင်မှုနှင့် ဆက်သွယ်ဆောင်ရွက်မှုများ အားလုံးကို MPT ကသာ တိုက်ရိုက်ကိုင်တွယ်လာခဲ့သည်။

၂၀၀၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဒုတိယမြောက် ပုဂ္ဂလိက အင်တာနက်ဝန်ဆောင်မှုဟု ခေါ်ဆိုနိုင်သည့် Red-link လုပ်ငန်းစုသည် ရန်ကုန်နှင့် မန္တလေးမြို့များအတွက် မျိုးဆက်သစ် broadband ဝန်ဆောင်မှုတခုအဖြစ် Wi-max အင်တာနက် connection ကို စတင်ရောင်းချပေးလာခဲ့သည့် ပြင်ပလုပ်ငန်း ဖြစ်လာသည်။ Wi-max ကို Myanmar tele-port မှ အပြင် MPT မှပါ ရောင်းချနေခဲ့သော်လည်း လူအများစုသည် Red-link မှသာ ဝယ်ယူအသုံးပြုခဲ့သည်။ ထိုဝန်ဆောင်မှု၏ ဈေးနှုန်းသည် ကနဦးတပ်ဆင်ကြေး $1800 ဖြစ်ပြီး လစဉ်ကြေးမှာ ဝန်ဆောင်မှုအလိုက် $35 မှ $135 ထိရှိသည်။ Red-link သည် ဝန်ဆောင်မှုရောင်းချခြင်း၊ ပစ္စည်းတပ်ဆင်ပြုပြင်ခြင်းနှင့် connection ဆိုင်ရာ ချိတ်ဆက်မှုများကိုသာ လုပ်ကိုင်ခွင့်ရရှိပြီး gateway ကဲ့သို့ server များဖြင့် အင်တာနက်သို့ အပြီးသတ် ချိတ်ဆက်မှုများကို MPT မှပင် လုပ်ကိုင်ဆောင်ရွက်သည်။

၂၀၀၉ ခုနှစ်အစပိုင်းမှ စတင်ကာ မြန်မာနိုင်ငံအတွင်း အင်တာနက်ကဖေးများ ဖွင့်လှစ်မှုသည် လုံးဝရပ်ဆိုင်းတော့မတတ် ဖြစ်လာခဲ့ပြီး ကွန်ပြူတာဈေးနှုန်းများ ကျဆင်းနေသည့်ကြားမှာပင် အင်တာနက်ကဖေးများသည် ညံ့ဖြင်းသည့် အင်တာနက် ကော်နက်ရှင်ကြောင့်လည်းကောင်း၊ များပြားလာသော အင်တာနက်ကဖေးများကြောင့်လည်းကောင်း ဈေးကွက်ဝေစု မမျှတခြင်းကြောင့်လည်းကောင်း တိုးချဲ့ဖွင့်လှစ်မှုများ မရှိသလောက် နှေးကွေးသွားခဲ့သည်။

အများစုသည် ADSL လိုင်းကို ချိတ်ဆက်ထားပြီး ၂၀၀၈ ခုနှစ် နောက်ပိုင်းမှာ Wi-max လိုင်းကို ချိတ်ဆက် အသုံးပြုလာကြသည်။ ထို့ကြောင့် ADSL အသုံးပြုသူများအနေဖြင့် များပြားလှတဲ့ အသုံးပြုသူများကြောင့် ကော်နက်ရှင် ကျပ်တည်းမှုကို ရင်ဆိုင်ရပြီး ISP များအနေဖြင့် လိုင်းအားတိုးချဲ့မှုများ မရှိသဖြင့် ရန်ကုန်မြို့ပေါ်ရှိ အင်တာနက်ကဖေးများ အနေဖြင့် ADSL လိုင်းအပြင် broadband နည်းပညာအသစ်ဖြစ်တဲ့ Wi-max ကို ဆက်လက်ချိတ်ဆက်ကာ မိမိတို့ဆိုင်၏ အင်တာနက် ဝန်ဆောင်မှု စွမ်းအားကို ဆက်လက်ကျားကန်နေရသည်။ သို့သော်လည်း လျှပ်စစ်မီးပြတ်တောက်ခြင်း - အင်တာနက် ကော်နက်ရှင် နှေးကွေးလာခြင်းတို့က စားသုံးသူများကို ကြာရှည်မထိန်းထားနိုင်တဲ့အတွက် အင်တာနက် ကဖေးများသည် ဝင်ငွေကျဆင်းမှုဖြင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။

၂၀၀၉ ဒီဇင်ဘာတွင် Red-link အနေဖြင့် ငွေကြိုသွင်းစနစ်သုံး wi-fi ကွန်ယက်ကို ရန်ကုန်မြို့အထင်ကရ နေရာ ၈ ခုတွင် အသုံးပြုနိုင်ရန် စီစဉ်ထားပြီး www.enjoy.net.mm အမည်ဖြင့် portal site တခုကိုလည်း လွှင့်တင်သွားမည်ဖြစ်သည်။

၂၀၀၉ ခုနှစ် ၆ လပိုင်းနောက်ပိုင်းအထိ မြန်မာ့ဆက်သွယ်ရေး MPT နှင့် Myanmar tele-port ထံမှ ADSL တပ်ဆင်ကြေးသည် $ 2000 ကျော်ထိရှိနေပြီး ၊ IP-star သည် အရောင်းအဝယ် မရှိသလောက် နှေးကွေးနေသော်လည်း ကာလပေါက်ဈေး သိန်း ၅ဝ နီးပါး ရှိသည်။ Wi-max ပေါက်ဈေးသည် $1800 ဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် နိုင်ငံအနှံ့ မြို့ကြီး ၃၆ မြို့အထိ ADSL အသုံးပြုနေနိုင်ပြီဖြစ်သော်လည်း ရန်ကုန် ၊ မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင်တို့သာ အင်တာနက်အသုံးပြုသူများပြားပြီး အခြားမြို့ကြီးများဖြစ်တဲ့ ပခုက္ကူ၊ မုံရွာ၊ စစ်တွေ၊ တောင်ငူနှင့် နေပြည်တော်တို့မှာ အင်တာနက် အသုံးပြုမှု နည်းပါးတာတွေ့ရသည်။ အလွတ်သဘော စစ်တမ်းများအရ ၂၀၀၈ ခုနှစ်ထိ မြန်မာအင်တာနက် အသုံးပြုသူ အရေအတွက်အနေဖြင့် ဒေသတွင်းနိုင်ငံများအောက် များစွာ ကျဆင်းနေဆဲဖြစ်ပြီး၊ အများစုသည် ရန်ကုန်မှတဆင့် အသုံးပြုကြသူများဖြစ်သည်။ ရန်ကုန်သည် မြန်မာအင်တာနက် သုံးစွဲသူများ၏ ၈၅ % ကို ပိုင်ဆိုင်ထားပြီး အင်တာနက်ကဖေး အများဆုံးရှိသော မြို့လည်း ဖြစ်၏။ ရန်ကုန်မြို့ပေါ်တွင် တရားဝင်စာရင်းအရ ဆိုက်ဘာ ကဖေးပေါင်း ၃၅ဝ ရှိပြီး ဒီထက်ပိုများပြားနိုင်ပါသည်။

မြန်မာနိုင်ငံတခုလုံး၏ အင်တာနက် ရရှိမှုနှုန်းသည် စုစုပေါင်း 7.8 Gps ရှိပြီး ၂၅ % ကိုသာ ပြည်တွင်း သုံးစွဲမှုအတွက် အသုံးပြုထားပါသည်။ နေပြည်တော်ရှိ ဝန်ကြီးဌာနများ အားလုံး ဖိုက်ဘာကြိုး တိုက်ရိုက်ထားရှိသုံးစွဲပြီး ရန်ကုန်-နေပြည်တော် VOIP သုံးစွဲနိုင်ပါသည်။ နောက်ဆုံးအနေဖြင့် ၂၀၀၉ ခုနှစ်နောက်ဆုံး လများအတွင်း MPT မှ ရန်ကုန်မြို့တွင်း ဖိုက်ဘာ တိုက်ရိုက် အင်တာနက်ဆက်သွယ်မှုများကို တပ်ဆင်ပေးနေပြီး ကနဦးတပ်ဆင်စရိတ် $2500 ဖြစ်ပြီး လစဉ်ကြေး $500 ဖြစ်နေတာကြောင့် ပြင်ပအသုံးပြုမှုများ နည်းနေပြီး စီးပွားရေးလုပ်ငန်းကြီးအချို့သာ ချိတ်ဆက်အသုံးပြုကြောင်း တွေ့ရသည်။

လက်ရှိအချိန်ထိ တရားဝင် အင်တာနက် ဝန်ဆောင်မှုများအတွက် ပေးထားသော ကွန်နက်ရှင် အမြန်နှုန်းများမှာ
1။ 128kbs (home)
2. 256kbs (office)
3. 512kbs (Biz)
4. 1Mbs (လက်ရှိအချိန်တွင် ရန်ကုန်မြို့ပေါ်တွင်သာ အသုံးပြုနိုင်ပြီး ခွင့်ပြုမှု အလွန်နည်းပါး)

မြန်မာ့တယ်လီဖုန်းနှင့် အင်တာနက်ဆက်သွယ်မှု

တကယ်တော့ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဆောင်ရွက်မှုများအားလုံးသည် မြန်မာ့ဆက်သွယ်ရေး (MPT) လက်အောက်မှ လုပ်ဆောင်ကြရတာဖြစ်ပါတယ်။ တယ်လီဖုန်းဝန်ဆောင်မှုသည် မြန်မာ့ဆက်သွယ်ရေးမှသာ တိုက်ရိုက်ကိုင်တွယ်ထားသော လုပ်ငန်းတခုဖြစ်သည်။ နိုင်ငံတနံတလျားရှိ တယ်လီဖုန်းဆက်သွယ်မှုများ အင်တာနက် ဝန်ဆောင်မှုများအတွက် ရောင်းချမှုနှင့် ပြုပြင်ထိန်းသိမ်းမှု အားလုံးကို အစိုးရ အသိအမှတ်ပြု မြန်မာ့ဆက်သွယ်ရေးကသာ ပြုပြင်ထိန်းသိမ်းခန့်ထားဆောင်ရွက်ခြင်းဖြင့် ဆောင်ရွက်ထားရှိသည်။ အကြမ်းအားဖြင့် နှစ်ပေါင်း ၂ဝ အတွင်း မြန်မာ့ဆက်သွယ်ရေးသည် စီမံကိန်းများစွာဖြင့် တပြည်လုံးရှိ ဆက်သွယ်ရေး ကွန်ယက်ကို ပိုမိုကောင်းမွန်လာအောင် ပြုပြင်မှုများ လုပ်ခဲ့ပါသည်။ တယ်လီဖုန်းလိုင်းပေါင်း တသိန်းခန့်ကို ထိန်းသိမ်းဆောင်ရွက်နေရာမှ ၂၀၀၈ ခုနှစ်မှာ တယ်လီဖုန်းတပ်ဆင်မှုဟာ တနိုင်ငံလုံးမှာ တသန်းနီးပါး ရှိလာပြီဖြစ်သည်။ သို့သော်လည်း လိုင်းဖုံးချထားပေးမှုသည် ၂၀၀၉ ခုနှစ်ထိ ၂ % သာ တိုးတက်မှု ရှိသည်။ တယ်လီဖုန်းလိုင်း လျှောက်ထားပြီး စောင့်စားနေသူများ အများအပြားရှိနေခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ယခုထက်ပိုမိုသည့် လိုင်များ ဆက်လက်ချထားပေးရန် လိုနေပါသေးသည်။

ရန်ကုန်နှင့် မန္တလေးမြို့များတွင် လိုင်းဖုံးအရေအတွက် အများအပြားကို ချထားပေးခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးအနေဖြင့် လိုင်းပေါင်း ၅ သိန်းခန့် ဆက်လက်တိုးချဲ့ရန် ရှိနေကြောင်း သိရသည်။ အဲဒီလုပ်ငန်းအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုကတော့ ဒေါ်လာ သန်းပေါင်းများစွာခန့်ရှိပြီး ထိုငွေများ ရရှိရန် အတော်လေး ခက်ခဲနေသေးသည်။ မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေသော်လည်း ဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေး ပေါ်လစီအရ ဤသည်မှာ ကန့်သတ်မှုများ ရှိနေသဖြင့် ထင်ထားသလောက် တိုးတက်မှု ရှိမလာကြောင်း ဒေသတွင်း နိုင်ငံများ၏ ဆက်သွယ်ရေး ဖွံဖြိုးမှုများကိုကြည့်ပြီး သိနိုင်ပါသည်။ လက်ရှိအနေဖြင့် ပြည်တွင်းမှာ လက်ရှိအသုံးပြုနေသည့် ဆက်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုမှ ရရှိမှုသည် တနှစ်လျှင် ဒေါ်လာ ၆ သန်းခန့် ရရှိနေပြီး တိုင်းပြည်အတွက် ဝင်ငွေများစွာ ရှာပေးနိုင်သည့် လုပ်ငန်းတခုအဖြစ် ဆက်သွယ်ရေးလုပ်ငန်းသည် တည်ရှိနေသည်ကိုလည်း အားလုံးနားလည်နိုင်ကြသည်။

မြန်မာနိုင်ငံအတွင်း ၂၀၀၈ ခုနှစ်ထိ ကျေးရွာပေါင်း ၆၀၀၀ ခန့်သာ တယ်လီဖုန်းလိုင်းတပ်ဆင်ရန် ကျန်ရှိနေသည်။ မိုက်ခရိုဝေ့ ဆက်ကြောင်းများစွာကို ဆက်လက်တည်ဆောက်ပေးနေပြီး မိုဘိုင်းကွန်ယက်ကို ကျယ်ပြန့်စွာ ဖြန့်ကျက်နိုင်ရန် ကြိုးစားနေသည်ကို တွေ့နိုင်သည်။ ရန်ကုန်မြို့ပေါ်မှာ ယနေ့အထိ တည်ဆောက်ပြီးစီးသည့် မိုဘိုင်းဆက်ကြောင်း စခန်းပေါင်း ၃ဝ နီးပါး ရှိနေပြီဖြစ်သည်။ တနိုင်ငံလုံး အတိုင်းအတာနှင့် ဂြိုဟ်တုဆက်ကြောင်းများ မိုက်ခရိုဝေ့ ဆက်ကြောင်းများနှင့် လွယ်ကူစွာ ချိတ်ဆက် အသုံးပြုနိုင်အောင် ဆောင်ရွက်နေကြောင်း အစိုးရမှ ပြောဆိုနေသော်လည်း မိုဘိုင်းတယ်လီဖုန်း ရရှိမှု အချိုးအစားသည် ကန့်သတ်မှုများစွာ အောက်မှာ ရှိနေပြီး အမှန်တကယ် အသုံးလိုသူများသည် မိုဘိုင်းဖုန်းကို တရားဝင် ရရှိရန်အတွက် စောင့်ဆိုင်းနေရဆဲဖြစ်သည်။

၂၀၀၈ ခုနှစ်နောက်ပိုင်း ကျဆင်းလာသည့် ပြင်ပမိုဘိုင်းဖုန်း ဈေးနှုန်းများကြောင့် အရောင်းအဝယ်များ ထိုင်းမှိုင်းနေပြီး ၂၀၀၉ ခုနှစ်အတွင်း ဈေးသက်သည့် မိုဘိုင်းတယ်လီဖုန်း အများအပြားကို MPT ကပဲ ဆက်လက်ရောင်းချပေးခဲ့သည်။ သို့သော်လည်း ဤပစ္စည်းများသည် အမှန်တကယ် အသုံးပြုလိုသူများထံ တိုက်ရိုက်ရောက်ရှိမှု နည်းနေသဖြင့် ပြင်ပဈေးကွက်သည် ပြန်လည်လှုပ်ရှားခဲ့သည်။ ၂၀၀၉ ခုနှစ်အတွင်း မိုဘိုင်းဖုန်းဈေးနှုန်းသည် အနိမ့်ဆုံးကို ရောက်ရှိကာ WCDMA, CDMA, GSM တို့သည် ဈေးမတိမ်းမယိမ်း အနေအထားရောက်ရှိခဲ့သည်။ cell phone များသည်လည်း ဆက်လက်ထုတ်ပေးခြင်း မရှိတော့သော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ် ရှိနေဆဲဖြစ်သည်။ ၂ဝ၁ဝ နှစ်ဆန်းပိုင်းတွင်တော့ ရန်ကုန်နှင့် မန္တလေး၊ နေပြည်တော်တို့တွင်ပါ အသုံးပြုနိုင်မည်း CDMA များကို ကနဦး ပေးသွင်းငွေ ၅ သိန်းဖြင့် ရောင်းချမည်ဟု ကြေညာထားသည်။ သို့သော်လည်း ထိုအကြောင်းအရာသည် ယခင်နည်းများအတိုင်း လိုအပ်သူများအတွက် သီးသန့်ဈေးကွက်တခု ပေါ်ပေါက်လာစေမည့် အခွင့်အလမ်းတခုသာ ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိ အမျိုးအစားစုံ မိုဘိုင်းအသုံးပြုသူ အရေအတွက်သည် ၅ သိန်းနီးပါးခန့် ရှိသည်။ လူဦးရေ ၅ သန်းနီးပါးရှိသော ရန်ကုန်မြို့ပေါ်တွင် မိုဘိုင်းလိုင်းပေါင်း ၂ သိန်းကျော်သာရှိသဖြင့် အသုံးပြုသော အရေအတွက် ၃ % ခန့်သာ ရှိသည်။ တကယ်တမ်း ရန်ကုန်မြို့တခုထည်းတင် ဒေသတွင်းနိုင်ငံများအလိုက် ရောင်းချပေးနိုင်သည့် ဈေးနှုန်းများဖြင့် မိုဘိုင်းလိုင်းများကို ဝယ်ယူနိုင်မည်ဆိုပါက အားကောင်းသော ဈေးကွက်တခု ဖော်ဆောင်နိုင်မည်ဖြစ်သည်။ လက်ရှိအနေဖြင့် GSM prepaid card များကို $10, $20 တို့ဖြင့် ရောင်းချပေးနေသော်လည်း ခေါ်ဆိုစရိတ် ကြီးမြင့်မှုကြောင့် အသုံးပြုမှုအနေဖြင့် ထင်ထားသလောက် တိုးတက်မှု မရှိကြောင်း တွေ့ရသည်။

CDMA $ 50 တန်ကဒ်များကိုလည်း ထုတ်လုပ်ရောင်းချပေးနေပြီး ရန်ကုန်မြို့ပေါ်မှာ အသုံးပြုသည့်အခါ တခါတရံ အခက်အခဲဖြစ်ခြင်း၊ ခေါ်ဆိုခ မြင့်မားနေခြင်း၊ လက်ကိုင်ဟန်းဆက်များ အလွယ်တကူ ဈေးသက်သာစွာ ဝယ်မရခြင်းတွေကြောင့် သူလည်းပဲ ထင်သလောက် ရောင်းချရခြင်းမရှိဖြစ်သည်။ ကောလာဟလများအရ ၂ဝ၁ဝ နှစ်ဆန်းပိုင်းအတွင်း GSM များကို ငွေကြိုသွင်းကဒ်များအပြင် ပြန်လည်ငွေဖြည့် အသုံးပြုနိုင်ရန် စီစဉ်နေကြောင်းလည်း ထွက်ပေါ်နေသည်။ ၂ဝ၁ဝ ဆန်းပိုင်းမှာ နယ်မြေကန့်သတ်အသုံးပြုနိုင်သည့် CDMA ဖုံးကဒ်များကို အရေအတွက် ကန့်သတ်ရောင်းချတော့မည်ဖြစ်ပြီး ဈေးနှုန်းသည် အစိုးရသွင်းဈေး ၅ သိန်းသာ ရှိသဖြင့် အများစုက စိတ်ဝင်စားနေသော်လည်း အသုံးပြုရန် နေရာဖြစ်သော မြို့နယ်များအပေါ် ကန့်သတ်ထားတာကြောင့် ထင်သလောက် ဝယ်ယူမှု ရှိမရှိဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်နေသည်။ သို့သော်လည်း ရန်ကုန်မြို့ပေါ်တွင် အဆိုပါ ဖုန်းလျှောက်လွှာများ ရောင်းကောင်းနေသည်ကို တွေ့နိုင်သည်။

ဖိုင်ဘာဆက်သွယ်မှု အကြောင်း

မြန်မာနိုင်ငံ၏ အဓိကျသော ဖိုင်ဘာဆက်ကြောင်းကို ကပ္ပလီပင်လယ်ပြင်မှတဆင့် ဆက်သွယ်ပြီး ဧရာဝတီတိုင်း ဖျာပုံမှ ကုန်းတွင်းပိုင်းကို ချိတ်ဆက်ခြင်း ဖြစ်သည်။ ထိုမှတဆင့် ငဝန်မြစ်၊ ပုသိမ်မြစ်နှင့် ရန်ကုန်မြစ် ရေအောက်လမ်းကြောင်း ပြန်ဆင်းပြီး ရန်ကုန်ကြည့်မြင်တိုင် ဆိပ်ကမ်းမှတဆင့် ဟံသာဝတီ အိတ်ချိန်းကို ဆက်သွယ်သည်။

ဟံသာဝတီအိတ်ချိန်းသည် မူလက မြန်မာ့ဆက်သွယ်ရေးအတွက် အရေးပါသည့် အင်တာနက် ဆက်သွယ်မှု ဂိတ်တခု ဖြစ်သည်။ ယခုလက်ရှိအထိပါ သုံးစွဲနေဆဲဖြစ်သည်။ မကြာမီအချိန်တွင် ရတာပုံတယ်လီပို့မှတဆင့် ဂိတ်ဝေးတခုကို တည်ဆောက်ပြီး တနိုင်ငံလုံးက အင်တာနက် အထွက်အဝင် အားလုံးကို ထိမ်းချုပ်သွားမည်ဖြစ်သည်။ ဖိုင်ဘာဆက်ကြောင်းကို ၂၀၀၁ ခုနှစ်တွင် စတင်ဆက်သွယ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် တည်ဆောက်မှု ပြီးစီးသည်။ ထိုကတည်းက တဆက်တည်းမှာပဲ နေပြည်တော် တိုက်ရိုက် ဖိုင်ဘာဆက်ကြောင်းကို ရန်ကုန်-မိတ္ထီလာ-မန္တလေး လမ်းကြောင်းမှ နေပြည်တော် သီးသန့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်မှုများကို ဆောင်ရွက်ခဲ့ပြီး ပြင်ပကုမ္ပဏီတချို့ကို တည်ဆောက်ဆက်သွယ်စေခဲ့သည်။ တပ်မတော် ဆက်သွယ်ရေးတပ်ဖွဲ့ လက်အောက်မှတဆင့် ဆောင်ရွက်ကြရပြီး နည်းပညာပိုင်းကိုသာ အဓိက ပံ့ပိုးစေခဲ့သည်။

အများအားဖြင့် ဝန်ကြီးဌာန ချိတ်ဆက်မှုများကို မြန်မာနိုင်ငံ ကွန်ပြူတာ အသင်းချုပ်တွင် ပါဝင်သည့် ကုမ္ပဏီများကသာ ရရှိဆောင်ရွက်ရပြီး မကြာခဏ အပြောင်းအလဲ ရှိသည်။ ဆက်သွယ်ရေး ဝန်ထမ်းများအတွက် နည်းပညာ သင်ကြားမှုကို အိန္ဒိယနိုင်ငံနှင့် ကိုရီးယားနိုင်ငံတွင် သွားရောက်စေလွှတ် သင်ကြားစေခဲ့ပြီး ရန်ကုန်မြို့ အောက်ပုဇွန်တောင်ရှိ ဆက်သွယ်ရေး သင်တန်းကျောင်းမှတဆင့် အခြားဝန်ထမ်းများကို လက်ရှိအထိ ပြန်လည်သင်ကြားမှုများကို ဆောင်ရွက်လျက်ရှိသည်။

မူလ ဖိုင်ဘာဆက်ကြောင်း ချိတ်ဆက်စဉ်ကာလအတွင်း နေပြည်တော် ဆက်ကြောင်းများသည် မကြခဏ ပြတ်တောက်မှုများ ရှိခဲ့သည်။ ဖိုင်ဘာဆက်ကြေင်းရှိရာ လယ်ယာမြေများအတွင်း စိုက်ပျိုးမှုများကြောင့် ဖိုက်ဘာကြိုးထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံအချို့ကလည်း ညအခါမှာ လာရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သဖြင့် ဖိုင်ဘာဆက်ကြောင်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် ဆက်သွယ်မှု လမ်းကြောင်း လုံခြုံစေရန်အတွက် ဆက်ကြောင်းတလျှောက် မီတာ ၁၀၀ ပတ်ဝန်းကျင်ကို ခြံခတ်ပေးထားပြီး သိမ်းဆည်းလယ်မြေများအတွက် လျော်ကြေးပေးခဲ့သည်။ လိုအပ်သော ဖိုင်ဘာ ဆက်ကြောင်းသုံးပစ္စည်းများနှင့် စက်ပိုင်းဆိုင်ရာများကို ဝယ်ယူရာမှာ Alalibaba.com ကဲ့သို့ အင်တာနက်ဆိုဒ်များပေါ်ကနေ တိုက်ရိုက် မှာယူတင်သွင်းလေ့ရှိပြီး တခါတရံတွင် အစိုးရနှင့်နီးစပ်သော လုပ်ငန်းတချို့က တင်သွင်းခွင့် ရလေ့ရှိသည်။ ဖိုင်ဘာဆက်ကြောင်းများ ပြီးစီးသည့် အချိန်မှစတင်ပြီး ပုဂံ (ယခု Myanmar tele-port) ကနေပြီး မြန်မာ့ဆက်သွယ်ရေးနှင့်အတူ ADSL အင်တာနက် လိုင်းများကို ရောင်းချခွင့်ရှိခဲ့ခြင်း ဖြစ်သည်။

ADSL စတင်ရောင်းချချိန်တွင် ပထမဆုံးသော နည်းပညာများကို ကိုရီးယားနိုင်ငံမှ ရရှိခဲ့ပြီး လိုအပ်သည့် စက်များကိုလည်း တောင်ကိုရီးယားမှတဆင့် တင်သွင်းခဲ့ပြီး နောက်ပိုင်းတွင် ရောင်းချသော ADSL2 ဆိုသည်များကို အိန္ဒိယမှ ရရှိသည့် နည်းပညာများဖြင့် ပြောင်းလဲချိတ်ဆက်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးမှ ဝန်ထမ်း ၁၀၀ ကျော်ကို အိန္ဒိယတွင် နည်းပညာ သင်ကြားမှုများအတွက် စေလွှတ်ခဲ့သည်။

မြန်မာ-တရုတ် ဖိုင်ဘာအမြန်ဆက်ကြောင်းကို ၂၀၀၉ ခုနှစ်အတွင်း ပြီးစီးခဲ့ပြီး မေမြို့အနီးက ရတနာပုံ ဆိုင်ဘာစီးတီးနှင့် ကူမင်းမြို့ကို တိုက်ရိုက်ချိတ်ဆက်ထားခဲ့သည်။ မဟာမဲခေါင် ဒေသတွင်းနိုင်ငံများ ဖိုင်ဘာဆက်ကြောင်းအတွက် ရန်ကုန်-သထုံ လမ်းကြောင်းမှ ဘန်ကောက်အထိတခုနှင့် ရန်ကုန်-ချင်းရိုင်ခရိုင်အတွင်း တခုကို ရန်ကုန်-မိထ္တီလာ-နေပြည်တော် ဆက်ကြောင်းက ချိတ်ဆက်ထားခဲ့သည်။ ထိုသို့သော ချိတ်ဆက်မှုများကြောင့် ပြည်တွင်း အင်တာနက် ကော်နက်ရှင်များသည် မြန်ဆန်မှုများ ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ရသော်လည်း ထင်သလောက် မြန်ဆန်မှုမရှိဘဲ ဖြစ်နေဆဲပါ။
မြန်မာ့ဆက်သွယ်ရေးအနေနှင့် ရတနာပုံတယ်လီပို့မှတဆင့် National gateway server တခု ထားရှိဆောင်ရွက်သွားမည် ဖြစ်ပြီး ၂ဝ၁ဝ အတွင်းမှာ ပြည်တွင်း အင်တာနက် ဆက်သွယ်မှု အားလုံး၏ ဝန်ဆောင်မှုများကို အဓိက စုစည်းကိုင်တွယ်သွားဖွယ်ရှိသည်။

အင်တာနက် လုံခြုံရေးနှင့် ပိတ်ဆို့တားဆီးမှုဆိုင်ရာ ဆောင်ရွက်မှုများ

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အင်တာနက် အသုံးပြုမှုများ စတင်ခွင့်ပြုချိန်မှာ ညစ်ညမ်းဆိုဒ်တချို့နှင့် နိုင်ငံရေး ဆိုဒ်တချို့ကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သော်လည်း အခြားသော အင်တာနက် အသုံးပြုမှုဆိုင်ရာ တင်းကျပ်မှုများကို ၂၀၀၂ ခုနှစ်အတွင်းမှာပင် လျှော့ချပေးခဲ့သည်။ အင်တာနက်ဆိုင်တချို့ ပေါ်ပေါက်လာသည့် ၂၀၀၁ ခုနှစ်အတွင်း အင်တာနက် အသုံးပြုသူများအနေဖြင့် မှတ်ပုံတင်ပြမှသာ အင်တာနက်အသုံးပြုခွင့် ရရှိခဲ့ရာမှ ၂၀၀၃ ခုနှစ်မှစတင်၍ ထိုသို့ အသုံးပြုသူများအပေါ် ပိတ်ပင်မှုများ လျှော့ချပေးခဲ့သည်။ ပုဂံဆိုက်ဘာတက် ပေါ်ပေါက်လာပြီးနောက် အင်တာနက်ကဖေးများ ဆက်လက်ပေါ်ပေါက်လာပြီး အင်တာနက် ISP ပိတ်ဆို့ထားသည့် ဆိုဒ်အရေအတွက် ပိုမိုများပြားလာခဲ့သည်။ အထူးသဖြင့် မြန်မာ့ဆက်သွယ်ရေးထက် ပုဂံဆိုဒ်ဘာတက်သည် ပိတ်ဆို့မှု ပိုမိုများပြားကြောင်း အသုံးပြုသူများအကြား ရေပန်းစားခဲ့သည်။

ညစ်ညမ်းဆိုဒ်များ အားလုံးကို ပိတ်ပင်ထားခဲ့ပြီး နိုင်ငံရေးဆိုဒ်များ ပိတ်ဆို့မှုများကို လိပ်စာတိုက်ရိုက် ပိတ်ဆို့မှုများဖြင့် စတင်ခဲ့သည်။ အဆိုပါ ပိတ်ဆို့မှုများကို ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း အများအပြား ပြုလုပ်ခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးက ရယူထားသည့် အင်တာနက် ကော်နက်ရှင် အသုံးပြုသူများအနေဖြင့် ပုဂံဆိုက်ဘာတက်က ပိတ်ဆို့ထားသည့် ဆိုဒ်များကို အသုံးပြုနေနိုင်သည်ကို တွေ့ရသည်။ ပုဂံဆိုက်ဘာတက်အနေဖြင့် မြန်မာ့ဆက်သွယ်ရေးသို့ ပိုင်ဆိုင်မှု လွှဲပြောင်းခြင်း မပြုမီကာလအတွင်း အင်တာနက်ဆိုင်များ လိုက်နာရမည့် စည်းကမ်းများကို မြန်မာနိုင်ငံ ကွန်ပြူတာ အသင်းချုပ်က ချမှတ်ပေးခဲ့ပြီး လိုက်နာရန် ခက်ခဲသည့် အငြင်းပွားဖွယ် စည်းကမ်းချက် ၂ဝ ကျော်ကို ချမှတ်ထားပေးပြီး အများပြည်သူသုံး သတင်းအချက်အလက် စင်တာ (PAC) လိုင်စင်များကို မြန်မာနိုင်ငံ ကွန်ပြူတာအသင်းချုပ်နှင့် မြန်မာအင်ဖိုတက်တို့က ထုတ်ပေးခဲ့သည်။ ၂၀၀၇ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေများကြောင့် အင်တာနက်ဆိုင်ရာ တားဆီးပိတ်ဆို့မှုများကို ပိုမိုလုပ်ဆောင်လာပြီး ပုဂံဆိုက်ဘာတက် (မြန်မာတယ်လီပို့) က Blogger.com ကို ဆက်လက်ပိတ်ဆို့ခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးအနေဖြင့် ပိတ်ဆို့မှုမရှိဘဲ ၁ နှစ်နီးပါးခန့်အထိ ဖွင့်ပေးထားခဲ့သည်ကို ကြည့်ခြင်းအားဖြင့် အင်တာနက်ပိတ်ဆို့မှုများသည် အစိုးရပေါ်လစီ အစစ်အမှန် ဖြစ်မဖြစ် စဉ်းစားစရာ အချက်အလက်တခု ဖြစ်လာခဲ့သည်။

ထိုသို့ အင်တာနက် ပိတ်ဆို့မှုများအပြင် ဒေတာ အချက်အလက်များကို စောင့်ကြည့်အကဲဖြတ်မှုများ လုပ်ဆောင်သည်ဟု မြန်မာ့ဆက်သွယ်ရေးနှင့် ပုဂံ (မြန်မာတယ်လီပို့) တို့ကို အသုံးပြုသူများက ယုံကြည်နေကြသဖြင့် အသုံးပြုသူများဘက်ကပါ အင်တာနက် အသုံးပြုခြင်းဆိုင်ရာ လုံခြုံရေးအဆင့်အတန်း မြင့်မားလာစေရေးအတွက် ပိုမိုဂရုပြု လုပ်ဆောင်လာကြသည်။ ၂၀၀၉ ခုနှစ်အတွင်းမှာ အလွတ်သဘော စစ်တမ်းများအရ အသုံးပြုသူ ၆၅ % ဟာ မိမိ အသုံးပြုခဲ့သည့် ဒေတာလမ်းကြောင်းများကို ပြန်လည်ဖျက်ဆီးခြင်းနှင့် IP address များကို ဖော်ပြခြင်း မပြုနိုင်အောင် ပြုလုပ်ထားသည့် နည်းပညာအသုံးပြု ပရိုဂရမ်များကို နားလည်အသုံးပြုလာကြသည်။

မြန်မာ့ဆက်သွယ်ရေးအနေဖြင့်ရော ပုဂံ (မြန်မာတယ်လီပို့) အနေဖြင့်ပါ ရန်ကုန်ရှိ ဟံသာဝတီ ဂိတ်ဝေးမှတဆင့် အင်တာနက် အဝင်အထွက်များကို ဖြတ်သန်းစေခဲ့ပြီး ပုဂံ (မြန်မာတယ်လီပို့) သီးသန့်အနေဖြင့်လည်း မြန်မာ အင်ဖိုတက်ဝင်းအနီးရှိ ရုံးချုပ်မှတဆင့် အင်တာနက် လုံခြုံရေးနှင့် ထပ်ဆင့်ပိတ်ဆို့မှုများ၊ mirror server နှင့် firewall server များကို တိုးတက်သည်ထက် တိုးတက်အောင် ပြုပြင်ဆောင်ရွက်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ရုရှားမှ နည်းပညာရှင်များကို အချိန်ပိုင်း ငှားရမ်းလုပ်ဆောင်ခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးအနေဖြင့် တရုတ်ပညာရှင်အချို့ကိုပါ ခေါ်ယူအသုံးပြုခဲ့သည်ဟု ဆိုပါသည်။ လက်ရှိအချိန်အထိ မြန်မာ့ဆက်သွယ်ရေးအောက်ကို လုံးလုံးလျားလျား ရောက်ရှိသွားသည့် ပုဂံ (မြန်မာတယ်လီပို့) ရုံးချုပ်အတွင်း နိုင်ငံခြားသား ဝန်ထမ်းများ ခန့်ထားမှုကို ဆောင်ရွက်ထားပြီး မကြာခင် ပြီးစီးတော့မည့် ရတနာပုံ တယ်လီပို့ရှိရာ ရတနာပုံ ဆိုက်ဘာစီးတီးအတွက် ပရောဂျက်များကို တရုတ်နှင့် ရုရှား ပညာရှင်များ ပူးတွဲလုပ်ဆောင်ထားကြောင်း သိရသည်။ ၂၀၀၉ ခုနှစ်အတွင်း အစ္စရေး ပညာရှင်တချို့ဖြင့် ရတနာပုံ ဆိုက်ဘာစီးတီးအတွင်း ထားရှိမည့် National Gateway အတွက် တပ်ဆင်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဆိုသည်။

ရတနာပုံ တယ်လီပို့ရှိ တပ်ဆင်မှုများသည် ၁၀၀% နီးပါး ပြီးစီးနေပြီဖြစ်သည်။ မကြာခင် အချိန်အတွင်း ရတနာပုံ တယ်လီပို့မှနေပြီး တပြည်လုံးရှိ အင်တာနက် အဝင်အထွက်များကို ထိန်းထားမည်ဖြစ်ပြီး၊ မမြင်ရသေးသော ပိတ်ဆို့မှုနှင့် စောင့်ကြည့်မှုများ ဆက်လက်တိုးလက်လာဖွယ် ရှိနေသည်။