ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, March 30, 2010

ကဗျာ

ကဗျာ ဆိုတာ
သာသာ ယာယာ
တီ တီ တာတာ
ကာရန် နဘေ တွေနဲ့ ပေါ့။

ဒီ က ကဗျာ
ကဗျာ ကယာ
ရောက်တက် ရာရာ
မှတ်မိ တွေ့ ရာထွေ သံသရာ ဝဲကတော့။ ။

တစ်

တစ် ဆိုတာ
နှစ် လုပ်မရပါ...

တစ် ပါပီဆို
နှစ် သတက်နှစ်မို့ 

တစ် ဆိုးဆိုးကြီး
နှစ် တိုးပြီး မိုးကြီး

တစ် ဆိုပြီး
နှစ် မျိုး ခွနိုး

တစ် လို လူမှ
နှစ် လိုသတ္တဝါက

တစ် လစ်လစ် နဲ့ 
နှစ် နစ်နစ် လေရဲ့ ။ ။

Friday, March 26, 2010

၃၆ ကောင် ထိုးမလား

ကဲ လာထားနော် ...
လက်ရှောင် ပေါက်ကောင် ဖွင့် မယ်...
ထိုး ထားနော်
အလျှော် အစား များတယ်...
တံငါ သည် လည်း ပေါက်နိုင်တယ်..
မုဆိုးလည်း ပေါက် မယ်..
ငါးသတ် သူလည်း ကံကောင်းမယ်..
သားသတ်သူ လည်း ကံကောင်းမယ်..
အတိတ် တွေ နမိတ်တွေ
အရိပ် တွေ....
ပေးနေတယ် နော်...
တံခါး ပိတ် မနေ နဲ့ 
မထိုးရမှာကို သနားတယ်
တကောင် လာရင် တစေ့ ချီ...
ပုံပြင်တွေကို သိထားတယ်...
နောက်ဆုံးတော့ ကွယ်...
ဒိုင်စားမယ်...

Thursday, March 18, 2010

လေးကောင် ဂျင်ဝိုင်းရှိသည်

အရင် ဖဲကြွေးမရသေးပါ။
ဝက် ကို ဒိုင် ယူထားသည်...
အဖြေ ကို သရီးဒီ မျက်မှန်ဖြင့် ကြည့်ရမည်
အလယ်ပုံ သုံးသိန်း...
မကစားပါ က လောင်းကစားမှုဖြင့် အရေးယူမည်
မျက်မှန် မှာ သိန်းတစ် ရာ အထိ တန်ဖိုးရှိသည်
ဖဲကြွေးကို အတိုးပါ ပေးမည်
သက်စေ့ ရ စေရမည်...
သရီးဒီ မျက်မှန်သည် ဘာကို ကြည့်ကြည့်
အအိပ်အစား အငှား လိုက်သည့်
ဝက်သာမြင်ရမည်။ ။

ကိုညီညီအောင် လွတ်ပြီ

မဇ္ဈိမ
ထောင်ဒဏ် ၃ နှစ်ချခံထားရသည့် အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို စစ်အစိုးရက ယနေ့ မနက်တွင် ပြည်တော်ပြန်ခွင့် ပြုလိုက်ပြီဟု အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ပြောသည်။

သူ့အား ပြည်ထောင်မှ အင်းစိန်ထောင်သို့ ယမန်နေ့ညကတည်းက ပြန်ခေါ်လာခြင်းဖြစ်ပြီး ယနေ့ ၁၂ နာရီတွင် အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေနှင့် တွေ့ဆုံခဲ့သည်။

ကိုညီညီအောင် လွတ်ပြီဖြစ်ကြောင်း အမေရိကန်သံရုံးက အဒေါ်ဖြစ်သူကို ယမန်နေ့က အသိပေးခဲ့သည်။

ယခုအခါ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာလာနေပြီ ဖြစ်သည်။

မိတ္ထီလာရှိ ပါတီ ရုံးခွဲ ဖွင့်ခွင့် ကြိုးပမ်းမှု ဆိုင်းဘုတ်တင်တာနဲ့ ဥပဒေအရ အရေးယူမည့် မြန်ပြည်ရွှေးကောက်ပွဲ

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ ဥပဒေတွေ ထုတ်ပြန်လာတဲ့ တချိန်တည်းမှာပဲ အဓိက ကန့်သတ်မှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ အာဏာပိုင်တွေက ရုံးတွေမှာ ဆိုင်းဘုတ်မတင်ရ၊ အစည်းအဝေး မလုပ်ရ၊ လူမစုရ၊ စသဖြင့် တားမြစ်ပိတ်ပင်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မိတ္ထီလာရှိ ပါတီ ရုံးခွဲ ၁၄ ရက်နေ့က မြို့နယ် အစည်းအဝေးခေါ်တယ်၊ ရုံးပြန်လည်ဖွင့်လှစ်ဖို့ ဆုံးဖြတ်တယ်၊ ဆုံးဖြတ်ပြီး မတ်လ ၁၅ ရက်နေ့မှာ ကိုယ့်ပါတီကို တရားဝင် အကြောင်းကြားပြီးတော့ မြို့နယ် ထွေအုပ်ကို မိတ္တူပေးပြီး အသိပေးလိုက်တယ်။ အဲဒီမှာ ၁၅ ရက်နေ့ နေ့စွဲနဲ့ နေ့လယ်မှာပဲ ဥပဒေ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်နဲ့ အညီသာ နိုင်ငံရေးပါတီရုံး ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း ဆောင်ရွက်ရန်ကိစ္စဆိုပြီး အကြောင်းပြန်တယ်။

“အဲဒီရဲ့ အဓိပ္ပာယ်က စာပိုဒ် ၃ ပိုဒ်နဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂/၂၀၁၀ နဲ့ မတ်လ ၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တဲ့အတိုင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီ အသစ်တွေနဲ့ ပတ်သက်လို့ ရုံးဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းတွေကို ဆောင်ရွက်ခြင်းနဲ့ ပတ်သက်ပြီး သူတို့က ညွှန်ကြားတဲ့အခါမှာ ကျမကို နိုင်ငံရေးပါတီရုံး အသစ်ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းတို့ကို ဆောင်ရွက်ခဲ့လို့ရှိရင် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ် ဆိုတဲ့ဟာကို အကြောင်းကြားတယ်။”

ဝန်ကြီးချုပ် ခရီးစဉ် သစ်ဝါးခုတ်နှင့် ထင်းခွေလုပ်ငန်းပင် မပြုလုပ်ရ

ငြိမ်းချမ်း

စစ်အစိုးရ ဝန်ကြီးချုပ် ရခိုင်ခရီးစဉ်အတွက် ယမန်နေ့မှ စတင်၍ ဘူးသီးတောင်မြို့နယ်တွင် လုံခြုံရေးတိုးမြှင့်ပြီး သစ်ဝါးခုတ်နှင့် ထင်းခွေလုပ်ငန်းပင် မပြုလုပ်ရန် တားမြစ်ခံထားရသည်။

ဖုန်းညိုလိပ်၊ ကြာညိုပြင်၊ ပြာသျှေ၊ တောင်မှော် (ဒိုင်းနာရွာ) အပါအဝင် ကျေးရွာ ၂ဝ ကျော်ကို ထိုကဲ့သို့ အလုပ်များပင် မပြုလုပ်ရန် ပိတ်ပင်ခံရသည်။

ပါတီတခု ၃ သိန်း စပေါ်တင်ရမည်

မြင့်မောင်

ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီတခုသည် ကျပ်ငွေ ၃ သိန်း ကော်မရှင်သို့ ပေးသွင်းရမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းတဦးသည် ကျပ်ငွေ သိန်း ၁ဝဝ အထိ သုံးစွဲခွင့် ပြုထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၁၇ ရက်နေ့စွဲတပ် ထုတ်ပြန်လိုက်ပြီး မနက်ဖြန်တွင် နိုင်ငံပိုင် သတင်းစာများမှတဆင့် ပုံနှိပ်ဖော်ပြမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေတွင် ပါတီတည်ထောင်လိုလျှင် ငွေကျပ် ၃ သိန်းပေးသွင်းရမည်ဟု ပါရှိသည်။

နည်းဥပဒေအရ ကိုယ်စားလှယ်လောင်းတဦးစီသည် ရွေးကောက်ပွဲဆိုင်ရာ အသုံးစားရိတ်ကို ကျပ်ငွေ သိန်း ၁ဝဝ အထိ အမြင့်ဆုံး အသုံးပြုနိုင်သည်ဟုပါရှိသည်။

ထို့အပြင် ပါတီမှတ်ပုံတင်ရာတွင် ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က လက်မှတ်ရေးထိုး လျှောက်ထားရမှာဖြစ်သည်။

မှတ်ပုံတင်ပြီးသည့်နေ့မှစ၍ ရက်ပေါင်း ၉ဝ အတွင်း ပါတီဝင်ဦးရေကို နိုင်ငံအဝှမ်းယှဉ်ပြိုင်မည့်ပါတီဖြစ်လျှင် အနည်းဆုံး ၁ဝဝဝ ၊ ဒေသဆိုင်ရာပါတီဖြစ်လျှင် အနည်းဆုံး ၅ဝဝ ပြည့်မှီအောင် ဖြည့်သွင်းရမှာဖြစ်သည်။

ပါတီတခုသည် အနည်းဆုံး သတ်မှတ်ထားသော ပါတီဝင်အရေအတွက် လျော့နည်းသွားလျှင် ကော်မရှင်ထံ အကြောင်းကြားရမှာဖြစ်ပြီး အကြောင်းကြားသည့်နေ့မှစ၍ ရက် ၉ဝအတွင်း ပြန်လည်ပြည့်မီအောင် စည်းရုံးရမှာဖြစ်သည်။

မြန်မာ့အထည်ချုပ် နာလန်မထူသေး

ကျော်ခ
ကမ္ဘာ့စီးပွား အကျပ်အတည်းကြောင့် ကျဆင်းနေခဲ့သော မြန်မာ့အထည် လုပ်ငန်းများမှာ ပြန်လည် ခေါင်းထောင်နိုင်ခြင်း မရှိသေးကြောင်း အထည်ချုပ် လုပ်ငန်းရှင်များ အသင်းက ပြောသည်။

၂၀၀၈ နှစ် စက်တင်ဘာလကုန် နိုဝင်ဘာလပိုင်းမှ စတင်ကာ မြန်မာ့အထည်ချုပ် လုပ်ငန်းများ၏ ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားရာ လည်းကောင်းကို ဆက်လက်ထိုးကျမသွားအောင် ထိန်းထားနေရဆဲဖြစ်သည်ဟု အထည်ချုပ်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမြင့်စိုးက ပြောသည်။

“World Crisis (ကမ္ဘာ့စီးပွားအကျပ်အတည်း) က ကျနော်တို့ အထည်ချုပ်လုပ်ငန်းတွေကို ၂ဝဝ၈ အောက်တိုဘာ၊ နိုဝင်ဘာတည်းက စဖြစ်လိုက်တာ။ (၂ဝ၁ဝ ခု) ဖေဖေါ်ဝါရီလောက်ကျတော့ ၃ဝ ရာခိုင် နှုန်းလောက် ကျသွားတာ အခုချိန်ထိ ကျနေတုန်းပဲ။ ဒီထက်မဆိုးအောင်ဘဲ ထိန်းနေရတာပေါ့နော်” ဟု ဦးမြင့်စိုးက ပြောသည်။

နိုင်ငံတကာကုမ္ပဏီအုပ်စုကြီးများထံမှ လက်ခစား အထည်ချုပ် ခွဲတမ်းကို တဆင့်ခံ ရရှိနေသည့် မြန်မာ နိုင်ငံမှ ဂျပန်၊ ဥရောပ၊ လက်တင်အမေရိကနှင့် အာရှနိုင်ငံများသို့ တင်ပို့နေပြီး ဂျပန်သို့ အများဆုံး ဖြစ်သည်။
၂ဝဝ၃ ခုနှစ်တွင် အမေရိကန်က စီးပွားပိတ်ဆို့မှု ဥပဒေ ပြဌာန်းပြီးနောက် တင်သွင်းခွင့် ပိတ်ပင်ခဲ့သည်။

ဥက္ကဌ ဦးမြင့်စိုးက ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြောင့် ဝင်ငွေနည်းပါးလာမှု၊ အလုပ်အကိုင် ရှားပါး လာမှုများကြောင့် အဝတ်အစား ဝယ်ယူသုံးစွဲမှု နည်းပါးလာသဖြင့် ချုပ်ခနှုန်းများလည်း ထိခိုက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

“ချုပ်ခဈေးနှုန်းတွေလျော့လို့ အခုလိုမျိုး ၃ဝ ရာခိုင်နှုန်း လျော့ကျသွားတာမှန်တယ်။ အဝတ်အစားဝယ်ယူ သုံးစွဲမှုက ကမ္ဘာမှာ လျော့သွားတာကိုး။ အဝတ်စားတွေရဲ့တန်ဘိုးက ကျသွားတယ်။ အဲဒါကြောင့် အဝတ်စား ထုတ်လုပ်သူတွေကို ပေးတဲ့ပိုက်ဆံကလည်း ကျသွားတာပေါ့နော်” ဟု သူကပြောသည်။

လုပ်ငန်းမကောင်းသော်လည်း လွန်ခဲ့သည့် ၃ လနှင့် နှိုင်းယှဉ်လျှင် စက်ရုံသစ် ၄ ရုံ ရန်ကုန်တွင် တိုးလာကြောင်း အစိုးရ စာရင်းများအရသိရသည်။

ရန်ကုန်တိုင်းသည် အထည်ချုပ်စက်ရုံ အများဆုံးဖြစ်ပြီး ပဲခူးမြို့တွင် အနည်းငယ်ရှိသည်။ လက်ရှိစာရင်းအရ လုပ်ငန်းလည်ပတ်နေသည့် စက်ရုံ ၁၂ဝ ကျော်ရှိသည်။

အထည်ချုပ်လုပ်ငန်းများအတွက် စားရိတ်ပိုထောင်းစေသည်က လျှပ်စစ်မီး လုံလောက်စွာ မရရှိခြင်းက အဓိက ဖြစ်သည်။ လောင်စာဆီ ကုန်ကျစရိတ်ကြောင့် အသုံးစရိတ်မှာ ၃ဝ ရာခိုင်နှုန်းခန့် မြင့်တက်သွားပြီး ဝင်ငွေနှင့် ထွက်ငွေ မကိုက်တော့ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်မှ အထည်ချုပ်လုပ်ငန်းရှင်တဦးက ပြောသည်။

အထည်ချုပ်စက်ရုံ အလုပ်သမားအများစုမှ ငယ်ရွယ်၍ နယ်မှလာသည့် မိန်းကလေး အများစုဖြစ်ပြီး လစာမှာ ကျပ် ၄၅၀၀၀ မှ ၆၀၀၀၀ အကြားသာ ရရှိကြသည်။ လစာတိုးပေးရေးနှင့် အလုပ်သမား အခွင့်အရေးများ တောင်းဆိုမှုများ မကြာခဏ ပေါ်ပေါက်နေသည်။
(ကိုဝိုင်းတည်းဖြတ်သည်။)

မန္တလေးမြို့ 78 ကုန်တိုက်တွင် အသေးစား မီးလောင်မှု ဖြစ်ပွား







နရီလင်းလက်
.မန္တလေးမြို့၇၈ လမ်းမကြီးပေါ်ရှိ 78 ရှော့ပင်းစင်တာ မြေအောက် ထပ်တွင် ယမန်နေ့ ညနေ ၄း၃၀ နာရီ ခန့်က ထရန်စဖော်မာ ပေါက်ပြီး မီးလောင်မှု ဖြစ်ပွားသဖြင့် ဒေသခံများ ရုတ်ရုတ်သဲသဲ ဖြစ်သွား ကြသည်။


78 ရှော့ပင်းစင်တာတွင် မီးလောင်မှု ဖြစ်ပွားအပြီး တွေ့ရသော မြင်ကွင်းများ (ဓာတ်ပုံ - ဧရာဝတီ)
ဆိုင်ခန်းများသို့ မီးလောင်မှု ကူးစက်ခြင်း မရှိသည့် အပြင် ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း သိရသည်။

မီးလောင်သည့် အဆောက် အဦး အတွင်းပိုင်း နေရာသို့ မီးသတ် ပိုက်များ ရောက်ရှိရန် ခက်ခဲသဖြင့် တနာရီခန့် အချိန်ပေးပြီးမှ မီးငြှိမ်း သတ်နိုင် ခဲ့သည်ဟု မျက်မြင် သက်သေ တချို့က ပြောသည်။

နောက်ဆက်တွဲ ပျက်စီးမှုနှင့် ပတ်သက်ပြီး မန္တလေးတိုင်း မီးသတ်ဌာန တာဝန် ရှိသူများကို ဧရာဝတီက ဆက်သွယ် မေးမြန်း သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

မီးလောင်ပြီးချိန်တွင် 78 ရှော့ပင်းစင်တာ မြေအောက်ထပ်နှင့် လမ်းမပေါ်တွင် ရပ်ထားသည့် ဆိုင်ကယ်တချို့ ပျောက်ဆုံးသွားသည်ဟု ဒေသခံတို့က ပြောသည်။

ကြယ်ငါးပွင့် သင်္ဘောလိုင်း ဦးပိုင်သို့ လွှဲပြောင်း


မိုးစက် .
အစိုးရ ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ တခုတည်းသော နိုင်ငံတကာ သဘောင်္လိုင်း ဖြစ်သည့် မြန်မာ့ ကြယ်ငါးပွင့် သဘောင်္ လုပ်ငန်းကို မကြာသေးခင်က စစ်တပ်ပိုင် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်သို့ လွှဲပြောင်း ပေးအပ် လိုက်ကြောင်း ကြယ်ငါးပွင့် သင်္ဘောလိုင်း အရာရှိများက ပြောသည်။


မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလိုင်းမှ “ကျိုင်းတုံ” အမည်ရှိ သင်္ဘော (ဓာတ်ပုံ - louvoyant.exblog.jp)
“ကျနော့်ဆီကို အကြောင်း ကြားစာ လာတယ်၊ ကြယ်ငါးပွင့် သင်္ဘောလိုင်း ကိုတော့ ဦးပိုင်က ယူလိုက်ပြီပေါ့၊ ကျနော်တို့ကို တရားဝင် အကြောင်း ကြားစာနဲ့ ဦးပိုင် အောက်မှာ လုပ်မလား၊ မလုပ်ဘူးလား ဆိုပြီးတော့ အကြောင်း ပြန်ခိုင်းတယ်”ဟု ကြယ်ငါးပွင့် သဘောင်္ လုပ်ငန်းမှ အင်ဂျင်နီယာ တဦးကပြောသည်။

ထို ကြယ်ငါးပွင့် သင်္ဘောလိုင်းအား ယခုအခါ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်မှ စစ်တပ် အရာရှိများနှင့် ကြယ်ငါးပွင့် သင်္ဘောလိုင်းမှ အဆင့်မြင့် အရာရှိကြီးများ ပါဝင်သည့် အဖွဲ့တဖွဲ့ ဖွဲ့စည်း၍ ၆ လ ခန့် စောင့်ကြည့်ပြီးမှ ဦးပိုင် လီမိတက်သို့ လွှဲပြောင်း လုပ်ကိုင် သွားမည်ဟု သိရှိရသည်။

“သိပ်ရှုံးနေတဲ့ လုပ်ငန်းဖြစ်နေတော့လည်း လိုချင်သူမရှိဘူးဖြစ်နေတယ်၊ ဦးပိုင်က သိမ်းလိုက်တယ်ဆိုတော့ ပုဂ္ဂလိက Cargo (ကုန်သေတ္တာ)တွေကော အစိုးရ Cargo တွေကို ဒေါ်လာပေါက်ဈေးအတိုင်းရရင်တော့ မြတ် မယ် ထင်လို့ တပ်ချုပ်ကြီးက ဦးပိုင်ကိုယူခိုင်းတာဖြစ်နိုင်တယ်၊ အခုနောက်ပိုင်း အစိုးရပိုင် ၀န်ကြီးဌာနတွေက တင်မယ် ဆိုရင်တော့ ဒေါ်လာနဲ့ သယ်ဆောင်ခကို ကောက်လိမ့်မယ်”ဟု တခြားသော ကြယ်ငါးပွင့် အရာရှိ တဦးက ပြောသည်။

ကြယ်ငါးပွင့်သဘောင်္လိုင်းသည် ၁၉၅၉ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ပြည်ပ ကုန်စည် ပို့ဆောင်ရောင်းဝယ် ရေးနှင့် သွင်းကုန်ထုတ်ကုန်များပြုလုပ်နေသော်လည်း အရှုံးပေါ်နေခဲ့သည်မှာ ကာလကြာခဲ့ပြီဖြစ်ကြောင်းသိရ သည်။

“သင်္ဘောလိုင်းက ရှုံးနေတာကြာပြီဗျ၊ အဓိက ရှုံးနေရတာက အစိုးရ၀န်ကြီးဌာနရဲ့ Cargo တွေကို တင်ပေး ရပြီး အစိုးရပေါက်ဈေး တဒေါ်လာကို ၆ ကျပ်နဲ့ ရှင်းပေးတယ်၊ ဘယ်မရှုံးဘဲနဲ့ ခံနိုင်မလဲ”ဟု အထက်ပါ ကြယ် ငါး ပွင့် သင်္ဘောအင်ဂျင်နီယာက ပြောသည်။

ယင်းကြယ်ငါးပွင့် သဘောင်္လိုင်းအား အဲပုဂံ လေကြောင်းလိုင်းနှင့် ထူး ကုမ္ပဏီပိုင်ရှင် ဦးတေဇ အပါအ၀င် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်တို့ကို လွှဲပြောင်းရယူရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောဆိုခဲ့သည်မှာ ပြီးခဲ့သောနှစ် အောက်တိုဘာလ ကတည်းကဖြစ်ကြောင်း နီးစပ် သူများထံမှ သိရှိရသည်။

လက်ရှိ ကြယ်ငါးပွင့်သဘောင်္လိုင်းတွင် လုပ်ကိုင်နေသော အရာရှိ၊ အရာထမ်းများအား ဦးပိုင်နှင့်ဆက်လုပ်ဖြစ် မဖြစ်ဆိုသည့် ပြဿနာများလည်း ဖြစ်ပေါ်နေသည်ဟု ကြယ်ငါးပွင့် ၀န်ထမ်းများကပြောသည်။

“ရုံးချုပ်မှာ ၀န်ထမ်း ၁၀၀၀ လောက်ရှိတယ်၊ သင်္ဘောတက်နေတာက ၃၀၀ လောက်ရှိတယ်၊ အဲဒီ လူတွေ ကလည်း ထွက်ပြီးတော့ နိုင်ငံခြားသင်္ဘောလိုက်ချင်ကြတယ်၊ ကြယ်ငါးပွင့်ကပေးတာက မြန်မာကျပ်ငွေနဲ့ လေ၊ နိုင်ငံခြားသင်္ဘောလိုက်ရင် အနိမ့်ဆုံး သင်္ဘောသားတောင် ဒေါ်လာ ၃ - ၄ ရာရတယ်၊ အားလုံးနီးပါး ကတော့ ထွက်ချင်ကြတယ်”ဟု ကြယ်ငါးပွင့် သင်္ဘောလိုင်းမှ ဒုတိယ အရာရှိ တဦးကပြောသည်။

ယခင်ကြယ်ငါးပွင့်တွင် လုပ်ကိုင်ခဲ့သော အရာရှိများအား အလုပ်ထွက်ခွင့်မပေးဘဲ ထွက်ခဲ့သော် နာမည်ပျက် (Black List)စာရင်းသွင်းထားပြီး လေဆိပ်မှ တရားဝင်ထွက်ခွာခွင့် အပြည်ပြည်ဆိုင်ရာ သင်္ဘောလိုက်ခွင့်များ ပိတ်ထားသည်ဟုလည်း ကြယ်ငါးပွင့် အရာရှိများက ပြောသည်။

မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသည် ပြည်တွင်းပို့ဆောင်ဆက်သွယ်ရေး ကမ်းရိုးတန်းသွား သင်္ဘော ၁၀ စီး၊ သွင်းကုန် ပို့ကုန် လုပ်ဆောင်ပေးနေသော နိုင်ငံတကာသွား သင်္ဘော ၁၆ စီးဖြင့် ပြေးဆွဲ လုပ်ကိုင် နေခြင်းဖြစ်သည်။

ကြယ်ငါးပွင့် သင်္ဘောလိုင်း နိုင်ငံတကာခရီးစဉ်များမှာ အရှေ့ဖျားခရီးစဉ် အဖြစ် တရုတ်၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဂျပန်၊ အရှေ့တောင်အာရှခရီးစဉ်အဖြစ် စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်း၊ ဥရောပခရီးစဉ်နှင့် အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ ခရီးစဉ်များ သွားရောက်ကြောင်း သိရှိရသည်။

ကိုယ်စားလှယ် လောင်းများ ကျပ်သိန်းတရာ သုံးနိုင်

သန်းထိုက်ဦး .
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ကြာသပတေးနေ့တွင် ထုတ်ပြန်မည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ၌ နိုင်ငံရေးပါတီ မှတ်ပုံတင်ကြေး၊ လွှတ်တော် ကိုယ်စားလှယ်များ၏ အသုံးစရိတ်များ စသည့် အချက်များ ပါဝင်မည် ဖြစ်သည်။

ယင်း ဥပဒေ၏ ပုဒ်မ ၇ တွင် “မှတ်ပုံတင်ကြေး ငွေကျပ် သုံးသိန်း ကို ကော်မရှင်က သတ်မှတ်သည့် နည်းလမ်းများ အတိုင်း ပေး သွင်းရမည် ဖြစ်သည်။ ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီ တည်ထောင်ရန် ခွင့်ပြုချက်ရသည့်နေ့မှ စ၍ ရက်ပေါင်း ၃၀ အတွင်း မိမိတို့ ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် ကော်မရှင်သို့ လျှောက်ထားရမည်”ဟု ပါရှိသည်။

ထို့အပြင် ပုဒ်မ ၂၁ တွင် “ပါတီ တခုသည် လွှတ်တော် သက်တမ်း တရပ်စီ အတွက်၊ ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ တရပ်စီ အတွက်၊ မိမိပါတီကို ကိုယ်စားပြု၍ ရွေးကောက်ခံသော ကိုယ်စားလှယ်လောင်း တဦးအတွက် ရွေးကောက်ပွဲ အသုံး စရိတ် ငွေကျပ် သိန်းတရာ အထိသုံး စွဲနိုင်သည်”ဟု ဆက်လက် ဖော်ပြထားသည်။

အဆိုပါ ရွေးကောက်ပွဲ အသုံးစရိတ်ငွေကို ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်း၏ တရားဝင်ရရှိသော ငွေမှ လည်းကောင်း၊ တရားဝင် ရရှိထားသည့် ပါတီရန်ပုံငွေမှ လည်းကောင်း ကျခံသုံးစွဲနိုင်သည်ဟု ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများကို သုံးခွင့်ပြုခဲ့သော မဲဆွယ် စည်းရုံးရေး အသုံးစရိတ်သည် ကျပ်ငွေ ၇၀၀၀၀ ထက် ပိုပြီးသုံးခွင့် မပေးကြောင်း သိရသည်။

စစ်အစိုးရက ပြီးခဲ့သည့် အပတ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတချို့ကို ထုတ်ပြန်ခဲ့ရာ ထို ဥပဒေအရ ၁၉၉၀ ပြည့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီအဖြစ် ထပ်မံ၍ မှတ်ပုံ တင်ရမည် ဖြစ်သည်။

မှတ်ပုံတင်ခြင်း မပြုလျှင် NLD ပါတီသည် ဖျက်သိမ်းခြင်းခံရမည် ဖြစ်သည်။ NLDသည် ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးကို ယခု လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ချက် ချမည်ဟု သိရသည်။

Tuesday, March 16, 2010

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်း လမ်းညွှန်မှုဖြင့် စမ်းချောင်းမြို့နယ်တွင်ဓာတ်ပုံများ အဓမ္မရိုက်ကာ ကြံ့ဖွံ့ထဲဆွဲသွင်း

အောင်ထက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့) အသင်းဝင်ကတ်ပြားများ ပြုလုပ်ရန် စမ်းချောင်းမြို့နယ်နေ ပြည်သူများအား သက်ဆိုင်ရာ ရယကတို့က လိုင်စင်ဓာတ်ပုံများ အဓမ္မရိုက်ယူလျက်ရှိကြောင်း သိရသည်။

“အိမ်တိုင်းမှာရှိတဲ့ လူစေ့ပါပဲ။ (၁၈) နှစ် အထက်ကနေ အသက် (၇၀-၈၀) အရွယ်တွေအထိ ပါတယ်။ ရယကတွေက ယာယီအိမ်ထောင်စုစာရင်းတွေကိုင်ပြီး မိသားစုတယောက်စီကို အိမ်အပြင်ခေါ်ထုတ်တယ်။ ပြီးတော့ ဘာမပြောညာမပြောနဲ့
တဦးချင်းကို မတ်တတ်ပဲ ဓာတ်ပုံရိုက်ယူနေတယ်” ဟု ဟုမ်းလမ်းရပ်ကွက် နေထိုင်သူတို့က ပြောသည်။

ရယကများက ထိုသို့ ဓာတ်ပုံများ ရိုက်ပေးနေရာတွင် ဓာတ်ပုံဖိုးတောင်းခံမှု မရှိကြောင်း၊ အမိန့်ပေး ဆက်ဆံခြင်းမျိုးလည်း မရှိကြောင်း၊ သို့သော် အဆိုပါအပြုအမူအပေါ် ရပ်ကွက်သားအများစုက ကျေနပ်မှုမရှိဘဲ ဓာတ်ပုံအရိုက်မခံကြကြောင်း ၎င်းတို့၏ပြောကြားချက်အရ သိရသည်။

စမ်းချောင်း သီရိခေမာရပ်ကွက်တွင် နေထိုင်သူတို့ကလည်း “ခွင့်မတောင်းဘဲ အဲလိုတွေဓာတ်ပုံရိုက်တော့ ရပ်ကွက်က ရုတ်တရက် လန့်သွားတာပေါ့။ ပြီးတော့ မေးမြန်းကြည့်တော့မှ ကြံ့ဖွံ့အင်အား ပြည့်မီအောင် စွမ်းဆောင်နိုင်မှ ရပ်ကွက်အတွက် ကတ္တရာလမ်း ခင်းပေးမယ်လို့ မြို့တော်ဝန်က မှာသွားတယ်။ ဒါကြောင့် အသက်ပြည့်သူတိုင်း ကြံ့ဖွံ့အသင်းဝင်ကတ်ပြား လုပ်ပေးဖို့ ဓာတ်ပုံရိုက်ပေးနေတာလို့ ရယကတွေက ဖြေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်မတ်လ ဒုတိယပတ်က ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းသည် စမ်းချောင်းမြို့နယ်၊ လင်းလွန်း/တောင် ရပ်ကွက်၊ သီရိခေမာရပ်ကွက်နှင့် ဟုမ်းလမ်းရပ်ကွက် (၃) ခုသို့ လှည့်လည်ကြည့်ရှုကာ ကျောက်ချောကတ္တရာလမ်းအဖြစ် အဆင့်မြှင့်ရေး၊ လမ်းဘေးရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ရေဆိုးအုတ်ရေမြောင်းများ ပြုလုပ်ထားရှိရေးတို့ကို ဒေသအာဏာပိုင်များအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ရပ်ကွက်ရယကရုံးတို့တွင် တွေ့ဆုံပွဲများပြုလုပ်ပြီး ကြံ့ဖွံ့အင်အားကို ရနိုင်သမျှ စုဆောင်းပေးရန်၊ ကြံ့ဖွံ့ အသင်းအဖွဲ့ အတွင်း မ၀င်မနေရပုံစံမျိုး စည်းရုံးသိမ်းသွင်းရန် ဒေသအာဏာပိုင်တို့အား မြို့တော်ဝန်က မှာကြားသွားခဲ့သည်ဟု သီရိခေမာရပ်ကွက် ရယက ရာအိမ်မှူးတဦးက ဆိုသည်။

“ဟုမ်းလမ်းရပ်ကွက်မှာ မြေသား (၅) လမ်း ခင်းဖို့ ကျန်သေးတယ်။ သီရိခေမာရပ်ကွက်မှာ အဆင့်မမီတော့တဲ့ ကတ္တရာ လမ်းဟောင်းတွေ ရှိနေတယ်။ လင်းလွန်း/တောင် ရပ်ကွက်၊ ကြည့်မြင်တိုင်ဘူတာ အနောက်ဘက် ရထားသံလမ်းဘေးက လမ်းတွေကိုလည်း အဆင့်မြင့်ကတ္တရာတွေ ခင်းပေးမယ်လို့ မြို့တော်ဝန်က ပြောသွားတယ်။ ဒါပေမယ့် လမ်းဖြစ်မြောက်ရေး မစတင်မီမှာ ကြံ့ဖွံ့အင်အားစာရင်း လာရောက်တင်ပြရမယ်လို့ မှာသွားတယ်။ အဲဒီအတွက် မတ် (၁၅) ရက်နေ့ည၊ ရယကရုံးမှာ အစည်းအဝေးလုပ်တယ်” ဟု ရယက အတွင်းရေးမှူးတဦးက ဆိုသည်။

ကြံ့ဖွံ့အသင်းဝင် ကတ်ပြားပြုလုပ်ရန် လိုအပ်သော အချက်အလက်များအတွက် ရယကရုံးများတွင် လက်ခံရရှိခဲ့သည့် ယာယီသန်းခေါင်စာရင်း မိတ္တူများ၊ ယခင် မှတ်ပုံတင်ပြုလုပ်ခဲ့စဉ်က ကိုယ်ရေးအချက်အလက်များမှ ရယူလိမ့်မည်ဟု ရပ်ကွက်သားတို့က ထင်ကြေးပေးနေကြသည်။

ပြည်ပထွက်ခွာလိုသူများဗီဇာမရသဖြင့် လေယာဉ်လက်မှတ် ပြန်ထုတ်သူများ စုပြုံ

စိုးမိုး

ပြည်ပထွက်ခွာလိုသူများ ဗီဇာမရရှိခြင်းကြောင့် လေယာဉ်လက်မှတ်ခ အရှုံးခံ ပြန်လည်ထုတ်ယူမှုများ စုပြုံနေပြီး လက်မှတ်ဖိုး ပြန်ရရန် အနည်းဆုံး (၃) လခန့် စောင့်ဆိုင်းနေရကြောင်း သိရသည်။

မလေးရှားနှင့် ထိုင်းသို့ ထွက်ခွာလိုသူ မြန်မာနိုင်ငံသားများသည် ဗီဇာအခက်အခဲကြောင့် တရက်လျှင် အနည်းဆုံး ဦးရေ (၂၀) ခန့် လေယာဉ်လက်မှတ်ဖိုး ပြန်လည်ထုတ်ယူမှု ရှိနေပြီး တဦးလျှင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၆၀ (၆၀,၀၀၀ ကျပ်) မှ ဒေါ်လာ ၉၀ (၉၀,၀၀၀ ကျပ်) အထိ ဆုံးရှုံးနေရပြီး လေယာဉ်လက်မှတ်ဖိုးငွေ ပြန်လည်ရရှိရန်လည်း အနည်းဆုံး (၃) လမှ (၆) လအထိ စောင့်ဆိုင်းရကြောင်း သိရသည်။

“(၃) လလောက်တော့ အနည်းဆုံး စောင့်ရမယ်။ ပြီးရင် လက်မှတ်ဖိုးထဲက အနည်းဆုံး ဒေါ်လာ (၉၀) နုတ်မယ်ပြောတယ်။ လေယာဉ်လက်မှတ်က အသွားအပြန် ဒေါ်လာ (၂၉၀)။ ဒေါ်လာ (၉၀) လည်း နုတ်မယ်၊ (၃) လကနေ (၆) လထိ စောင့်ရတယ် ပြောတာပဲ” ဟု ထိုင်းနိုင်ငံသို့ ဗီဇာအပယ်ခံလိုက်ရသူတဦးက ပြောသည်။

ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်လိုသူ မြန်မာများအနေဖြင့် ပိုင်ဆိုင်မှု အထောက်အထားအဖြစ် အိမ်ဂရန်၊ ဘဏ်စာရင်း စသည်တို့အပြင် အမေရိကန် ဒေါ်လာ (၆၀၀)၊ အသွားအပြန် လေယာဉ်လက်မှတ် စသည်တို့ကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးသို့ ပြသရပြီး ဗီဇာလျှောက်ထားကြရသည်။

အဓိကအားဖြင့် ထိုင်းနိုင်ငံသို့ တစ်ကြိမ်တခါမှ မသွားရောက်ဖူးသူများမှာ ပိုင်ဆိုင်မှု အထောက်အထားများ ပြသကြရပြီး အထောက်အထားမခိုင်လုံပါက ဗီဇာပယ်ချခံရသည်။

အကယ်၍ ထိုင်းသံရုံးက ပြည်ဝင်ခွင့်ပယ်လိုက်ပါက လေယာဉ်လက်မှတ် ၀ယ်ယူထားပြီးသူ မြန်မာများအနေဖြင့် လေယာဉ်လက်မှတ်ခ ပြန်လည်ရယူရန် ၀ယ်ယူထားသည့် ကုမ္ပဏီမှတဆင့် ပြန်လည်လျှောက်ထားကြရသည်။

“လေယာဉ်လက်မှတ် ပြန်ထုတ်ချင်ရင် အနည်းဆုံး (၃) လစောင့်ရပါမယ်။ ပြီးတော့ လက်မှတ်ခက ပြန်ပေးသလောက်ပဲ ရမှာ ဖြစ်ပါတယ်။ အခုလောလောဆယ်တော့ မလေးရှား ရီဖန်းတွေ များနေလို့ စောင့်ရတာ ကြာမှာပါ” ဟု မြန်မာအဲဝေးမှ တာဝန်ရှိသူက ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ သံရုံးများ အထူးသဖြင့် ထိုင်းနှင့် မလေးသံရုံးတို့မှ ပြည်ဝင်ခွင့် ဗီဇာပယ်မှုများကြောင့် မြန်မာလူထုအနေဖြင့် လေယာဉ်လက်မှတ်တစောင်လျှင် ဒေါ်လာ (၆၀) မှ (၁၀၀) အထိ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ပြည်တွင်း ခရီးသွားကုမ္ပဏီများတွင် လေယာဉ်လက်မှတ် ရီဖန်း ပြန်လည်ထုတ်ယူမှု များသောကြောင့် လေယာဉ်လက်မှတ်ခ ပြန်ထုတ်သူများကို (၃) လမှ (၆) လခန့်အထိ စောင့်ဆိုင်းခိုင်းနေသော်လည်း တဖက်တွင်မူ ပြည်ပထွက်ခွာလိုသူများ လေယာဉ်လက်မှတ် ၀ယ်ယူရာတွင် ဧပြီလကုန်ထိ လက်ကျန်မရှိဟု ပြောဆိုမှုများ ရှိနေကြောင်း သိရသည်။

“လေယာဉ်လက်မှတ် အရောင်းကုမ္ပဏီတွေ အလုပ်လုပ်တာမှာ ပြောစရာတွေ အများကြီး တွေ့ရတယ်။ မအူမလည် လူဆိုရင်တော့ ဖြတ်ခုတ်မယ်ဆိုတာ အခုထိရှိတုန်း။ ကျနော်တို့အနေနဲ့ ရေးချင်တယ် သိတယ်။ ရေးလို့ မရဘူး။ အဲတော့ ခရီးသွားဆောင်းပါးလေးတွေမှာ နည်းနည်းလောက်ပဲ ညှပ်ရေးဖြစ်တာ” ဟု ပြည်တွင်း စီးပွားရေး ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

မြန်မာ့ခရီးသွားလုပ်ငန်းတွင် သံရုံးများနှင့်နီးစပ်သည့် ခရီးသွားကုမ္ပဏီများ၊ နီးစပ်မှုမရှိသည့် ခရီးသွားလုပ်ငန်းများဟု အုပ်စု (၂) ခုကွဲနေပြီး သွားလာနေကျ ခရီးသည်များအနေဖြင့် မည်သည့်ကုမ္ပဏီမှ ၀န်ဆောင်မှုကို ယူပါက သံရုံးမှ ဗီဇာထုတ်ပေးမှု လွယ်ကူကြောင်း သိရှိသော်လည်း သွားလာနေကျ မဟုတ်သည့် ပထမဆုံး ပြည်ပထွက်ခွာလိုသူများအနေဖြင့်မူ မသိရှိကြပေ။

ရန်ကုန်မြို့လယ်တွင် တိုက်ပြိုကျ၊ တဦး သေဆုံး



ဧရာဝတီ
.ရန်ကုန်မြို့လယ်ရှိ သက်တမ်းရင့် သုံးထပ်တိုက် တလုံး ယမန်နေ့ ညနေပိုင်းက နှစ်ကြိမ် ပြိုကျခဲ့မှုကြောင့် အမျိုးသမီးငယ် ၁ ဦး သေဆုံးပြီး လူ ၉ ဦးခန့် ဒဏ်ရာ ရသွားကြောင်း သတင်း ရရှိသည်။


ပြိုကျသွားသည့် ကိုလိုနီခေတ်လက်ရာ အဆောက်အအုံနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူများ (ဓာတ်ပုံ - ဧရာဝတီ)
ညနေ ၄ နာရီက ပြိုကျခဲ့သည့် ပန်းဘဲတန်း မြို့နယ် လမ်း ၃၀ (အောက်ဘလောက်) ရှိ ထို အဆောက် အအုံ အပျက်အစီးများ အောက်တွင် ပိတ်မိနေသော အသက် ၁၅ နှစ်အရွယ် မမျိုးပပဇော်သည် သူနှင့်အတူ ရှိနေသည့် လက်ကိုင်ဖုန်းဖြင့် ပြင်ပသို့ ဆက်သွယ် ခဲ့ကြောင်း သိရသည်။

“ကလေးက ဖုန်းနဲ့ သူ့အဖေကို လှမ်းခေါ်ပြီး ကယ်ဖို့ အကြောင်း ကြားတယ်။ ကယ်ဖို့၊ ကြိုးစားဖို့ လုပ်ရင်းနဲ့ အပေါ်ကနေ သံချောင်းတွေ၊ မှန်တွေနဲ့ အုတ်ကျိုး အုတ်ပဲ့တွေ ထပ်ပြီး ပြိုကျလာလို့ လူတွေ ထပ်ထိ ကုန်တယ်” ဟု ၂၉ လမ်းတွင် နေထိုင်သူ တဦးက ပြောသည်။

ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်သူများက ပစ္စည်းကိရိယာ မပါဘဲ အပျက်အစီးများကို လက်ဖြင့် ၂ နာရီကျော်ကြာ ရှင်းလင်း ဖယ်ရှားခဲ့သည်။ ည၇ နာရီ ၁၅ မိနစ်တွင် ပြိုကျမှု ထပ်မံ ဖြစ်ပွားခဲ့သည်။





နောက်ပိုင်းတွင် ၀န်ချီစက်ကြီးများ ရောက်လာပြီး အပျက်အစီးများကို ဖယ်ရှားကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ခဲ့ရာ ည ၉ နာရီ ၈ မိနစ်တွင် ကွယ်လွန်သူ မမျိုးပပဇော်ကို တွေ့ရှိခဲ့သည်။

ပြိုကျသွားသည့် ထို သုံးထပ်တိုက်မှာ နှစ်ပေါင်း ၇၀ ကျော် သက်တမ်း ရှိနေပြီး စည်ပင်သာယာရေး ကော်မတီက အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ်ထားကြောင်း၊ မတ်လ ၂ ရက် နေ့တွင် ထိုအဆောက်အအုံ ဖျက်သိမ်းရန် အမိန့်စာ ကပ်ထားခဲ့သော်လည်း မိသားစုများက ပြောင်းရွှေ့ခြင်း မပြုခဲ့ကြောင်း မြို့တော်စည်ပင် အရာရှိများထံမှ သိရသည်။

ထိုအဆောက်အအုံသည် မြန်မာ့ အာမခံ လုပ်ငန်းရုံး ရှေ့တွင် တည်ရှိပြီး အောက်ဆုံးထပ်တွင် လက်ဘက်ရည်ဆိုင်၊ ပထမထပ်တွင် မန္တလေးအသင်းတိုက်၊ ရတနာပုံ အနုပညာပြခန်းတို့ ရှိသည်။ တိုက်ပြိုကျချိန်သည် တနင်္ဂနွေနေ့ လုပ်ငန်းများ ပိတ်ရက်ဖြစ်ပြီး လူအသွားအလာ နည်းပါးသည်ဟု ဒေသခံများက ပြောသည်။


ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်သူများထဲတွင် မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ ဒေသခံများ ပါဝင်သည် (ဓာတ်ပုံ - ဧရာဝတီ)
အန္တရာယ် ရှိသည်ဟု သတ်မှတ် ထားသည့် ထိုအဆောက် အအုံ ရုတ်တရက် ပြိုကျ သွားခြင်းမှာ မော်တော် ယာဉ်များ ဖြတ်သန်း မောင်းနှင် ရာမှ ပေါ်ထွက် လာသော တုန်ခါမှု များကြောင့် ဖြစ်ဖွယ် ရှိသည်ဟု ဒေသခံများက ခန့်မှန်း ကြသည်။

ရန်ကုန်တွင် မကြာသေးမီ နှစ်များ အတွင်း ဆောက်လုပ် ခဲ့သည့် အထပ် မြင့်တိုက် အများ အပြားသည် ငလျင် လှုပ်သည့်အခါ ပြိုကျနိုင်ဖွယ် ရှိကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနတွင် တာဝန် ထမ်းဆောင် ခဲ့သည့် အင်ဂျင်နီယာ တဦးက ပြောသည်။

“တိုက်ဆောက်ရင် အရည်အသွေး စစ်ဆေးတဲ့ အပိုင်းကို အစိုးရက ဖိဖိစီးစီး မလုပ်နိုင်ဘူး။ ကန်ထရိုက် တွေကလည်း အရည် အသွေးပိုင်း စစ်ဆေးတဲ့ စည်ပင် အရာရှိတွေကို လာဘ်ထိုးပြီး စိတ်ကြိုက် ကုန်ကျစရိတ် လျှော့ဆောက်တာ ဖြစ်တဲ့ အတွက် အရမ်းကို အန္တရာယ် ကြီးပါတယ်” ဟု သူက ရှင်းပြသည်။

အသုံးပြုသော ဘိလပ်မြေ၊ သံချောင်းများမှာ သတ်မှတ်ထားသည့် စံ၊ အရည်အသွေး မရှိသောကြောင့် အန္တရာယ်ကြီးသည့် အဆောက်အအုံများဖြစ်သည်ဟု ထိုအင်ဂျင်နီယာက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဆန်စပါးဈေး မြင့်တက်

ငြိမ်းချမ်း
မြန်မာ့ဆန်တန်ချိန် ၂၅ဝဝဝ ကို ဘင်္ဂလားဒေ့ခ်ျက ယခုနှစ်အတွင်း ဝယ်ယူမည့် သတင်းကြောင့် ယခုလ ၁ဝ ရက်နေ့မှ စတင်၍ ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ဆန်/စပါးဈေးများ မြင့်တက်သွားသည်။

မောင်တော၊ ဘူသီးတောင်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်း မြို့နယ်များတွင် ဧည့်မထဆန် (ကီလိုဂရမ် ၃ဝ/၂၄ ပြည်ဝင်) တအိတ်လျှင် ကျပ် ၁၉ဝဝဝ မှ ၂၅ဝဝဝ အထိနှင့် စပါးတင်း ၁ဝဝ လျှင် ကျပ် ၁၂ဝဝဝဝ မှ ၁၉ဝဝဝဝ-၂ဝဝဝဝဝ အထိ မြင့်တက်သွားခြင်း ဖြစ်သည်။

“ဘင်္ဂလားဒေ့ခ်ျဘက်က ဝယ်မယ်ဆိုတဲ့ သတင်းကြားလို့ ကုန်သည်တွေက ဈေးမြှင့်ပြီး လိုက်ဝယ်နေလို့ တက်တာပါ” ဟု ရသေ့တောင်မြို့မှ စပါးကုန်သည်တဦးဖြစ်သူ ဦးကြံက ပြောသည်။

မောင်တောနှင့် ဘူးသီးတောင်တွင် ဆန်းဈေးများ မြင့်တက်သွားပြီး၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းတွင် စပါးဈေးများ မြင့်တက်နေခြင်း ဖြစ်သည်။

“ဆန်းဈေးက ဒီတရက်နှစ်ရက်အတွင်းမှ ထိုးတက်သွားတာ တခြားမြို့တွေက ဆန်တွေ ဝင်မလာတာက တကြောင်း ကိုယ့်နယ်ထဲမှာ ရှိနေတဲ့ ဆန်တွေကျတော့လည်း တနိုင်တပိုင် ဘင်္ဂလားဒေ့ခ်ျကို ပို့နေတဲ့အတွက် ဆန်ဈေးက ထိုးတက်သွားပါတယ်” ဟု မောင်တောမှ ဆန်ဆိုင်ပိုင်ရှင် အမျိုးသမီးတဦးက ပြောသည်။

ပြည်ပကို ဆန်တင်သွင်းမည့် သတင်းနှင့်အတူ ဒေသတွင်း ဆန်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများလည်း ပိုမိုတင်းကျပ်သွားကြောင်း သိရသည်။

ဆန်ဆိုင်ပိုင်ရှင် အမျိုးသမီးကပင် “အရင်ကဆို ဆန် ၄-၅ အိတ်လောက်ကို တမြို့ကနေ တမြို့ကို သယ်ယူလို့ ရတယ်။ အခုတော့ တအိတ်လောက်ပဲ သယ်ယူခွင့် ပြုတော့တယ်။ အဲဒီအတွက် စပါးအထွက်နည်းပြီး စားသုံးသူ များနေတဲ့ မောင်တောတို့၊ ဘူးသီးတောင်တို့ဘက်မှ ဆန်ဈေးက ချက်ချင်းဆိုသလို တက်လာတာပါ။ အခုဆို ဧည့်မထ ဆန်တအိတ်ကို ကျပ် ၅ဝဝဝ ကနေ ၆ဝဝဝ လောက်ထိ ခုန်တက်သွားတယ်” ဟု ပြောဆိုသည်။

ဘင်္ဂလားဒေ့ခ်ျ ပြည်တွင်းစားသုံးမှုအတွက် လိုအပ်နေသည့် ဆန်တန်ချိန် ၂၅ဝဝဝ ကို တတန်လျှင် ၃၉၅ ဒေါ်လာဈေးဖြင့် မြန်မာနိုင်ငံမှ ဝယ်ယူရန် ယခုလ ၂ ရက်နေ့တွင် ပြုလုပ်သော ဝန်ကြီးများ အစည်းအဝေးက အတည်ပြုခဲ့ခြင်း ဖြစ်သည်။

မောင်တောသည့် ဘင်္ဂလားဒေ့ခ်ျသို့ နတ်မြစ်သာခြားပြီး၊ နယ်စပ်နေပြည်သူများအနေဖြင့် တပိုင်တနိုင် ဆန်မှောင်ခို စီးပွားရေးကို လုပ်ကိုင်လျက်ရှိရာ နစက (နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲမှု ဌာနချုပ်) တပ်ဖွဲ့ဝင်များကို ဆန်တအိတ်အတွက် ကျပ် ၅ဝဝ စီ ပေးဆောင်ရသော်လည်း ဘင်္ဂလားဒေ့ခ်ျအတွင်း အကောက်ခွန် ကင်းလွတ်ခွင့် ရရှိသည်။

“မြန်မာ နစက တွေတော့ ကျပ် ၅ဝဝ ပေးရတယ်။ BDR (ဘင်္ဂလားဒေ့ရှ် နယ်စပ်စောင့်တပ်) ကိုကျတော့ ပေးစရာ မလိုဘူး။ တပိုင်တနိုင် လုပ်ငန်းတွေ ဖြစ်တဲ့အတွက် ဆန်ခတော့ ပေးစရာမလိုဘူး။ လူတယောက်အတွက် ၂ဝဝ တာကာ (ကျပ် ၃ဝဝဝ) စီပဲ အကောက်ပေးရတယ်” ဟု မောင်တောမြို့မှ အမည်မဖော်လိုသူ ဆန်ကုန်သည် တဦးက ပြောသည်။

Thursday, March 11, 2010

သံဃာတော်များ ပြည်ပထွက်ခွာခွင့် ပိုမိုတင်းကျပ် ခက်ခဲ


မင်းနိုင်သူ
.သံဃာတော်များ ပြည်ပထွက်ခွာခွင့်ရရှိရန် နေပြည်တော်အထိ သွားလာနေရသဖြင့် အခက်တွေ့နေကြရကြောင်း သံဃာတော်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလအထိ ရန်ကုန် ကမ္ဘာအေးရှိ သာသနာ ထွန်းကားပြန့်ပွားရေး ဦးစီးဌာန (ပြည်ပ) တွင် သံဃာတော် ပြည်ပထွက်ခွာခွင့် ထောက်ခံချက် ထုတ်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလမှ အစပြုကာ နေပြည်တော် သာသနာရေး ၀န်ကြီးဌာနအထိ သွားရောက် တောင်းခံ နေကြရကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ နံနက်ပိုင်း ဆွမ်းခံကြွရန် စီတန်းနေသော သံဃာတော်များကို တွေ့ရစဉ် (ဓာတ်ပုံ - Getty Images)

“အဲဒီလိုသွားရတဲ့အတွက် အချိန်ကုန်တယ်၊ ငွေပိုကုန်တယ်။ ရန်ကုန်က သံဃာကလည်း အညာကို ပြန်တက်ပြီး ထောက်ခံစာ လုပ်ရတယ်။ အညာက သံဃာကလည်း နိုင်ငံတကာလေဆိပ်ရှိတဲ့ ရန်ကုန်ကို တန်းမဆင်းနိုင်ဘဲ နေပြည်တော်ဝင်လုပ်ရတယ်” ဟု မန္တလေး မြတောင်တိုက်မှ သံဃာတော်တပါးက မိန့်ဆိုသည်။


အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ရန်ကုန် ကမ္ဘာအေး သာသနာထွန်းကားပြန့်ပွားရေး ဦးစီးဌာန (ပြည်ပ) မှ ၀န်ထမ်းတဦးက ညွှန်ကြားရေးမှူး ဦးအောင်သိန်းညွှန့် နေပြည်တော်သို့ ပြောင်းရွှေ့ ရုံးထိုင်နေပါသဖြင့် သံဃာများ နေပြည်တော်အထိ ကြွရခြင်းဖြစ်ကြောင်း ပြန်လည် ဖြေကြားသော်လည်း အသေးစိတ် ပြောဆိုရန် ငြင်းဆိုသည်။

ရန်ကုန်ဗဟန်းမြို့နယ် ကြားတောရ ကျောင်းတိုက်မှ သံဃာတပါးက “ကျန်းမာရေးမကောင်းလို့ ဆေးကုကြွမယ့် ပုဂ္ဂိုလ်တွေ၊ နေပြည်တော်အထိ မသွားနိုင်တဲ့ သံဃာတွေက ထောက်ခံချက်ရဖို့ ကျပ် တသိန်းလောက် ပေးနေရတယ်။ ပွဲစားတွေက သာသနာရေးက ၀န်ထမ်းတွေပါပဲ” ဟု မိန့်သည်။

သံဃာတော်များအနေဖြင့် နအဖ စစ်အစိုးရ တက်လာပြီးနောက်ပိုင်း ပြည်ပသို့ စာသင်ထွက်ခွာသည်ဖြစ်စေ၊ သာသနာပြုခရီး ကြွ ရောက်သည်ဖြစ်စေ၊ ဆေးကုသခံယူရန် ကြွရောက်သည်ဖြစ်စေ ပြည်ပ သာသနာရေးဦးစီးဌာန၏ ထောက်ခံချက် ရယူကြရသည်။

ထိုထောက်ခံချက်ပါမှသာ သက်ဆိုင်ရာသံရုံးများက ဗီဇာပေးရန် စစ်အစိုးရက ညွှန်ကြားထားသည်။

ပြည်တွင်း သာသနာရေးဦးစီးဌာနက သံဃာတော်များ ပြည်ပထွက်ခွာခွင့်အတွက် ပိုမိုတင်းကျပ်နေသကဲ့သို့ ဘန်ကောက် မြန်မာသံရုံးကလည်း ကြွရောက်လာမည့်သံဃာအတွက် ထောက်ပံ့ပေးမည့် ထိုင်းနိုင်ငံသား အမည်၊ မှတ်ပုံတင်တို့ကို ဇန်န၀ါရီလမှ စတင်တောင်းခံနေကြောင်း ဘန်ကောက်ရှိ မြန်မာစာသင်သား ရဟန်းတော်များက ပြောသည်။

၂၀၀၉ ခုနှစ် ဇွန်လအတွင်းကလည်း သံဃာတော်များ ပြည်ပထွက်ခွာခွင့်ကို ယာယီပိတ်ထားခဲ့ဖူးသည်။

စစ်အစိုးရနှင့် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့က ပြည်တွင်း သံဃာတော်များ၏ လှုပ်ရှားမှုများကို ပိုမို ကန့်သတ် ချုပ်ချယ် နိုင်ရန်အတွက် စည်းမျဉ်းစည်းကမ်း အသစ်များ ထုတ်ပြန်ရန် ပြင်ဆင်နေကြောင်း ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

စစ်အစိုးရအား ဆန့်ကျင်သူများဟု သတ်မှတ်ခြင်းခံရသော သံဃာတော်များကို တစိတ်တပိုင်းမှ ချုပ်ကိုင်နိုင်ရန်အတွက် ၂၀၀၈ ခုနှစ်တွင် သံဃာမှတ်ပုံတင် အသစ်များလည်း ထုတ်ပေးခဲ့သည်။ ထိုသို့ ထုတ်ပေးခဲ့သဖြင့် လှုပ်ရှားမှုများကို ပိုမိုလွယ်ကူစွာဖြင့် အာဏာပိုင်များက ခြေရာခံနိုင်ကြောင်း သံဃာတော်များက ဆိုသည်။

လာမည့် မတ်လ ၁၄ ရက်နေ့တွင် ဘန်ကောက်မြို့ sanamluang ကွင်း၌ အကြီးမားဆုံး ဆန္ဒပြပွဲတရပ်ပြုလုပ်မည် ဖြစ်သောကြောင့် မနက်ဖြန်မှ စတင် စုရပ်များတွင် စုရုံးမည်

ဘစောတင်
.ဆန္ဒပြ အနီရောင်ဝတ် (ရှပ်နီ) ထိုင်းအစိုးရ ဆန့်ကျင်ရေးသမားများ ကြားတွင် တွေ့ရသည့် ရွှေ့ပြောင်း အလုပ်သမား များကို ထောင်ဒဏ် ၅ နှစ်နှင့် အလုပ်ရှင်အား ဘတ်ငွေ တသိန်း (ကျပ် သိန်း ၃၀ ဝန်းကျင်) ပြစ်ဒဏ် ချမှတ်မည် ဖြစ်ကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးက ပြောကြားလိုက်သည်။

“ဒီသတင်းပတ်ကုန် ဘန်ကောက်မှာ လုပ်မယ့် ရှပ်နီတွေရဲ့ ဆန္ဒပြပွဲမှာ ရွှေ့ပြောင်း အလုပ်သမားတွေ ပါလာ နိုင်တယ်။ ဒီဆန္ဒပြပွဲထဲမှာ ဖမ်းမိတဲ့ ဘယ်ရွှေ့ပြောင်းအလုပ်သမား ကိုမဆို ထိုင်းအစိုးရက ထောင်ချ၊ဒဏ်ရိုက်မယ့် အပြင် အလုပ်လုပ်ခွင့်ပါမစ်ကိုပါ ဖျက်သိမ်းမယ်။ အလုပ်ရှင်ကိုလည်း ရွှေ့ပြောင်းအလုပ်သမား တယောက်စီအတွက် ဘတ် ၁ သိန်းစီ ဒဏ်ရိုက်မယ်” ဟု ထိုင်းအလုပ်သမား ၀န်ကြီး Phaitoon Kaeothong က မတ်လ ၉ ရက်နေ့တွင် ပြောကြားကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၌ ဖော်ပြ ထားသည်။

ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသော ရှပ်နီများသည် လာမည့် မတ်လ ၁၄ ရက်နေ့တွင် ဘန်ကောက်မြို့ sanamluang ကွင်း၌ အကြီးမားဆုံး ဆန္ဒပြပွဲတရပ်ပြုလုပ်မည် ဖြစ်သောကြောင့် မနက်ဖြန်မှ စတင်ကာ စုရပ်များတွင် စုရုံးကြရန် ဆော်သြထားသည်။

တရားရုံးချုပ်၏ အမိန့်အရ သက်ဆင်နှင့် ၎င်း၏ ဇနီးပိုင်ဆိုင်သော ဘတ်ငွေ ၄၆ ဘီလီယံကို သိမ်းလိုက်သည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြသည်။

ရှပ်နီများသည် ၎င်းတို့ ထောက်ခံသော ၀န်ကြီးချုပ်ဟောင်း၏ ပိုင်ဆိုင်မှု အများစုကို အစိုးရပိုင်အဖြစ် သိမ်းမည် ဟူ၍ ယခင် ရက်သတ္တ ၂ ပတ်ခန့်က အမိန့် ချလိုက်သောကြောင့် ဆန္ဒပြကြမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ အစိုးရကို ရှပ်နီများက ၎င်းအာဏာရချိန်မှစ၍ ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ခဲ့ကြသည်။

ထိုင်းအလုပ်သမား ဥပဒေအရ အလုပ်ရှင်နှင့် အတူ ထိုင်းတနိုင်ငံလုံးကို သွားခွင့်ရှိရာ အနီရောင်ကို ထောက်ခံသည့် အလုပ်ရှင်ဖြစ်နေပါက အလုပ်သမားများကိုခေါ်ပြီး ဆန္ဒပြပွဲတွင် ပါဝင်ခိုင်းနိုင်ကြောင်း၊ ထို့ပြင် တချို့ ရွှေ့ပြောင်း အလုပ်သမားများ အနေနှင့် ဆန္ဒပြပွဲ အနီးဝန်းကျင်တွင် သွားလာ လှုပ်ရှားမှုများ ရှိနိုင်ကြောင်း ပြောသည်။

ယခုကဲ့သို့ ထိုင်းအစိုးရက အမိန့်ထုတ်ပြန်ခြင်းမှာ ယခင်က ဖြစ်ပေါ်ခဲ့ဖူးသော အနီဝတ်နှင့် အ၀ါဝတ် အုပ်စု ဆန္ဒပြပွဲများတွင် ရွှေ့ပြောင်းအလုပ်သမားများ ပါဝင်ခဲ့ဖူးသည့် သာဓကများ ရှိခဲ့ဖူးသောကြောင့်ဖြစ်သည်။

အ၀ါရောင်ဝတ် ဆန္ဒပြသမားများက သက်ဆင်ရှင်နာဝပ်နှင့် နောက်တက်သည့် သက်ဆင်၏ နောက်လိုက် ၀န်ကြီးချုပ်များကို ပြုတ်ကျစေရန် ဘန်ကောက်မြို့တွင် ကြီးမားသော ဆန္ဒပြပွဲကြီးများ ပြုလုပ်ခဲ့ကြဖူးသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်၊ စမတ် နှင့် ဆုမ်ချိုင်း စသော ၀န်ကြီးချုပ် သုံးဆက်ကို အ၀ါရောင်ဝတ် ဆန္ဒပြ သမားများက ဖြုတ်ချပြီးနောက် လက်ရှိဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ အာဏာရလာခြင်းဖြစ်သည်။

ထိုင်းအလုပ်သမား ၀န်ကြီး၏ ထုတ်ပြန်ကြေညာချက်မှာ ရွှေ့ပြောင်းအလုပ်သမားများ အတွက် များစွာ စိုးရိမ်ဖွယ်ရာကောင်းကြောင်းနှင့် ထိုင်းနိုင်ငံသား အချင်းချင်း ဖြစ်ပျက်နေသော နိုင်ငံရေး ပြဿနာကို မဖြေရှင်းဘဲ အားနည်းသော ရွှေ့ပြောင်းအလုပ်သမားများကို ခြိမ်းခြောက်ခြင်းမှာ အလုပ်သမား အခွင့်အရေးနှင့် လူ့ အခွင့်အရေးကို ချိုးဖောက်ရာရောက်သည်ဟု ကိုနစ်ကပြောသည်။

ထိုင်း အလုပ်သမားဝန်ကြီးဌာနက ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်၍ ခြိမ်းခြောက်သည့် ကြေညာချက် ထုတ်နေသော်လည်း အလုပ်သမားအများစုမှာ မကြာမီပြုလုပ်မည့် ဆန္ဒပြပွဲကို သိသူ နည်းပါးလှသည်ဟု ကိုနစ်က ဆက်ပြောသည်။

ကိုမြင့်ဝေကလည်း “ထိုင်းအလုပ်သမား ဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ အလုပ်သမားအခွင့်အရေးတွေကို တောင်းဆိုနိုင်တယ်။ ဒါပေမယ့် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခွင့်မရှိဘူး။ ဒါကြောင့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ ကိုယ်အန္တရာယ်ဖြစ်စေမယ့် အရေးကို သတိထားပြီး ဆင်ဆင်ခြင်ခြင် နေထိုင်သင့်ပါတယ်” ဟုဆိုသည်။

ယခုလတ်တလောကာလသည် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်း၊ အလုပ်သမား လက်မှတ်သက်တမ်းတိုးခြင်း ပြုလုပ်နေသည့် ကာလဖြစ်သကဲ့သို့ လက်မှတ်မရှိသူများအား ထိုင်းအစိုးရက ဖမ်းဆီး ပြန်ပို့မည်ကို စိုးရိမ်နေသည့် ကာလလည်း ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းတွင် လာရောက်အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းမှ ၄ သန်း ရှိသည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။

ပြည်တွင်း၌ သဘာဝဓာတ်ငွေ့များ ပေါပေါများများ ထွက်နေသော်လည်း (၃) လအတွင်း ဂက်စ်ဈေး (၄ဝ) ရာခိုင်နှုန်းတက်

မျိုးဝင်းဇော်

မီးဖိုချောင်သုံး ဂက်စ်အရည် ဈေးနှုန်းမှာ (၃) လအတွင်း (၄ဝ) ရာခိုင်နှုန်းအထိ မြင့်တက်လာသည့်အတွက် လူလတ်တန်းစားနှင့် အခြေခံအလုပ်သမား မိသားစုများ လောင်စာစရိတ် ပိုမိုကုန်ကျလာကြောင်း စုံစမ်းသိရသည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှ အိမ်ရှင်မတဦးက “ဂက်စ်ဈေး တက်လာတာရော၊ မီးပျက်တာများလို့ ဂက်စ်မီးဖိုကို ပိုပြီး သုံးရတာ အတွက်ကြောင့်ပါ ငွေကုန်ကြေးကျ ပိုများလာတယ်။ ခုဆို ဂက်စ်ဖိုး တလ ကျပ် (၁၀,၀၀၀) လောက်တော့ ကုန်တယ်။ ကိုယ်စားရမယ့် စရိတ်တွေ ဂက်စ်ဖိုးထဲ အများကြီးဝင်သွားလို့ ချွေတာနေရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် မီးဖိုဆောင်သုံးဂက်စ်ကို တပိဿာလျှင် ကျပ် (၂,ဝဝဝ) နှုန်းပေးခဲ့ရကြောင်း၊ ယခုသီတင်းပတ်အတွင်း တပိဿာ ကျပ် (၂,၈ဝဝ) နှုန်း ဖြစ်နေပြီး မကြာသေးမီက ကျပ် (၃,ဝဝဝ) အထိမြင့်တက်ခဲ့သည်ဟု ဂက်စ်ရောင်းသည့်ဆိုင်မှ သိရကြောင်း ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် မီးဖိုဆောင်သုံး ဂက်စ် (LPG) ကို အစိုးရနှင့် နီးစပ်သူများသာ ၀ယ်ယူခွင့် ပါမစ်ရရှိထားပြီ်း ၎င်းတို့ထံမှ ပုဂ္ဂလိက အရောင်းဆိုင်ငယ်များက တဆင့်ပြန်လည်ဝယ်ယူပြီး ပိဿာအချိန်အတွယ်ဖြင့် ရောင်းချလျက်ရှိသည်။

စီအန်ဂျီကဲ့သို့ မော်တော်ယာဉ်သုံး ဂက်စ်ကိုမူ လီတာစနစ်ဖြင့် အစိုးရ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချပေးသော်လည်း မီးဖိုချောင်သုံး ဂက်စ်ကိုမူ ပုဂ္ဂလိကအရောင်းဆိုင်များတွင် တဆင့် ၀ယ်ယူရသဖြင့် ဈေးနှုန်းအမြင့်ဖြင့် သုံးစွဲကြရသည့် အနေအထားဖြစ်သည်။

ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်လမ်းတွင် ဂက်စ်မီးဖိုနှင့် ဂက်စ်အရောင်းဆိုင် ဖွင့်လှစ်ထားသူတဦးက ယခုကဲ့သို့ ဂက်စ်ဈေး တက်ရခြင်းသည် ရန်ကုန်တွင် မီးအပျက်များပြီး ဂက်စ်လိုအပ်ချက် များနေချိန်ဖြစ်သည့်အပြင် ထိုင်းနယ်စပ် မဲဆောက်မြို့၌ မြန်မာနိုင်ငံဘက်ပို့မည့် ဂက်စ်အိုးများကို ထိုင်းအာဏာပိုင်တို့က ဖမ်းဆီးသည့်အချိန်နှင့် တိုက်ဆိုင်သွားခြင်းကြောင့်ဖြစ်ကြောင်း ရှင်းပြသည်။

ထိုင်းအစိုးရသည် မြန်မာနိုင်ငံ ရတနာ သဘာဝဓာတ်ငွေ့တွင်းမှ ထွက်သည့် ဂက်စ်ကိုဝယ်ယူပြီး ထိုင်းနိုင်ငံသားများကို အရှုံးခံကာ ဈေးချိုချိုဖြင့် ပြန်လည်ဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း၊ အဆိုပါဂက်စ်များကို မဲဆောက်ကုန်သည်တို့က မြန်မာနိုင်ငံဘက် ပြန်ပြီး ရောင်းစားနေခြင်းကြောင့် ယခုကဲ့သို့ တားမြစ်ဖမ်းဆီးမှု လုပ်ခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပြည်တွင်း၌ သဘာဝဓာတ်ငွေ့များ ပေါပေါများများ ထွက်နေသော်လည်း ပြည်သူများ ဈေးနှုန်းသက်သက်သာသာဖြင့် မသုံးရဖြစ် နေကြသည်။

ရန်ကုန်မြို့တွင် ဂက်စ်ကို စားသောက်ဆိုင်များ အပါအ၀င် မြို့လယ်ကွန်ဒိုနှင့် တိုက်ခန်းနေသူတို့က အများဆုံး အသုံးပြု ကြကြောင်း၊ မြို့ဆင်ခြေဖုံးရပ်ကွက်တို့တွင်မူ ထင်း၊ မီးသွေးကို အသုံးများပြီး ဂက်စ်သုံးသည့် အိမ်များကလည်း ဘူးငယ်များကိုသာ ဝယ်ယူအသုံးပြုသည့်အတွက် ကုန်ကျစရိတ် ပိုမိုကြီးမားကြောင်း သိရသည်။

စစ်အစိုးရသည် နိုင်ငံအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး မစွမ်းဆောင်နိုင်သဖြင့် ပြည်သူများ ရေမလုံလောက်မှုအပါအဝင် နောက်ဆက်တွဲ ပြဿနာပေါင်း မြောက်မြားစွာ ကြုံတွေ့နေရပြီး ယခု ဂက်စ်ဈေးတက်၍ ငွေကုန်ကြေးကျ များရခြင်းက ထပ်ဆင့်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ရွေးကောက်ပွဲ ဥပဒေ နိုင်ငံတကာ အမြင်

စစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရဆိုရင် လာမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်ကို ပိတ်ပင်ထားတာမို့ မြန်မာစစ်အစိုးရ အပေါ်မှာ နိုင်ငံတကာက ပြစ်တင် ဝေဖန်လာကြပါတယ်။

ဒီဥပဒေအရ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့် ပိတ်ပင်ထားတဲ့အတွက် ဒီဥပဒေကို အမေရိကန် ပြည်ထောင်စုက ပြစ်တင် ဝေဖန်ပါတယ်။ ဒီဥပဒေဟာ ဒီမိုကရေစီရေး လုပ်ငန်းစဉ်နဲ့ လွဲချော်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က ပြောဆိုလိုက်ပြီး လာမယ့် ရွေးကောက်ပွဲ အပေါ်မှာ အများက လက်ခံယုံကြည်နိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

အခု ဒီဥပဒေဟာ နိုင်ငံရေး အင်အားစုတွေနဲ့ တိုင်ပင်ဆွေးနွေးခြင်း မရှိဘဲနဲ့ တဖက်သတ် ထုတ်ပြန်တာမို့ ၀မ်းနည်းစရာပါပဲလို့ ဗြိတိန်နိုင်ငံကလည်း ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကတော့ ကုလသမဂ္ဂ အနေနဲ့ ဒီဥပဒေကို လေ့လာနေတုန်းပဲလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ရထားတဲ့ အချက်အလက်အရ ဆိုရင်တော့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တရပ်လို့ မျှော်လင့်လို့ မရနိုင်ဘူးလို့ ကြေညာချက် ထုတ်ခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် မြန်မာနိုင်ငံသား အားလုံး ဒီရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ်နဲ့ ပါဝင်ခွင့် ပေးခြင်းအားဖြင့် လွတ်လပ်မျှတပြီး အများက ယုံကြည်လက်ခံနိုင်တဲ့ ရွေးကောက်ပွဲတခု ဖြစ်လာအောင်လုပ်ဖို့ အတွင်းရေးမှူးချုပ်က မြန်မာအာဏာပိုင်တွေကို ထပ်မံ တိုက်တွန်းပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနဲလ် (Mitch McConnell) ကတော့ အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မပေးဘူးဆိုတာ ဒီစစ်အစိုးရ အနေနဲ့ အာဏာဆက်ကိုင်ထားဦးမယ် ဆိုတာ ရှင်းရှင်းလင်းလင်း ပြသလိုက်တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

၁၉၉၀ ခု ရွေးကောက်ပွဲ အနိုင်ရ အန်အယ်ဒီရုံးများကို ပြန်ဖွင့်ခွင့်ရ

ဖနိဒါ
စစ်အစိုးရက ချိတ်ပိတ်ထားရသည့် တိုင်းနှင့် ပြည်နယ်အသီးသီးမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး များ၏ သုံးပုံတပုံခန့် ယခုအခါ ပြန်လည်ဖွင့်ခွင့်ရပြီ ဖြစ်သည်။

တိုင်းနှင့် ပြည်နယ်များ၌ အန်အယ်ဒီ ရုံးပေါင်း ၃ဝဝ ကျော်ရှိသည့်အနက် ယမန်နေ့မှစ၍ ပြန်ဖွင့်ခွင့်ရ သည့် အန်အယ်ဒီ ရုံးပေါင်း ၁ဝဝ ကျော်ရှိသွားပြီဖြစ်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ထံမှ သိရသည်။

“မနေ့ ညနေပိုင်းကနေ မန္တလေးတိုင်း ဥက္ကဌတွေကို အရင်ခေါ်ပြီးတော့ ရုံးဖွင့်လို့ရပြီ။ တိုင်းအောက်မှာ ရှိတဲ့ ရုံးတွေလည်း ဖွင့်လို့ရပြီလို့ပြောတယ်။ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တွေပါတယ်။ ဆိုတော့ ၁ဝဝ ကျော်လောက် ဖွင့်လို့ရပြီ” သူက ပြောသည်။

ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် စသည့် တိုင်းနှင့် မြို့နယ်များမှ ပါတီရုံးများ ဖွင့်ခွင့်ရနေပြီဖြစ်ကြောင်းလည်း သိရသည်။

သို့သော် ရုံးများပြန်ဖွင့်ခွင့်ပေးနေခြင်းကို ရန်ကုန်မြို့ အန်အယ်ဒီ ဗဟိုရုံးချုပ်သို့ စစ်အစိုးရက တစုံတရာ အကြောင်းကြားခြင်း မရှိကြောင်း အန်အယ်ဒီ အခြား ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ရှေ့နေ ဦးဥာဏ်ဝင်းကပြောသည်။

“သက်ဆိုင်ရာ တိုင်း၊ ပြည်နယ်၊ မြို့နယ် အန်အယ်ဒီကလူတွေကို ဆက်သွယ်ပြီး ဖွင့်ပေးနေတာပါ။ ဘယ်ကအမိန့်နဲ့ စာထဲမှာ ဘယ်လိုပါတယ်ဆိုတာ ကျနော်တို့ မသိသေးပါဘူး” ဟု သူကပြောသည်။

မန္တလေးမြို့ မဟာအောင်မြေရပ်ရှိ အန်အယ်ဒီ ရုံးကို တရားသူကြီးများ အပါအဝင် ခယက ဥက္ကဌ (မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်ဟောင်း ဥက္ကဌ)၊ မြို့နယ်နှင့် ရပ်ကျေးဥက္ကဌများက ယနေ့ လာရောက်ခွင့်ပြုခဲ့ကြောင်း မန္တလေးတိုင်းစည်းအဖွဲ့မှ သိရသည်။

လက်ရှိ နအဖ စစ်အစိုးရက အသစ်ထုတ်ပြန်လိုက်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၁၄ အရ ယခင် နဝတ က ဖွဲ့ပေးခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် ဥပဒေအမှတ် ၁/၈၈ သည် ပျက်ပြယ်သွားပြီ ဖြစ်သော်လည်း ယင်းကာလ ကော်မရှင်လူကြီး များက ရုံးဖွင့်ခွင့်ပြုနေကြခြင်း ဖြစ်သည်။

မန္တလေးတိုင်း မြို့နယ်ပေါင်း ၃ဝ မှ မတ္ထရာ၊ ကျောက်ပန်းတောင်း၊ သာစည်၊ မြင်းခြံ၊ အမရပူရ၊ ပြင်ဦးလွင်၊ မြစ်သား၊ ပုသိမ်ကြီး၊ မိုးကုတ် စသည့်မြို့နယ်ရုံးများ ဖွင့်ခွင့်ရနေ ပြီဖြစ်သည်။

သို့သော် မန္တလေးတိုင်း ရမည်းသင်းမြို့တွင်မူ ရွေးကောက်ပွဲကော်မရှင် ဥပဒေအရေ အဖွဲ့ဝင် ၅ ဦး ပြည့်ရမည်ဟု ဆိုကာ ရုံးဖွင့်လှစ်ရန် ခွင့်ပြုချက် မရသေးကြောင်း ပါတီမြို့နယ်အတွင်းရေးမှူးက ပြောသည်။

ကချင်ပြည်နယ်၌ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဗန်းမော်၊ ရွှေကူ၊ ဝိုင်းမော် စသည့်မြို့နယ် များတွင် အန်အယ်ဒီရုံးများ ပြန်ဖွင့်ခွင့်ရထားကြောင်း မြစ်ကြီးနားမြို့ခံ အန်အယ်ဒီအဖွဲ့ဝင် ဦးနေဝင်း က ပြောသည်။

အန်အယ်ဒီရုံးများကို ပြန်လည်ဖွင့်ခွင့် ပြုနေသော်လည်း လတ်တလော ထုတ်ပြန်နေသည့် ရွေးကောက်ပွဲ ဥပဒေများအရမူ နိုင်ငံရေးပါတီအနေဖြင့် ဆက်လက်ရပ်တည်နိုင်ရေးမှာ မရေမရာ ဖြစ်နေကြောင်း လေ့လာသူများက သုံးသပ်နေကြသည်။

၁၉၉၀ ခု ရွေးကောက်ပွဲပြီးနောက် အန်အယ်ဒီရုံးများကို တစတစ ပိတ်လာရာ ၂၀၀၃ ခု ဒီပဲယင်း အရေးအခင်းပြီးနောက် ရန်ကုန်ဌာနချုပ်ရုံးမှလွဲ၍ ရုံးအားလုံးကို စစ်အစိုးရက ချိတ်ပိတ်ခဲ့သည်။

(ကိုဝိုင်းတည်းဖြတ်သည်)

မန္တလေး မီးလောင်မှု၊ တဦး သေဆုံး

မင်းသက်
မန္တလေးမြို့ နေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးသည့် ယခုလ ၈ ရက်နေ့ မီးလောင်မှုအတွင်း ၈၈ နှစ်အရွယ် အဖွားအိုတဦး သေဆုံးသွားသည်။

မန္တလေးတိုင်း အောင်မြေသာဇံမြို့နယ် အရှေ့ပုလဲဝင်းရပ်ကွက်ရှိ ဦးကံထွန်း (အမှတ် ၁၂၄) နေအိမ်မှ စတင်လိုက်သည့် မီးလောင်မှုတွင် ၎င်း၏ မိခင် ဒေါ်တင်လှမှာ မီးခိုးမွှန်ကာ သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

မန္တလေး မီးသတ်ဦးစီးဌာန မှတ်တမ်းကလည်း ထိုကဲ့သို့ အတည်ပြုထားပြီး၊ မီးလောင်မှုကြောင့် ၂၃ ဦး အိုးအိမ်မဲ့ဖြစ်ကာ၊ ဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်းတထောင်ကျော် ရှိနိုင်ကြောင်း ခန့်မှန်းသည်။

နေအိမ်ပိုင်ရှင်က ဇိမ်ခံကားပေါ်မှ ဓာတ်ဆီကို ထုတ်ယူနေစဉ် စတင်၍ မီးလောင်ခဲ့သည်ဟု တိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

ကော်မရှင်လူကြီးများစာရင်း စစ်အစိုးရ ထုတ်ပြန်

မဇ္ဈိမ
မြန်မာ့ရုပ်မြင်သံကြားက အဖွဲ့ဝင် ၁၇ ဦးပါ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ယနေ့ညနေက ကြေညာလိုက်သည်။

ကော်မရှင်သည် ယခုနှစ်အတွင်း ကျင်းပမည့် အငြင်းပွားဖွယ်ရာ နိုင်ငံတဝှမ်း ရွေးကောက်ပွဲကို ကြီးကြပ်ကွပ်ကဲမည် ဖြစ်သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေမှူး ၁ ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးက လက်မှတ်ရေးထိုး ထုတ်ပြန်သော ကြေညာချက်တွင် တရားရုံးချုပ်မှ ဒုတိယ တရားသူကြီးချုပ် ဦးသိန်းစိုးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး၊ အဖွဲ့ဝင်များတွင် အမျိုးသမီး နှစ်ဦးဖြစ်သော ဒေါက်တာမြင့်ကြည်နှင့် ဒေါ်ခင်လှမြင့်တို့ ပါဝင်သည်။

ကျန်သော အဖွဲ့ဝင်များမှာ ဦးအင်ဇော်နော်၊ ဦးခင်မောင်နု၊ ဦးစိုးဘလှိုင်၊ ဒေါက်တာဘမောင်၊ ဦးညွန့်တင်၊ ဦးမောင်သာလှ၊ ဦးစိုင်းခုမ်လှိုင်၊ ဦးအောင်မြင့်၊ ဦးမြင့်နိုင်၊ ဒေါက်တာတင်အောင်အေး၊ ဦးသာဦး၊ ဒေါက်တာမောင်ထူး၊ ဦးသာဋ္ဌေးနှင့် ဦးဝင်းကြည်တို့ ဖြစ်ကြသည်။

ဦးသိန်းစိုးမှာ တရားရုံးချုပ်သို့ ရွှေ့ပြောင်း၍ တာဝန်ထမ်းဆောင်မှု မပြုခင်က စစ်ဥပဒေချုပ်ရုံးတွင် ဗိုလ်ချုပ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ဒေါက်တာ တင်အောင်အေးသည်လည်း တရားရုံးချုပ် တရားသူကြီးဖြစ်ပြီး၊ ဦးသိန်းစိုးနှင့် ဒေါက်တာတင်အောင်အေးတို့ နှစ်ဦးစလုံးမှာ လက်ရှိ တာဝန်ထမ်းဆောင်ဆဲဖြစ်ကြောင်း မကြာသေးခင်က ထုတ်ပြန်သော သတင်းများတွင် ပါရှိသည်။

Wednesday, March 10, 2010

ပန်းရံအလုပ်သမ ၂ ဦးထိုင်းရဲလိုက်ဖမ်းသဖြင့်ရေနစ် ဆင်းကယ်မယ့်လူ တစ်ယောက်ကို ထိုင်းပုလိပ်က မင်း သေနတ်နဲ တေ့ပစ်သတ်မည်ပြော မသေသင့်ပဲသေဆုံး

သတင်း - ကိုကျော်သောင်း(ဘန်ကောက်)
ထိုင်းနိုင်ငံ တောင်ပိုင် ဖူးခက် ပင်လယ် ၊ ကမ်းပါသောင် ကမ်းခြေရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုသို့ ယမန်နေ့ ညနေက ဒေသခံ ထိုင်းပုလိပ်များ ၀င်ရောက် ရှာဖွေ ဖမ်းဆီးစဉ် ထွက်ပြေး သဖြင့် မြန်မာ အလုပ်သမ ညီအစ်မ နှစ်ဦး ရေနစ် သေဆုံး ခဲ့ရသည်။ ယမန်နေ့ ညနေ ၅ နာရီခန့် က ပန်းရံဆိုဒ် နေအိမ် အတွင်းသို့ ထိုင်းပုလိပ်များ ၀င်လာသဖြင့် အသက် ၁၂ နှစ်အရွယ် မမြင့်မြင့်စမ်း မှာ ခြေဦး တည့်ရာ ထွက်ပြေးသည်။ ပါသောင်ချောင်းတွင် ရေနစ် နေသည်ကို မြင့်သော အစ်မ အရင်း ဖြစ်သူ အသက် ၂၀ အရွယ် မညိုညိုစမ်း က ချောင်းထဲသို့ ဆင်းဆယ်ရာ ညီမ နှစ်ဦး စလုံး ရေနစ် သေဆုံး ခဲ့ရသည်။

လောင်လုံမြို့ နယ်၊ အံဇေါက် ကျေးရွာနေ ဦးမြင့်သိန်း ၊ ဒေါ်မတင်ဝေ တို့၏ သမီးငယ် များဖြစ် ကြသည်။ ထိုမိသားစု အားလုံးမှာ ထိုနေရာတွင် အတူ နေထိုင် လုပ်ကိုင်စားနေကြ သူများ ဖြစ်ကြသည်။ အစ်ကို အရင်းဖြစ်သူ ကိုနောင်နောင်က“ ကျနော် အကြီးဆုံးပါ၊ ကျနော်တို့ မှာ ညီကို မောင်နှမ ငါးယောက် ရှိပါတယ်၊ ကျနော့် ညီမလေးတွေ ခုလို့ မသေသင့်ပဲ သေဆုံး ရတာ ထိုင်းပုလိပ်တွေကြောင့် သေရတာပါ။ ကျနော့် ညီမအငယ် မြင့်မြင့်စမ်း ရေနစ် နေတာကို ညီမ အကြီးမ ညိုညိုစမ်းက မမြင် နိုင်ဘူးလေ၊ ကိုယ့်ညီမ ဆိုတော့ ဆင်းပြီးတော့ ဆွဲတယ်။ ၂ ယောက်စလုံး ရေကူး မတတ်တော့ မသေသင့်ပဲ သေဆုံး ကြရတယ်။ ကျနော်တို့ ဘယ်ကျေ နပ်မလဲ၊ ဒါပေမယ့် သူတစ်ပါး တိုင်းပြည်မှာ ကျွန်လာခံ နေရတော့ ဘာမှ မတတ် နိုင်ဘူး” ဟုပြောသည်။

မျက်မြင် တစ်ဦး ဖြစ်သည့် ကိုခိုင်သန်းက “လူနေတဲ့ တန်းလျားကို လာပြီး အလုပ် သမားတွေကို ၀င်ဖမ်း ပါတယ်။ ပုလိပ် ၉ ယောက်လောက် ရှိပါတယ် ၊ ကားက ၂ စီးပါ၊ လူ ၁၅ ယောက်လောက် ဖမ်းယူ သွားပါတယ်၊ မနက် ကတော့ ငွေပေးပြီး ရွေးလာကြလို ရောက်နေ ကြပါပြီ၊ စီမံချက်နဲ့ ဖမ်းတယ် ထင်ပါတယ်၊ ကလေးမလေး၂ ယောက် မသေသင့်ပဲ သေရတာပါ၊ ဆင်းကယ်မယ့်လူ တစ်ယောက်ကို ထိုင်းပုလိပ်က မင်း ဆယ်ရဲရင် ဆယ်ကြည့် သေနတ်နဲ့ ပစ်သတ် မယ်လို့  သေနတ်နဲ့ တေ့ထားတယ်ပြောတယ်၊ အဲဒီကလေးမ ၂ ယောက် နေနစ် နေတာကို အားလုံး မြင်နေ ရပါတယ်။ လုံဝ ရေနစ်သွားမှ ပုလိပ်တွေ ပြန်သွား တာပါ၊ တော်တော် ရက်စက် လွန်းပါတယ်” ဟုပြောသည်။

အလောင်း၂ လောင်ကို ယနေ့ မွန်းလွဲ ပိုင်းတွင် ပါသောင် ပထိုးမြို့ ဘုန်းတော်ကြီးကျောင်း တွင် မီးသဂြိုဟ် ပြီးစီး ခဲ့ပြီး ဖြစ်သည်။ အသုဘ အခမ်းအနားသို့ အနီး ပတ်ဝန်း ကျင်မှ မြန်မာ အလုပ်သမားများ ၃၀၀ ကျော်ခန့် လာရောက်ခဲ့ ကြသည်။ အဆိုပါ ၁၃ ထပ် ပါသောင် ပန်းရံဆိုဒ်တွင် မြန်မာ အလုပ်သမားပေါင်း ၃၅၀ အထက်တွင် ရှိကြောင်း သိရှိ ရသည်။ ထိုပန်းရံဆိုဒ် အတွင်း ထက်ဝက် ကျော်ခန့် မှာ နေထိုင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် လုပ်ထား ကြသော်လည်း ပုလိပ်နှင့် မဖြေရှင်းလို သဖြင့် အားလုံး လိုလို ထွက်ပြေး ကြကြောင်း အလုပ် သမားများက ပြောသည်။

အလားတူ ထိုင်းပုလိပ် လိုက်လံ ဖမ်းဆီး သဖြင့် ထွက်ပြေး သဖြင့် ကားတိုက် သေဆုံးမှု များနှင့် ရေနစ် သေဆုံး ရမှုများ ယခင်းက လည်း ထိုင်းနိုင်ငံ မဟာချိုင် နှင့် အခြား နေရာ အတော် များများ တို့ တွင်လည်း ဖြစ်ပေါ် ခဲ့ဖူးကြောင်း သိရသည်။

ရွေးကောက်ပွဲဥပဒေ အမေရိကန်ဝေဖန်


ကိုထွေး
ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသား လူနည်းစုများဖြင့် စေ့စပ် ဆွေးနွေးခြင်း မရှိဘဲ ရွေးကောက်ပွဲ ဥပဒေကို စစ်အစိုးရက ထုတ်ပြန် ခြင်းကြောင့် ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲသည် စစ်မှန်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန် သံသယ ရှိကြောင်း အမေရိကန် အစိုးရက ယနေ့ ပြောဆိုလိုက်သည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ P. J Crowley
အမေရိကန် နိုင်ငံခြားရေး ဌာန ပြောရေး ဆိုခွင့်ရှိသူ P. J Crowley က သတင်း ထောက်များကို ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ဘိန်းစစ်ဆင်ရေး မပခ လုပ်ဆောင်

(ဘိန်းပင် က အစီးကို ထုတ်ပြီး ရင် လည်းအပင်ကအပွင့်တွေဘာတွေ ပွင့်ပေမဲ့တန်းဖိုးမဲ့ နေပြီ)
ဖနိဒါ
ဘိန်းတိုက်ဖျက်ရေး ဆောင်ရွက်ရန်အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မပခ တပ်များ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ဘက်သို့ ထွက်ခွာသွားကြောင်း စုံစမ်းသိရှိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မပခ တပ်မှ စစ်သည်အင်အား အနည်းဆုံး ၂၀၀ ကျော်က ယခုလ ၇ ရက်နေ့တွင် အရှေ့ဘက်အရပ် ဝိုင်းမော်မြို့နယ် ဆဒုံးကျေးရွာသို့ ထွက်ခွာသွားပြီး၊ ယနေ့နံနက်တွင် ရဲ၊ လူဝင်မှုကြီးကြပ်ရေး၊ မူးယစ် တိုက်ဖျက်ရေးနှင့် မီးသတ်ဝန်ထမ်းများပါ ဆက်လက် လိုက်ပါသွားသည်။

“ကျနော်တို့ ဘိန်းတိုက်ဖျက်ရေးသွားမှာ ဆဒုံးကို၊ စစ်တပ်၊ ရဲ၊ ရဝက၊ မူးယစ်၊ မီးသတ်ရော ပါတယ်။ ဌာနဆိုင်ရာတွေ အကုန်လုံးပဲ။ မနေ့က သွားမလို့၊ ဒါပေမဲ့ တိုင်းမှူးက မသွားခိုင်းဘူး။ ဒီနေ့မှ သွားခိုင်းလိုက်တယ်” ဟု ဝိုင်းမော်မြို့ခံ အစိုးရ ဝန်ထမ်းတဦးက ပြောသည်။

အစဉ်အလာအားဖြင့် ဆဒုံးအရပ် ချောင်ကျသော ဒေသများတွင် ဘိန်းခင်းများ စိုက်ပျိုးကြပြီး ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးမှု စီမံကိန်းလည်း မအောင်မြင်ခဲ့ဟု သိရသည်။

မှတ်ပုံတင် ဥပဒေက ဒေါ်စုနှင့် CC ၁၁ ဦးကို ပါတီမှ ခွဲထုတ်

ဖနိဒါ
ဒေါ်အောင်ဆန်းစုကြည်အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုဦးစည်းအဖွဲ့ CC အဖွဲ့ဝင် ၁၁ ဦးသည် စစ်အစိုးရက ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြောင့် ထုတ်ပယ်ပြီးသား ဖြစ်သွားသည်။

ယခုလ ၃ ရက်နေ့က အတိုက်အခံပါတီကြီး၏ ဗဟိုဦးစီးအဖွဲ့ကို အဖွဲ့ဝင် ဦးရေ ၁၀၀၊ အရန် ၈ ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ရာ ထောင်ကျနေသော လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပါတီဝင် ၁၁ ဦးကိုပါ သွင်းထားသည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေက ထောင်ကျနေသူများကို ပါတီဝင်အဖြစ် သတ်မှတ်ခြင်း မပြုရန် ကန့်သတ်ထားသဖြင့် ကော်မရှင်အသစ်တွင် နိုင်ငံရေးပါတီအဖြစ် ရက် ၆၀ အတွင်း ပြန်လည် လျှောက်ထားရမည့် ပါတီအတွက် အခက်အခဲ ဖြစ်နေတော့သည်။

မန္တလေးတိုင်း စည်းရုံးရေး ဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ အပါအဝင် မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှ ပါတီဝင်များကို CC အဖွဲ့သစ်တွင် ”ပါတီအပေါ် သစ္စာရှိစွာဖြင့် အနစ်နာခံ လုပ်ဆောင်မှုကြောင့်” ဟု ပါတီဗဟိုက ထဲ့သွင်းအတည်ပြုပေးခဲ့သည်။

၂၀၀၇ ခု နောက်ပိုင်း အဖမ်းခံရသော သူတို့အနက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ခိုင်မှအပ ၁၀ နှစ်အထက် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရသည်။ တောင်ကုတ်မြို့မှ အသက် ၈၇ နှစ်ရှိ ဦးကျော်ခိုင်မှာ ၂၀၀၉ ခုနှစ် မေလတွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂ နှစ် ကျခံနေရသည်။

“ကျနော်တို့ NLD ပါတီကို ရည်ရွယ်ပြီး ပြောနေသလို ခံစားနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မနေ့က တနေ့ကပဲ ဗဟိုဦးစီးအဖွဲ့ဝင်တွေကို ထုတ်ပြန်လိုက်တယ်။ တကယ်လို့ ပါတီက ဆက်လက် မှတ်ပုံတင်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်တွေကို ကျနော်တို့က ထုတ်ပယ်ဖြစ်ရမလို ဖြစ်နေပါတယ်” ဟု NLD ပြန်ကြားရေးဌာနမှ ဦးအုန်းကြိုင်က ပြောသည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပါတီဝင်အဖြစ် သတ်မှတ်၍ မရအောင် ဥပဒေက ကန့်သတ်လိုက်သည်။ လွန်ခဲ့သည့်နှစ် ၂၀ အတွင်း ၁၄ နှစ်ကျော် အချုပ်အနှောင်ခံနေခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ဖိတ်ခေါ်ခဲ့ခြင်း မရှိသော အမေရိကန် နိုင်ငံသားက ရေကူး၍ ခြံထဲ ဝင်ရောက်ခြင်းကို ခေတ္တနားခိုခွင့် ပေးသဖြင့် တရားရုံးက ပြစ်ဒဏ်ချခံထားရသည်။

”ဒီဥပဒေအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပစ်ရမယ်လို့ ပြောထားတယ်။ မထုတ်ဘူးဆိုရင် ဒီပါတီက ပျက်မှာပဲ ဒီလိုပြောထားတာကိုး။ ရွေးကောက်ပွဲဝင်လို့ မရပါဘူး။ သူက တရားရုံးရဲ့ အမိန့်နဲ့ အကျဉ်းကျနေတဲ့ လူတွေက ရွေးကောက်ပွဲကို ဝင်ခွင့်မရှိဘူး” ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသားကို လက်ထပ်ခဲ့သဖြင့် အစိုးရရာထူး ရယူပိုင်ခွင့် မရှိ ဖြစ်နေပြန်သည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ပါရန် အကြိမ်ကြိမ် တောင်းဆိုထားသော NLD က ယခုအခြေအနေသည် ဆန့်ကျင်ဘက် ဖြစ်နေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ရှိနေပြီး၊ ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲများ စတင်ဖြစ်ပေါ်စေသော လောင်စာဆီဈေးနှုန်း ချပေးရေး လမ်းလျှောက်ဆန္ဒပြမှုများကို ဦးဆောင်ခဲ့ကာ၊ လူငယ်ထုအကြား သြဇာရှိသည့် နှစ်ရှည်ထောင်ဒဏ်ကျခံ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ၄၀ ကျော်လည်း ပါဝင်သည်။

Monday, March 8, 2010

ဘားမား ဗီဂျေ အော်စကာဆုနှင့် လွဲ

ကိုထွေး
၈၂ ကြိမ်မြောက် အော်စကာ ဆုပေးပွဲ၌ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆု ရရှိရန် အလားအလာ ကောင်းခဲ့သော ဘားမား ဗီဂျေ (Burma VJ) မှတ်တမ်း ရုပ်ရှင်ဇာတ်ကားမှာ ဆုနှင့် လွဲချော်သွားသည်။

စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်

သန်းထိုက်ဦး
၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို စစ်အစိုးရက ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် MRTV ရုပ်မြင်သံကြား၏ ယနေ့ ညနေ ၄ နာရီသတင်းတွင် ထုတ်လွှင့်သွားသည်။

ထိုဥပဒေများတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသား လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ တိုင်းဒေသကြီး ဥပဒေ သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့ ပါဝင်သည်။

“အဆိုပါ ဥပဒေများကို မတ်လ ၉ ရက်နေ့မှ စပြီး နေ့စဉ်ထုတ် သတင်းစာများမှာ အချပ်ပိုအဖြစ် ထည့်သွင်း ဖော်ပြပေးသွားမှာ ဖြစ်ပြီး စာအုပ်များအဖြစ်လည်း ပုံနှိပ် ထုတ်ဝေ ဖြန့်ချိပေးသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်” ဟု MRTV က ဆိုသည်။

ဥပဒေများ ထုတ်ပြန်လိုက်ပြီ ဆိုသော်လည်း ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကိုမူ ကြေညာခြင်း မရှိသေးပေ။

နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံး ရွေးကောက်ပွဲကို ၂၀၁၀ တွင် ကျင်းပပေးမည်ဟု လွန်ခဲ့သည့် ၂ နှစ်ကပင် စစ်အစိုးရက ကြေညာခဲ့ခြင်း ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်တွင် အာဏာပိုင်တို့က ရွေးကောက်ပွဲကျင်းပပေးရာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်အများစုက အနိုင်ရခဲ့သည်။

သို့သော်လည်း အာဏာပိုင်တို့က လွှတ်တော် ခေါ်ယူပေးခြင်း၊ အာဏာ လွဲအပ်ပေးခြင်း မပြုဘဲ ရွေးကောက်ခံရသူ အများအပြားကို အကျဉ်းချခြင်း၊ ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခြင်း၊ ပါတီမှ နုတ်ထွက်ရန် နှင့် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရန် ဖိအား ပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။

မြန်မာ၂၁ ဦး ပါသည့် သင်္ဘော ပြန်ပေးဆွဲခံရ

ရန်ပိုင်
မြန်မာသဘောင်္သား ၂၁ ဦး အလုပ်လုပ်ကိုင်နေသည့် UBT Ocean အမည်ရှိ နော်ဝေနိုင်ငံပိုင် သင်္ဘောတစီးကို အာဖရိကတိုက် မဒါဂတ်စကား ကမ်းရိုးတန်းရှိ ဆိုမာလီ ပင်လယ်ဓားပြများက သောကြာနေ့တွင် ပြန်ပေးဆွဲလိုက်သည်။

လောင်စာဆီ တင်ဆောင်ထားသည့် အဆိုပါ သဘောင်္သည် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) မှ တန်ဇန်းနီးယားနိုင်ငံသို့ ဦးတည် ခုတ်မောင်းစဉ် ပြန်ပေးဆွဲခံရခြင်း ဖြစ်ကြောင်း Nautictank Pte Ltd သင်္ဘော ကုမ္ပဏီမှ တာဝန်ခံ တဦးက ပြောသည်။

“သောကြာနေ့ ကတည်းက ပြန်ပေးဆွဲခံရတာ၊ မန်နေဂျာနဲ့ရော သဘောင်္သားတွေနဲ့ပါ အဆက်အသွယ် မရတော့ဘူး” ဟု ကုမ္ပဏီ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ အက်ဒ်ဝပ်အိုင်ရွန်က ရှင်းပြသည်။

သင်္ဘောသားများ၏ မိသားစု တချို့နှင့် ဆက်သွယ်ပြီး စိုးရိမ်မှု မရှိရန် ပြောခဲ့ကြောင်း၊ သဘောင်္သားများ၏ လုံခြုံရေးကို တာဝန်ယူကြောင်း၊ ထူးခြားမှု ရှိလျှင် ကုမ္ပဏီက ထပ်မံ ဆက်သွယ်မည် ဖြစ်ကြောင်း သူက ဆက်လက် ပြောပြသည်။

မြန်မာပြည်ရှိ သင်္ဘောသား မိသားစုများက ပင်လယ်ဓားပြတို့၏ လက်တွင် ရောက်နေသူများအတွက် သောကဖြစ်နေကြသည်။

“အရမ်း စိုးရိမ်တယ်။ ရုံး ကတော့ သူတို့ လုံခြုံစွာ ပြန်လွတ်လာဖို့ ကြိုးစားပေးမယ် ပြောတယ် ” ဟု အင်းစိန်မြို့နယ်မှ အမျိုးသမီးတဦးက UBT Ocean ပေါ်တွင် ရှိနေသည့် ၎င်း၏ ခင်ပွန်းသည် သင်္ဘောသားနှင့် ပတ်သက်ပြီး ပြောပြသည်။

ပြီးခဲ့သည့်၂၀၀၉ ခုနှစ် အတွင်း ဆိုမာလီ ပင်လယ်ဓားပြများက သဘောင်္ စုစုပေါင်း ၆၈ စီးကို ပြန်ပေးဆွဲပြီး ငွေတောင်းခံခဲ့သည်။ ထိုသင်္ဘောတချို့တွင် မြန်မာသင်္ဘောသား အနည်းငယ် ပါဝင်ခဲ့သည်။ သင်္ဘောပိုင်ရှင်များက ပင်လယ်ဓားပြများကို ငွေပေးပြီး နောက်ပိုင်းတွင် ၎င်းတို့ ပြန်လည် လွတ်မြောက်သွားကြသည်။

ယခု ပြန်ပေးဆွဲခံထားရသည့် UBT Ocean ပေါ်ရှိ သင်္ဘောသား ၂၁ ဦးစလုံးမှာ မြန်မာပြည်သားများ ဖြစ်သောကြောင့် မြန်မာသဘောင်္သားများ ပြန်ပေးဆွဲခံရမှုသည် ယခုတကြိမ်တွင် အများဆုံး ဖြစ်သည်။

ပြန်ပေးဆွဲထားသည်မှာ ၃ ရက်ရှိပြီ ဖြစ်သော်လည်း ပင်လယ်ဓားပြများက UBT Ocean သင်္ဘော ပိုင်ရှင် နှင့် သင်္ဘောကုမ္ပဏီတို့ကို ဆက်သွယ်ပြီး ငွေတောင်းသည့် သတင်း ထွက်ပေါ်မလာသေးပေ။

မောင်းသူမဲ့ ကားရထားကြောင့် ၃ ဦး သေဆုံး

ရန်ပိုင်
နေပြည်တော်- နတ်မောက် ပြေးဆွဲနေသည့် ကားရထားတစီးသည် ယမန်နေ့ နံနက်က ရထားမောင်းသူ မပါဘဲ ဘူတာ အများအပြားကို အရှိန်ပြင်းစွာ ဖြတ်ကျော် မောင်းနှင်ကာ ရထားတစီးကို ၀င်ရောက် တိုက်မိသဖြင့် ရထားဝန်ထမ်း တဦး အပါအ၀င် ခရီးသည် ၃ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ခရီးသည် ၉ ဦးခန့်ကို တင်ဆောင်ထားသည့် ကားရထားသည် ပျော်ဘွယ်ဘူတာတွင် စက်ပြင်ဆင်နေစဉ် မောင်းသူ မပါဘဲ ရုတ်တရက် နောက်ဘက်သို့ အရှိန်ပြင်းစွာ မောင်းထွက်သွားသည်ဟု သိရကြောင်း၊ နံနက် ၅ နာရီခန့်တွင် ဟံဇားဘူတာ မရောက်မီ သာစည်-မန္တလေး လော်ကယ်ရထားကို နောက်မှဝင်တိုက် ခြင်းဖြစ်ကြောင်း သာစည်မြို့ခံ ဦးအုန်းရွှေက ပြောသည်။

“ဘက်ဂီယာ ၀င်ပြီး နောက်ပြန်ကြီး ထွက်သွားတာ၊ ခရီးသည်တွေလည်း ကယ်ပါ၊ ယူပါပဲ အော်နိုင်တော့တယ်၊ မောင်းသူကလည်း မပါဘူး၊ အရမ်း မြန်တယ်၊ တနာရီ မိုင်၈၀ နှုန်းလောက် ရှိတယ်လို့  ပြောတယ်” ဟု ဦးအုန်းရွှေက ဆိုသည်။

သာစည်ဘူတာအနီးရှိ မီးရထားလမ်းနှင့်ကားလမ်းဆုံ တခုကို ဖြတ်သန်းစဉ် ကြက်ဥများ တင်ဆောင်ထားသည့် ယာဉ်အမှတ် ၄က/ ၁၅၃၈ တိုယိုတာ ဟိုင်းလပ် အမျိုးအစား ကား၏ ရှေ့ ပိုင်းကို တိုက်မိခဲ့သော်လည်း မောင်းသူမဲ့ ကားရထား အရှိန်မှာ လျော့ကျ မသွားကြောင်း သူက ရှင်းပြသည်။

မောင်းသူမဲ့ ကားရထားသည် ပျော်ဘွယ်မြို့နယ် အတွင်းရှိ ရှမ်းရွာ၊ သာစည်မြို့နယ် အတွင်းရှိ ညောင်ရမ်း၊ နွားထိုး၊ သာစည်၊ ရွာပုလဲ ဘူတာများကို ဖြတ်ကျော်ခဲ့ကြောင်း သာစည်မြို့ခံတဦး နှင့် သာစည်ဘူတာ မီးရထားလမ်းပိုင်း ထိန်းချုပ်ရေး ဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

အဆိုပါ ကားရထား ဘူတာများ ဖြတ်ကျော်လာစဉ် ညောင်ရမ်းဘူတာရုံမှ တာဝန်ရှိသူများက ပြေးလမ်းကြောင်း လွှဲ၍ အရှိန် လျှော့ချပေးရန် သာစည်ဘူတာကြီးသို့ အကြောင်းကြား ခဲ့သော်လည်း လျှော့ချနိုင်ခြင်း မရှိဘဲ၊ လော်ကယ်ရထားကို ၀င်တိုက်ပြီးမှ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်ဟု မီးရထားလမ်းပိုင်း ထိန်းချုပ်ရေး ဌာန ၀န်ထမ်းကပြောသည်။

သာစည်မြို့နယ်ဆေးရုံမှ ၀န်ထမ်းတဦး၏ အဆိုအရ ပွဲချင်းပြီး သေဆုံးသွားသူများမှာ လော်ကယ်ရထားပေါ်မှ ရထားဝန်ထမ်း ဦးမော်ကြီး၊ ၎င်း၏ သားဖြစ်သူ ရှစ်တန်းကျောင်းသား မောင်ရန်ရန် နှင့် ခရီးသည် အမျိုးသမီးတဦးတို့ ဖြစ်သည်ဟု သိရသည်။

မောင်းသူမဲ့ ရထားပေါ်မှ ခရီးသည် ၉ ဦး နှင့် ပတ်သက်ပြီး သတင်း မရရှိသေးပေ။

သာစည်မီးရထား ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ မီးရထားဝန်ကြီး ဌာန၏ ညွန်ကြားချက် တစုံတရာ မရသေးသည့်အတွက် မည်သည့် အရေးယူမှုမျှ ပြုလုပ်ခြင်း မရှိသေးကြောင်း တာဝန်ကျ အရာရှိတဦးက ပြောသည်။

Saturday, March 6, 2010

တနာရီ မိုင် ၁၂၀ အထိရှိသော လေပြင်းတိုက်ခိုက်နိုင်

ဖနိဒါ
ယခုမှသည် ဧပြီလကုန် ကာလအတွင်း တနာရီ မိုင် ၁၂ဝ နှုန်းအထိရှိသော လေပြင်းတိုက်ခိုက်မှုများ မြန်မာနိုင်ငံ နေရာအများအပြားတွင် အချိန်မရွေး တိုက်ခိုက်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒသဌာနက သတိပေးထားသည်။

အဓိကအားဖြင့် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်အထက်ပိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်အတွင်းနှင့် မြစ်ဝကျွန်းပေါ် ဒေသအချို့တွင် နေရာမရွေး လေဆင်နှာမောင်း တိုက်ခတ်ကာ အချို့နေရာများတွင် မိုးကြီးခြင်း၊ မိုးသီးကြွေခြင်းများဖြစ်နိုင်သည်ဟု နေပြည်တော်ရှိ ဇလဗေဒဌာနက ပြောသည်။

“လေတိုက်နှုန်းက ပြင်းတယ်။ နေရာကျဉ်းတယ်။ အချိန်တိုတိုလေး။ လေတိုက်နှုန်းက တနာရီမှာ ၁၂ဝ မိုင်တိုက်နိုင်မယ်။ ၃ဝ မိနစ်လောက်ကြာမယ်၊ ဧရိယာက အနံအားဖြင့် တမိုင်ခွဲ။ အရှည်အားဖြင့် ၅ မိုင်မှ ၁ဝ မိုင် အဲဒီအတွင်းဖြစ်မယ်”ဟု အဆင့်မြင့်အရာထမ်းတဦးက ပြောသည်။

ယခုအချိန်၌ မြန်မာနိုင်ငံတောင်ပိုင်းတွင် ဖြစ်မြဲထက်ပို၍ အပူချိန်များနေပြီး မြောက်ပိုင်းတွင်မူ ဖြစ်မြဲထက် ပို၍ လျော့နေသည်။

“ ဧပြီလကုန်အထိ မြန်မာနိုင်ငံအရပ်ရပ်မှာ မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်ရာကနေ တဆင့် လေပြင်းတိုက်၊ မိုးသီးကြွေတာတို့၊ မိုးသီးထန်တာတို့ နေရာကွက်၍ မိုးကြီးတာတွေ ဖြစ်ပေါ်လာနိုင်မယ်လို့ General (ယေဘူယ) ခန့်မှန်းထားတယ်” ဟု သူက ဆက်ပြောသည်။

မြစ်ဝကျွန်းပေါ် ခရီးသွားလာနေသည့် သဘောင်္များ၊ ရေယာဉ်များအတွက် သက်ဆိုက်ရာဌာနများသို့ သတိပေးထားပြီးဖြစ်ကြောင်းနှင့် မိုးလေဝသသတင်းကို အာရုံစိုက် နားထောင်သင့်သည်ဟု ပြောသည်။

မုန်တိုင်း တိုက်ခတ်လာသည့် လမ်းကြောင်းအောက်တွင် ရောက်ရှိလျှင် သစ်ပင်များ အမြစ်ပါမကျန် လဲပြိုခြင်း၊ အိမ်ခေါင်မိုး လှန်သွားခြင်းများ ဖြစ်ပေါ်နိုင်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ၁၉၇၉ ခုနှစ်က တည်ဆောက်ထားခဲ့သော မိုးတိမ်တောင်ကြီးများကို ခြေရာခံနိုင်သည့် ကိရိယာမှာ ၂ဝဝ၄ ခုနှစ်တွင် ပျက်ဆီးခဲ့ပြီဖြစ်၍ စိုက်ဆင်းလေပြင်းကျရောက်မည် မကျရောက်ဘူးဆိုသည်ကို မိုးဇလအနေဖြင့် ခန့်မှန်းရခက်ခဲသည်ဟု ဝန်ထမ်းများက ဝန်ခံပြောကြားသည်။

Thursday, March 4, 2010

ယခုနှစ် အော်စကာဆုပေးပွဲကို မြန်မာတို့ စိတ်ဝင်စား

သဲသဲ
ကမ္ဘာကျော် အော်စကာ ဆုကို မြန်မာနိုင်ငံတွင် စိတ်ဝင်စားမှု နည်းပါးသော်လည်း လာမည့် တနင်္ဂနွေ နေ့တွင် ကျင်းပမည့် အော်စကာ ဆုပေးပွဲကို မြန်မာ ရုပ်ရှင်ကြည့် ပရိသတ် အများအပြားက စိတ်ဝင်စား နေကြသည်။

၂၀၀၇ မှတ်တမ်းတင် ရိုက်ကူးပုံကို Burma VJ တွင် တွေ့နိုင်သည်။ မည့်သည့် မင်းသား၊ မင်းသမီး အကယ်ဒမီ ရမည် ဆိုသည်ကိုသာ စိတ်ဝင်တစား စောင့်မျှော် ကြည့်ရှုကြသည့် မြန်မာပရိသတ်သည် အော်စကာဆု ဆန်ခါတင် စာရင်းဝင် Burma VJ ကြောင့် ရက်ပိုင်းအတွင်း ပြုလုပ်တော့မည့် အော်စကာဆုပေးပွဲကိုလည်း စိတ်ဝင်စားလာကြသည်။
မြန်မာပြည်မှ ဗီဒီယို ဂျာနယ်လစ် များနှင့် ၂၀၀၇ ခုနှစ် ကာလကို မှတ်တမ်း တင်ထားသည့် Burma VJ ဇာတ်ကားသည် အမေရိကန် နိုင်ငံတွင် ပြုလုပ်မည့် အော်စကာ ဆုပေးပွဲတွင် အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ကားဆု ရနိုင်ဖွယ် ရှိသောကြောင့် ထိုသို့ စိတ်ဝင်စား နေကြခြင်း ဖြစ်သည်။

အော်စကာ ဆန်ခါတင် စာရင်းတွင် Burma VJ ပါဝင်နေ ခြင်းမှာ ဂုဏ်ယူဖွယ် ဖြစ်သည်ဟု နာမည်ကျော် သရုပ်ဆောင် ကျော်သူက ပြောသည်။

“ဒီဇာတ်ကားက ကျနော်တို့ရဲ့ တကယ့် သမိုင်းကြောင်းကို ရိုက်ခဲ့တဲ့ကား ဖြစ်တယ်။ ဒီကားကို ပြန်ကြည့်တာနဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ တုန်းက ကိစ္စတွေ ကျနော်တို့ ပြန်ပြီး အမှတ်ရစေတဲ့ အတွက် ဒါဟာ အင်မတန်ကို ကောင်းပါတယ်" ဟု ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ ကျော်သူက ပြောသည်။

Burma VJ၏ ဇာတ်ညွှန်းရေးသူ Jan Krogsgaard ကလည်း “Burma VJ သာ အော်စကာရမယ် ဆိုရင် သမိုင်းမှာ ပထမဆုံးအကြိမ် နိုင်ငံနဲ့ပြည်သူတရပ်လုံးက အော်စကာရတာ ဖြစ်သွားမှာပါ” ဟု ဆိုသည်။

“အော်စကာရတာကို မြင်ချင်တဲ့သူတွေထဲမှာ မြန်မာပြည်က ဗိုလ်ချုပ်တွေတောင် ပါနိုင်ပါတယ်။ အော်စကာ ရပါစေလို့ သူတို့ စိတ်ထဲမှာ ဆုတောင်းပြီး ငြိမ်းချမ်းရေးကို သူတို့ တွေ့နိုင်ကြမှာပါ” ဟု ဇာတ်ညွှန်းဆရာက ပြောသည်။

၂၀၀၉ ခုနှစ် ရုပ်ရှင်ကားများအတွက် အော်စကာဆုပေးပွဲ နီးကပ်လာချိန်တွင် ဆန်ခါတင် စာရင်းဝင် ဇာတ်ကားများနှင့် ပတ်သက်၍ မြန်မာပြည်ရှိ စာနယ်ဇင်းများတွင် ရေးသား ဖော်ပြလေ့ရှိသည်။

“ဒီကားကို အရမ်းကို ရစေချင်ပါတယ်။ နိုင်ငံတကာက သတင်းသမား အားလုံးကို ဂုဏ်ပြုတာနဲ့ အတူတူပါပဲ။ ကျနော်တို့ မြန်မာ တနိုင်ငံလုံးကတော့ စိတ်ထဲကနေ ဂုဏ်ပြုပြီးသားပါပဲ” ဟု ရန်ကုန်မြို့မှ နာမည်ကြီး ရုပ်ရှင်နှင့် ဗီဒီယို ဒါရိုက်တာ တဦးက ပြောသည်။

Burma VJ ကို ကြည့်ရှုခဲ့သည့် ရန်ကုန်မှ NGO ၀န်ထမ်းတဦးကလည်း "ဒါက တကယ့် ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ထားတာ ဆိုတော့ မြန်မာပြည်ထဲကလူတွေရဲ့ ရင်ထဲမှာ ဘယ်လိုဖြစ်နေလဲ ဆိုတာ မြင်နိုင်ပါလိမ့်မယ်" ဟု ပြောသည်။

ဒိန်းမတ်လူမျိုး ဒါရိုက်တာ Anders Ostergaard ရိုက်ကူးထားသည့် Burma VJ တွင် ပါဝင်သော ဗီဒီယိုဂျာနယ်လစ်များမှာ နော်ဝေနိုင်ငံ အခြေစိုက် သို့ စွန့်စွန့် စားစား သတင်း ပေးပို့ခဲ့သူများ ဖြစ်သည်။

လက်ထောက် အုပ်ချုပ်ရေးမှူး ကိုခင်မောင်ဝင်းက “ဒါဟာ သမိုင်းဝင် မှတ်တိုင်တခု ဖြစ်ရမယ်။ အော်စကာဆု မရဘူး ဆိုရင်တောင် ဒီဇာတ်ကားဟာ မြန်မာနိုင်ငံ ကို နိုင်ငံတကာရဲ့ အာရုံစိုက်မှုကိုတော့ ရလာပါလိမ့်မယ်" ဟု ပြောသည်။

Burma VJ မှတ်တမ်းရုပ်ရှင်သည် နိုင်ငံတကာမှ ပေးအပ်သည့် ဆုပေါင်း ၄၀ ကျော် ရရှိထားပြီး ဖြစ်သည်ဟု ထိုရုပ်ရှင်၏ အင်တာနက် စာမျက်နှာ http://burmavjmovie.com တွင် ဖော်ပြထားသည်။

ရန်ကုန် နာမည်ကြီးဈေးများ ဖျက်သိမ်း ပြောင်းရွှေ့မည်


ခိုင်သွယ်
ရန်ကုန်တိုင်း အတွင်းရှိ ဆင်မင်းဈေး၊ ဆင်မလိုက် ဈေးနှင့် စံပြ ငါးဈေးများကို ပြောင်းရွှေ့ ဆောက်လုပ်ရန် စီစဉ်နေသည့် အတွက် ဈေးသူ ဈေးသားများ အခက်အခဲနှင့် ကြုံတွေ့နေရပြီး စိုးရိမ် ပူပန်မှုများ ဖြစ်နေကြကြောင်း သိရှိရသည်။

စံပြ ငါးဈေး တနေရာ မြင်ကွင်း (ဓာတ်ပုံ - flickr.com)
ကမာရွတ် မြို့နယ်ရှိ ဆင်မလိုက် ဈေးကို ဖျက်သိမ်း ဆောက်လုပ် နေပြီး အလုံမြို့နယ်မှ ဆင်မင်းဈေးနှင့် ကြည်မြင်တိုင် စံပြ ငါးဈေး များကိုလည်း ဖျက်သိမ်း ပြောင်းရွှေ့ရန် ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ယင်း ဆင်မလိုက် ဈေးကို ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီက ကမာရွတ် မြို့နယ် ရပ်ကွက် ၆ တွင် ယာယီဈေး အဖြစ် တဲများ ထိုးကာ ဖေဖော်ဝါရီ လတွင် စတင် ပြောင်းရွှေ့ ဖွင့်လှစ် ခဲ့ကြောင်း ဈေးသူ ဈေးသားများက ပြောသည်။

“အရင်ဈေးနေရာက လမ်းဆုံလမ်းခွကျတဲ့နေရာကောင်းဆိုတော့ အရောင်းအ၀ယ်လည်း သူ့ဟာနဲ့ သူ ဖြစ်ပါတယ်၊ အခု ဈေးနေ ရာကျတော့ အတွင်းပိုင်းထဲမှာ ပိတ်နေတော့ ဈေးရှိမှန်းတောင် မသိတဲ့သူက များတယ်၊ ပြောင်းရရွှေ့ရလို့ ဒုက္ခရောက်တဲ့အပြင် ဈေးလည်း မရောင်းရတော့ ပိုဆိုးတယ်”ဟု ဆင်မလိုက်ဈေးတွင် ဈေးရောင်းနေသူတဦးက ဆိုသည်။

ဆင်မလိုက် ယာယီဈေးမှာ ရပ်ကွက်တခု၏ အတွင်းပိုင်းဖြစ်ခြင်းကြောင့် လူသိနည်း၍ အရောင်းအ၀ယ် ကျဆင်းလျက်ရှိပြီး ယခင် ဆိုင်ခန်းဟောင်းနေရာကိုလည်း ပြန်မရနိုင်တော့ဟု သတင်းများထွက်ပေါ်နေသောကြောင့် စိုးရိမ်ပူပန်နေကြရကြောင်း လည်း ဈေးသူဈေးသားများက ပြောဆိုသည်။

ဆင်မလိုက်ဈေးကို ဖျက်မည်ဟု စည်ပင်သာယာမှ စာထွက်ပြီး မကြာခင်ပင် ဈေးသူဈေးသားများအား ယခု ယာယီဈေးနေရာ သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဈေးသစ်ဆောက်လုပ်မည်ဟု ကြားနေရသော်လည်း အသေအချာမသိရသေးကြောင်း ၎င်း တို့က ဆိုသည်။

လွန်ခဲ့သော နှစ် ၃၀ ကျော်ကဆောက်လုပ်ထားသော ဆင်မလိုက်ဈေးဟောင်းတွင် ဆိုင်ခန်းဝယ်ယူပါက တခန်းလျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့်ဝယ်ယူရရှိခဲ့သော်လည်း ဈေးသစ်ဖွင့်လှစ်ခဲ့ပါက ထိုဈေးနှုန်းဖြင့်မရနိုင်တော့ဟုလည်း ဈေးသူဈေးသားများက ပြောဆိုသည်။

အဆိုပါ ဆင်မလိုက်ဈေး ဖျက်သိမ်းရာတွင် ဝေဒပညာရှင်များ၏ အခါပေးမှုလည်း ပါဝင်ကြောင်း သိရသည်။

ဆင်မလိုက်ဈေး ကော်မတီ အဖွဲ့ဝင်တဦးက“ဈေးကိုစပြီး ဖြိုဖျက်တဲ့နေရာမှာလည်း အချိန်အခါ တွက်ပြီး ဖျက်တာလို့ ကြားရတယ်၊ ကျနော်တို့ သွားကြည့်ခွင့်မရတော့ သေချာ မသိလိုက်ဘူး၊ ဒါပေမယ့် ကြည့်လိုက်ရတဲ့ သူတွေပြောတာကတော့ အဆောက်အဦးရဲ့ အခြေကို စဖျက်ကြတာလို့ ပြော တယ်”ဟု ပြောသည်။

ထို့အပြင် ဆင်မလိုက်ဈေး၊ ဆင်မင်းဈေးနှင့်စံပြဈေးများကို အာဏာပိုင်များက ယတြာချေလိုသည့်အတွက် ပြောင်းရွှေ့ဆောက်လုပ် ခိုင်းခြင်းဖြစ်သည်ဟုလည်း ဈေးသူဈေးသားများကြားတွင် ပြောဆိုလျက်ရှိသည်။

ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက စည်ပင်သာယာရေး ကော်မတီ၏ စီမံခန့်ခွဲမှု လက်အောက်ရှိ ဈေးဟောင်း များကို အဆင့်မြင့်ဈေးအဖြစ် ပြောင်းလဲတည်ဆောက်သွားမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းက ပြည်တွင်း သတင်း ထောက်များနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

ရန်ကုန်မြို့အတွင်း အချက်အချာနေရာများတွင်ရှိသော ဈေးကြီးများသည် အိုဟောင်းနေပြီး မီးလောင် လွယ်ကူခြင်း၊ ဆိုင်ခန်းများ ပြည့်ကျပ်ကာ အစီအစဉ် မကျခြင်းတို့ကြောင့် ဈေးအဟောင်းများကို တနှစ်လျှင် ဈေး ၃ ဈေးနှုန်းဖြင့် လူနေတိုက်ခန်းများပါသော အဆင့်မြင့်ဈေးများ တည်ဆောက်သွားမည် ဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မီးလောင်ကျွမ်းခဲ့သော ရန်ကုန်မြို့သင်္ဃန်းကျွန်း ဈေးကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ယူကာ အဆင့်မြင့်ဈေးကြီး တည်ဆောက်သွားမည် ဖြစ်ကြောင်းလည်း မြို့တော်ဝန်က ပြောဆိုသည်။

အဆိုပါ သင်္ဃန်းကျွန်း ဈေးကြီးကို လူနေ တိုက်ခန်းပါသော ငါးထပ် အဆောက်အအုံအဖြစ် ဆောက်လုပ်ရန် ပုံစံဒီဇိုင်း ရေးဆွဲပြီး ဖြစ်ကြောင်း၊ ဆိုင်ခန်းများကို လက်ရှိပေါက်ဈေးအတိုင်း သတ်မှတ်ရောင်းချခြင်း၊ ငှားရမ်းခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း ၀ယ်ယူ လိုသူများနေဖြင့်လည်း ဈေးစည်ပင်သာယာရေးကော်မတီမှတဆင့် စုံစမ်းနိုင်ကြောင်း သိရသည်။

“အသစ်ဆောက်မယ့်ဈေးမှာ နေရာချပေးရင် အရင်ပိုင်ရှင်ဟောင်းတွေအတွက်က မျှော်လင့်ချက်နည်းသွားတယ်၊ ဘာလို့လဲ ဆိုတော့ ဆိုင်ခန်းဖိုးသွင်းနိုင်တဲ့ သူတွေကို ဦးစားပေးချပေးမယ်လို့ ကြားတယ်”ဟု ထိုဈေးမှ ဈေးသူဈေးသားတဦးက ဆိုသည်။

ရန်ကုန်မြို့တွင် အသစ်ပြန်လည် တည်ဆောက်ရန်အစီအစဉ်ရှိသော ဈေးများစွာရှိပြီး တာမွေဈေး၊ သီရိမင်္ဂလာဈေး ၊ကြည့်မြင်တိုင် စံပြငါးဈေး၊ မြောက်ဥက္ကလာပဈေး၊အာသောက ဈေး၊ဆင်မင်ဈေး စသော ဈေးကြီးများသည် စာရင်းထဲတွင်ပါဝင်နေပြီး ကျန်မြို့နယ် များရှိ စည်ပင်ဈေးများလည်း အသစ်ပြန်လည် ဆောက်သွားရန်ရှိကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

စည်ပင်သာယာက ပြန်လည်ပြင်ဆင်ဆောက်လုပ်ပြီး ဆိုင်ခန်းများကို လက်ရှိပေါက်ဈေးအတိုင်း ပြန်လည်ရောင်းချလေ့ ရှိသော ကြောင့် မူလ ဆိုင်ခန်းပိုင်ရှင်များမှာ ဆုံးရှုံးကြရကြောင်း ဈေးသူဈေးသားများက ပြောဆိုကြသည်။

ကြည့်မြင်တိုင် စံပြငါးဈေးကိုလည်း ဖျက်သိမ်းပြီးပါက ယာယီဈေးအဖြစ် ရွှေပြည်သာ မြို့နယ် ၀ါးတရာရွာတွင် ပြောင်းရွှေ့ ဖွင့်လှစ်ရမည်ဟု သတင်းများထွက်ပေါ် နေသောကြောင့် ဆိုင်ခန်းရှင်များ စိုးရိမ်ပူပင်လျက်ရှိကြောင်း သိရှိရသည်။

“ပြောင်းဆိုရင်တော့ ပြောင်းရတော့မှာပဲ၊ မပြောင်းနိုင်ဘူးလို့တင်းခံနေရင် မီးရှို့ခံလိုက်ရမှာလည်း ကြောက်နေကြတယ်”ဟု စံပြငါးဈေးမှ ဈေးသည်တဦးက ပြောပြသည်။

ဈေးကြီးများ မီးလောင်ကျွမ်းမှုတိုင်းတွင် မြေနေရာလိုချင်သောကြောင့် ရှို့မီးဖြစ်သည်ဟု ဈေးသူဈေးသားများက သံသယပွား နေကြပြီး သင်္ဃန်းကျွန်း ဈေးကြီး မီးလောင်ကျွမ်းပြီးနောက် ရန်ကုန်မြို့တွင်း ဈေးကြီးများမှ ဈေးသူဈေးသားများမှာ မီးလောင်မည် ကို စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ က လည်း ရန်ကုန်မြို့ သိမ်းကြီးဈေး(ဒီ)ရုံ ၌ မီးလောင်မှု ဖြစ်ပွားခဲ့သေးသည်။

အဆိုတော်များ နှစ်စဉ်ဝင်ငွေခွန်ဆောင်ရမည်

နရီလင်းလက်
မြန်မာနိုင်ငံတွင် အဆိုတော်များကို ဝင်ငွေရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ ပထမဆုံး အကြိမ်အဖြစ် နှစ်စဉ် ၀င်ငွေခွန် ကောက်ခံ တော့မည် ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနက အဆိုတော် များထံသို့ ၀င်ငွေခွန် ကောက်ခံရန် ကိစ္စနှင့် ပတ်သက်၍ တရားဝင် ကြေညာခြင်း မရှိသော်လည်း ဂီတ အသိုင်းအ၀န်းနှင့် မီဒီယာ အသိုင်း အ၀န်းတွင် အဆိုပါသတင်း ပျံ့နှံ့နေကြောင်း သိရသည်။
ထိုကိစ္စရပ်နှင့် ပတ်သက်၍ ပြည်တွင်း အခွန်များ ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းရာ ဖြေကြားခြင်း မရှိပေ။

ယခင်က အဆိုတော် များအပေါ် ၀င်ငွေခွန် ကောက်ခံမှု ရှိခဲ့သော်လည်း ယခုကဲ့သို့ ပုံမှန် ကောက်ခံခြင်း မဟုတ်ကြောင်း ဂီတ အစည်းအရုံးမှ သိရသည်။ မည်သည့် အချိန်တွင် စတင် ကောက်ခံမည် ကိုလည်း မသိရသေးချေ။

ယခင်က အခွန်ကောက်ခံခဲ့သော်လည်း တိတိကျကျမရှိခဲ့ကြောင်း၊ နိုင်ငံခြားသွားမည့် အဆိုတော်များမှာ ၀င်ငွေ ကြေညာလွှာတင်၍ မသွားခင် တရားဝင် အခွန်ဆောင်သွားရသည်ကို သိရှိကြောင်း ဂီတအစည်းအရုံးမှ တာဝန်ရှိသူ တေးရေး မောင်သစ်မင်းက ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်တွင် ပြောထားသည်။

“တနှစ်တခါ ပုံမှန်ကောက်ခဲ့တာ မျိုးတော့ မရှိဘူးဗျ။ အများဆုံး ဆောင်ရတာ ကျပ် ၅ သိန်းလောက်တော့ ရှိတယ်”' ဟု အဆိုတော် အနဂ္ဂက ဆိုသည်။

နာမည်ကြီးအဆိုတော်များသည် တနှစ်လျှင် အများဆုံး ကျပ် သိန်း ၆၀ မှ အနည်းဆုံး ကျပ် ၁ သိန်းခွဲခန့် ဝင်ငွေခွန် ဆောင်ခဲ့ရခြင်းများ ရှိကြောင်း သိရသည်။

“ကျနော်ဆို ဆောင်ရတာ ၃ နှစ်ရှိပြီ။ ဒီနှစ်အတွက်တော့ မလာသေးဘူး။ ပုံမှန် နှစ်တိုင်းလည်း မကောက်ဘူး။ ကျနော် ဆောင်ရတာကတော့ စီးရီးထွက်တဲ့ပေါ် မူတည်ပြီး ကျပ် ၁ သိန်းကျော် ၂ သိန်းလောက်ရှိမယ်” ဟု အဆိုတော် ဇော်ပိုင်က ပြောသည်။

နာမည်ကြီး အဆိုတော်တဦး အနေနှင့် စင်တင်တေးဂီတများ ဖျော်ဖြေရာတွင် တညအတွက် ကျပ် သိန်း ၂၀ ဝန်းကျင် ရရှိကြောင်း သိရသည်။

“အဆိုတော်တွေ နှစ်တိုင်းအခွန်ဆောင်ရမယ် ဆိုရင်တော့ ကျနော့် အနေနဲ့ ဆောင်နိုင်မှာမဟုတ်ဘူး။ ဒီနှစ်မှာ ကိုယ် ဆိုရတဲ့ပွဲမှ မရှိဘဲ။ အခွေမထွက်ဘဲ ဘာဝင်ငွေမှမရှိတော့ ဒီအတွက် နည်းလမ်းတွေ ပြန်ချမှတ်သင့်တယ်” ဟု အဆိုတော် သားစိုးက ပြောသည်။

အဆိုတော်များသာ မကဘဲ မြန်မာပြည်တွင် နေထိုင်သူများအားလုံး အနေနှင့် ကမ္ဘာ့နိုင်ငံ အများစုကဲ့သို့ အခွန် ဆောင်သင့်သည်ဟု တေးရေး၊ တေးဆို ဆောင်းဦးလှိုင်က ပြောသည်။

“တချို့နိုင်ငံတွေဆို ၀င်ငွေရဲ့ ၄၀ ရာခိုင်နှုန်း အခွန် ကောက်တယ်။ ဒါပေမယ့် တိုင်းပြည်ကို အခွန်ဆောင်လိုက်တဲ့ အတွက် ဥပမာ - ကိုယ်သုံးဖို့ ရေ၊ မီး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး စတဲ့ လူ့တယောက်ရဲ့ အခြေခံ လိုအပ်ချက်တွေကို ပြည်သူတွေအတွက် ပြန်လုပ်ပေးသင့်တယ်” ဟု ၎င်းက ဆိုသည်။

ရွှေ့ပြောင်းအလုပ်သမား (၅) သိန်းခန့်ကို နေရပ်ပြန်ပို့မည်ဟု ထိုင်းအစိုးရ ပြောကြား

စိုးမိုး
သတ်မှတ်ရက်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် မလုပ်သည့် တရားဝင်ရွှေ့ပြောင်း အလုပ်သမား (၅) သိန်းခန့်ကို နေရပ်ပြန်ပို့ရန် ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးတို့ဖြင့် ကြပ်မတ်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှ အလုပ်အကိုင်ခန့်ထားရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ ဆူပတ် ဂူခွန်က ယမန်နေ့က ပြောကြားသည်။

မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများကို ဖေဖော်ဝါရီလကုန် နောက်ဆုံးထားပြီး နိုင်ငံသားစိစစ်ရေး လုပ်ဆောင်ရန် ရက်သတ်မှတ်ပေးခဲ့ပြီးနောက် သတ်မှတ်ချိန်အတွင်း နိုင်ငံသားစိစစ်ရေး မလုပ်သည့်၊ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းလာမတိုးသည့် ရွှေ့ပြောင်းအလုပ်သမားများကို နေရပ်ပြန်ပို့မည်ဟု ထိုင်းအစိုးရက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“သတ်မှတ်ချိန်အတွင်း နိုင်ငံသားစိစစ်ရေး မလုပ်ဆောင်တဲ့ အလုပ်သမားတွေကို ပြန်ပို့မယ့် ကိစ္စအတွက်တော့ သက်ညှာစဉ်းစားပေးမှာ မဟုတ်ဘူး” ဟု မစ္စတာ ဆူပတ် ဂူခွန်က ပြောကြားကြောင်း The Nation သတင်းစာတွင် ပါရှိသည်။

ထိုင်းနိုင်ငံတွင်း တရားဝင် အလုပ်သမားလက်မှတ်ရှိ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား အလုပ်သမား (၁၃) သိန်းကျော်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်အထိ (၇) သိန်းကျော်သာ အလုပ်လုပ်ခွင့် သက်တမ်းတိုးခြင်းနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး (၅) သိန်းခန့်မှာ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ထိုင်းနိုင်ငံ၊ နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးဌာနမှ အစီရင်ခံစာထုတ်ပြန်သည်။

“နိုင်ငံသား စိစစ်ရေးလုပ်ဖို့ကလည်း သိပ်ခက်ခဲတာ မဟုတ်ဘူး။ လုပ်ပေးတဲ့ ကုမ္ပဏီ (၁၂) ခု ရှိတယ်။ ၀န်ဆောင်ခက ဘတ် (၅) ထောင်ထက် မပိုဘူး” ဟု အလုပ်အကိုင်ခန့်ထားရေးဌာန ဒု-ညွှန်ချုပ်က ထပ်လောင်းပြောကြားသည်။

ထိုင်းအစိုးရက မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများကို ယခုနှစ် ဇန်န၀ါရီလအတွင်း နိုင်ငံသားစိစစ်ရေး လုပ်ဆောင်ရန်နှင့် နိုင်ငံကူးလက်မှတ်ရရှိရေး ဆောင်ရွက်ရန် မူဝါဒ ချမှတ်ဆောင်ရွက်နေသော်လည်း အလုပ်သမားများအနေဖြင့် အပြည့်အ၀ လုပ်ဆောင်ခြင်း မရှိကြသေးပေ။

အလုပ်သမားအရေး ဆောင်ရွက်နေသူများကမူ နိုင်ငံသားစိစစ်ရေး မလုပ်ဆောင်သည့် ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက နေရပ်ပြန်ပို့ပါက ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကိုပါ ထိခိုက်နိုင်ကြောင်း သုံးသပ်ကြသည်။

လူမှုရေးအကူအညီ ယူရို (၁၇) သန်း မြန်မာနိုင်ငံကို အီးယူက ပေးမည်

မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ (၂၃) သန်းကျော်နှင့်ညီမျှသည့် ယူရိုငွေ (၁၇.၂၅) သန်းကို လူသားချင်းစာနာမှု အကူအညီအဖြစ် ဥရောပသမဂ္ဂ (အီးယူ) က ယခုနှစ်တွင် ပေးသွားမည်ဟု ယမန်နေ့က ကြေညာလိုက်သည်။

အကူအညီများကို အီးယူကော်မရှင်၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့ (ECHO) မှတဆင့် မြန်မာနိုင်ငံ နယ်စပ်ဒေသတို့ရှိ တိုင်းရင်းသားလူမျိုးစုများနှင့် ထိုင်းနိုင်ငံ စခန်းများတွင် နေထိုင်နေကြသည့် သူများကို ပေးအပ်သွားမည်ဟု ဘန်ကောက်ရှိ အီးယူရုံးခွဲက ပြောကြားသည်။

“အထူးသဖြင့် အကူအညီမဲ့နေကြတဲ့ ဝေးလံခေါင်ဖျား နယ်စပ်ဒေသတို့မှာ နေထိုင်သူတွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်” ဟု ဘန်ကောက်ရှိ အီးယူသံအမတ်ကြီး ဒေးဗစ် လစ်ပ်မန်က ပြောကြားသည်။

အီးယူက ယခုပေးမည့် အကူအညီသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ သက်သက်သာဖြစ်ပြီး ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် တိုင်းရင်းသားများကို အလိုအပ်ဆုံးအကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကူညီထောက်ပံ့ငွေများအနက် ယူရို (၉.၂၅) သန်းကို ရခိုင်၊ ရှမ်း၊ မွန်၊ ကရင်၊ ကယား၊ ကချင်ပြည်နယ်တို့နှင့် တနင်္သာရီတိုင်း အတွင်းရှိ နယ်စပ်ဒေသတို့မှ တိုင်းရင်းသားလူမျိုးစုများအတွက် ကျန်းမာရေးနှင့် အစားအစာ အစီအစဉ်များတွင် သုံးစွဲမည်ဖြစ်ပြီး ကျန် ယူရို (၈) သန်းမှာ ထိုင်းနိုင်ငံရှိ စခန်းများမှ ကရင်ဒုက္ခသည် (၁) သိန်းခွဲတို့အတွက် လျာထားကြောင်း သိရသည်။

အီးယူက ၁၉၉၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံအတွက် ကယ်ဆယ်ရေးရန်ပုံငွေများ ထောက်ပံခဲ့ပြီး ၂၀၀၅ ခုနှစ် အောက်တိုဘာတွင် အီးယူကော်မရှင်၏ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့က မြန်မာနိုင်ငံ၌ ရုံးဖွင့်လှစ်ခဲ့သည်။

၂၀၀၈ ခုနှစ် မေလတွင် မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၌ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် လူပေါင်း (၁) သိန်း (၄) သောင်း သေဆုံး၊ ပျောက်ဆုံးခဲ့ရပြီးနောက် နာဂစ်အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အီးယူက ၂၀၀၈ ခုမှ ၂၀၀၉ ခုနှစ်အတွင်း ယူရိုငွေ (၃၉) သန်း ကူညီထောက်ပံ့ခဲ့သည်။

(၁၀) တန်းစာမေးပွဲကာလ မန္တလေးမီးမလာ

စိုးမိုး
ယခုလ (၁၀) ရက်မှ (၁၉) ရက်ထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲနီးကပ်လာသည့် ကာလတွင် မန္တလေးမြို့တော်၌ လျှပ်စစ်ရရှိမှု တိုးတက်မလာကြောင်း သိရသည်။

ရာသီဥတု ပူပြင်းသည့် မန္တလေးမြို့တော်တွင် လျှပ်စစ်မရရှိသဖြင့် (၁၀) တန်း ဖြေဆိုရန် ပြင်ဆင်နေသည့် ကျောင်းသားများမှာ မီးစက်များ၊ ဖယောင်းတိုင်များ အသုံးပြုနေရပြီး နှစ်စဉ် ကြုံတွေ့နေကြ မီးဘေးအန္တရာယ်လည်း စိုးရိမ်နေရကြောင်း (၁၀) တန်း ကျောင်းသားများ နေထိုင်သည့် ဘော်ဒါဆောင် ပိုင်ရှင်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်ပိုင်းအတွင်း ရန်ကုန်မြို့တော် အချို့မြို့နယ်များကို တရက်လျှင် လျှပ်စစ် (၁၈) နာရီထိ တိုးပေးသော်လည်း မန္တလေးတွင် လျှပ်စစ် ထပ်တိုးမရခြင်းဖြစ်သည်။

“တပတ်ကျော်လောက်ရှိပြီ။ အရင်က တရက်ကို တခါတလေ (၂) နာရီ (၃) နာရီလောက်ပဲလာတယ်။ အခု မနက်ပိုင်း (၆) နာရီ လာတယ်။ ညပိုင်းလာတယ်။ ဒါပေမယ့် တခြားရပ်ကွက်တွေ မလာဘူးလဲ ပြောနေတယ်” ဟု ရန်ကုန်တိုင်း လသာမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ လလယ်ပိုင်းအတွင်း မန္တလေးတိုင်း ရဲရွာ ရေအားလျှပ်စစ်စက်ရုံ စတင်လည်ပတ်မှုကြောင့် ရန်ကုန်မြို့တော် အချို့မြို့နယ်များကို လျှပ်စစ်ပေးချိန် ပိုတိုးပေးနိုင်လာကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အာဏာပိုင်အဖွဲ့ရုံးက ပြောကြားသည်။

မြဝတီရုပ်သံလိုင်း ထုတ်လွှင့်ပြသနိုင်ရန် လူထုထံမှ ငွေကောက်ခံမည်

ခိုင်လင်း

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်အတွင်းတွင် မြဝတီရုပ်သံလိုင်း ထုတ်လွှင့်ပြသတော့မည်ဖြစ်သဖြင့် ဒေသခံများက တအိမ်ထောင်လျှင် ကျပ် (၃,ဝဝဝ) နှုန်းဖြင့် မထည့်မနေရ ငွေပေးနေရသည်။

မည်သည့်အချိန်မှ ထုတ်လွှင့်ပြသပေးမည်ကို မသိရသေးသော်လည်း ပြီးခဲ့သည့်လမှစ၍ သက်ဆိုင်ရာ ရပ်ကွက်လူကြီးများက တီဗွီစက် မရှိသည့် နေအိမ်များပါမကျန် ငွေကောက်ခံနေသဖြင့် မကျေမနပ် ဖြစ်နေကြသည်ဟု ဟိုပင်ဒေသခံတဦးက ပြောသည်။

၎င်းက “အခု တီဗွီစက်မရှိသေးရင်လည်း နောက်ရှိလာတဲ့ခါ ကြည့်ဖို့ဆိုပြီး ကောက်နေတာ။ လာကောက်တဲ့သူတွေ ပြောတာက သူတို့ကောက်တာကို မထည့်ရင်လည်း ရတယ်၊ အုပ်ချုပ်ရေးရုံး သွားပြောဆိုပြီး လုပ်နေတော့ အလုပ်မရှုပ်ချင်တာလည်းပါတော့ ထည့်တဲ့လူထည့်တယ်၊ တီဗွီမရှိတဲ့ တချို့ကတော့ မထည့်ကြဘူး” ဟု ပြောသည်။

ဟိုပင်မြို့တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာန၏ MRTV လိုင်းတခုတည်းသာ ထုတ်လွှင့်ပေးနေပြီး ကြည့်ရှုသူနည်းပါးကာ အခမဲ့ပြပေးသင့်ကြောင်း အဆိုပါဒေသခံက ပြောသည်။

၎င်းက “မီးက ပုံမှန်မလာဘူး။ ရက်ခြားပဲလာတယ်။ လာရင်လည်း ခဏတဖြုတ်လောက်ဆိုတော့ လူတွေက တီဗွီကြည့်ဖို့ စိတ်ကူးကြတာ မဟုတ်ဘူး။ မီးစက်နှိုး ခွေထိုးပြီး ကြည့်ကြတာများတယ်။ ဗွီစီဒီ၊ ဒီဗွီဒီ ခွေကလည်း ပေါမှပေါ။ တရုတ် အောက်စက်တွေကလည်း သူ့ဈေးနဲ့သူ အလုပ်ဖြစ်နေတော့ အစိုးရက လွှင့်တဲ့ဟာတွေကို ကြည့်တဲ့သူ အတော်ရှားတယ်” ဟု ပြောသည်။

ဟိုပင်မြို့၏ အရှေ့မြောက်ဘက် (၅) မိုင်အကွာဝေးတွင်ရှိသည့် ဂလိုင်ချောင် ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားများကို မိုင် (၂ဝ) ကျော် အကွာဝေးတွင်ရှိသည့် ခရိုင်ရုံးစိုက်ရာ မိုးညှင်းမြို့သို့ ပေးနေရသဖြင့် ရေအားလျှပ်စစ်စက်ရုံအနီးနားတွင် ရှိနေသည့် ဟိုပင်မြို့၌ လျှပ်စစ်မီး အလုံအလောက်မရရှိဘဲ ရက်ခြားသာ ရနေသဖြင့် မီးပုံမှန်လာရေးအတွက် မြို့နယ်အုပ်ချုပ်ရေးရုံးက နောက်ထပ်ငွေကောက်ခံသွားရန် ရှိနေသည်ဟု ဟိုပင်မြို့ခံတဦးက ပြောသည်။

ဟိုပင်မြို့နယ်အတွင်း ရပ်ကွက်ကြီး (၄) ခုနှင့် ကျေးရွာအုပ်စု (၉) အုပ်စုရှိသည်ဟု ဒေသခံများက ပြောသည်။

နိုင်ငံခြားအဖျော်ယမကာ တလုံးချင်း အခွန်ကောက် မည်

မျိုးဝင်းဇော်

လာမည့် ဧပြီလဆန်းမှစ၍ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်၊ သောက်ရေသန့်နှင့် စီးကရက်များကို တပုလင်းချင်း အခွန်ဆောင်ပြီးကြောင်း အသိအမှတ်ပြု တံဆိပ်ခေါင်းပါမှသာ ရောင်းချခွင့်ပြုတော့မည်ဖြစ်သည်။

ပြည်တွင်းအခွန်ဦးစီးဌာန၊ မယက၊ အကောက်ခွန်ဦးစီးဌာန၊ ရဲ၊ ဘဏ်နှင့် စည်ပင်တို့မှ တာဝန်ရှိသူ တဦးစီပါဝင်သော အခွန်စည်းကြပ်ရေးအဖွဲ့များကို တမြို့နယ်လျှင် တဖွဲ့နှုန်း အခွန်ဦးစီးဌာန၌ ရုံးထိုင်စေ၍ ယင်းအဖွဲ့ထံတွင် ဆိုင်အသီးသီးမှ ရောင်းချသော နိုင်ငံခြားဖြစ် အဖျော်ယမကာ အမျိုးအစား၊ တန်ဖိုး၊ အရေအတွက်စာရင်းများကို တင်ပြအခွန်ဆောင်ရမည် ဖြစ်သည်။

မတ်လ (၃) ရက် ညနေပိုင်းက ဗဟန်းမြို့နယ် မယက ရုံးတွင်ပြုလုပ်သော အခွန်ဆိုင်ရာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူတဦးက “အခွန်ကောက်မှာက အရက်တပုလင်းကို တန်ဖိုးကိုလိုက်ပြီး (၆၅၃) ကျပ်ကနေ (၁၃,ဝဝဝ) ကျော်အထိ သတ်မှတ်ထားတယ်။ ကိုယ်က စာရင်းသွားပေး၊ အခွန်ငွေ ရှင်းပေးပြီး နောက်နေ့ကျရင် သူတို့က အခွန်တံဆိပ်ခေါင်းတွေ ယူလာပြီး သူတို့ကိုယ်တိုင် ကိုယ့်ဆိုင်က ပုလင်းတွေမှာ လာကပ်ပေးမယ်။ တကယ်လို့ ဧပြီလ ရောက်တာနဲ့ ကိုယ့်ဆိုင်ကို လာစစ်တဲ့ချိန် အခွန်တံဆိပ်ခေါင်း ကပ်မထားတဲ့ နိုင်ငံခြားဖြစ် အရက်တွေ၊ဘီယာတွေ၊ ဝိုင်တွေ၊ စီးကရက်တွေ တွေ့ရင် ပစ္စည်းတွေကိုသိမ်းမယ်၊ လူကိုလည်း အရေးယူမယ်” ဟု ရှင်းပြသည်။

အဆိုပါရှင်းလင်းပွဲတွင် ပြည်တွင်းအခွန်ဦးစီးဌာန၊ မယက၊ အကောက်ခွန်ဦးစီးဌာန၊ ရဲ၊ ဘဏ် နှင့် စည်ပင်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း၊ အဆိုပါ ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်းမှ စတိုးဆိုင်ပိုင်ရှင်များ၊ စူပါမားကက် ဆိုင်ပိုင်ရှင်များ၊ စားသောက်ဆိုင် ပိုင်ရှင်များကို အခွန်စည်းကြပ်မည့်ကိစ္စ ပြောဆိုခဲ့ကြောင်း ၎င်းက ပြောသည်။

မတ်လ (၄) ရက်မှ (၃၁) ရက်အထိ အခွန်ဆောင်ရမည့်ကာလအဖြစ် သတ်မှတ်ထားပြီး ဧပြီလတွင် တဆိုင်ချင်းကို ၀ယ်ယူသူပုံစံ ဟန်ဆောင်၍ ရှောင်တခင် ၀င်ရောက်ထောက်လှမ်းစစ်ဆေးသွားမည်ဟု ရှင်းလင်းပွဲတွင် သတိပေးပြောဆိုကြောင်း ရှင်းလင်းပွဲတက်ရောက်ခဲ့သူတဦးက ပြောသည်။

ကျပ် (၁၀,၀၀၀) နှင့်အောက် တန်ဖိုးရှိသော နိုင်ငံခြားအရက်များကို (၆၅၃) ကျပ်ကောက်ခံမည်ဖြစ်ပြီး ယင်းထက် တန်ဖိုးမြင့်သော အရက်များကို အဆင့်ဆင့် တန်ဖိုးအလိုက် တပုလင်းချင်းကောက်ခံသွားမည်ဟု စုံစမ်းသိရသည်။

ပြည်တွင်း အရက်ထုတ်လုပ်သူတဦးက ၎င်းတို့ကို ယခင်က အစိုးရက နိုင်ငံခြားဖြစ်အရက်အတွက် အခွန်ကို အက်ဖ်အီးစီဖြင့် အရက်တန်ဖိုး၏ (၆ဝ) ရာခိုင်နှုန်း တွက်ချက်ကောက်ခံကြောင်း၊ ယခုအခါ မြန်မာကျပ်ငွေနှင့် တန်ဖိုးသင့် ကောက်ခံပြီး အခွန်ကို (၂ဝဝ) ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်ခြင်းကြောင့် ကုန်ပစ္စည်းတန်ဖိုးများ တက်လာမည်ဖြစ်ကြောင်း ရှင်းပြသည်။

အခြားစားသောက်ဆိုင် ပိုင်ရှင်တဦးက ယင်းနေ့ ညနေတွင် အခွန်ဦးစီးဌာနမှ လက်ထောက် မြို့နယ်အခွန်ဦးစီးမှူးတဦး ရောက်လာပြီး အဆိုပါ အခွန်ကိစ္စ စိတ်မပူရန်နှင့် အဆင်ပြေအောင် အားလုံးဖြေရှင်းပေးမည့်ဖြစ်ကြောင်း၊ အခွန်အနည်းငယ်သာကျစေရန် ဆောင်ရွက်ပေးမည်ဟုပြောကာ လာဘ်ပေးရန်ကိစ္စ ညှိနှိုင်းကြောင်းလည်း ပြောပြသည်။

အချို့ဆိုင်ပိုင်ရှင်များကမူ အရက်တပုလင်းချင်း အပေါ်မှာလည်း အခွန်ကောက်၊ စားသောက်သမျှ စုစုပေါင်း အပေါ်မှာလည်း နောက်ထပ် အခွန် (၁ဝ) ရာခိုင်နှုန်း ထပ်ကောက်နေသဖြင့် အခွန်နှစ်ထပ်မက ဖြစ်နေသည့်အတွက် စားသုံးသူများ ပိုပြီး ငွေကုန်ကြေးကျများမည်ဖြစ်ကြောင်း ပြောသည်။

ပြည်တွင်းထုတ် အရက်၊ ဘီယာနှင့် စီးကရက်တို့ကို ၂၀၀၇ ခုနှစ် ဧပြီလမှစ၍ အခွန်ထမ်းတံဆိပ်ဖြင့်သာ ရောင်းချခွင့်ပြုခဲ့သည်။

ပြီးခဲ့သည့်နှစ်က နအဖစစ်အစိုးရ၏ အခွန်စည်းကြပ်ကောက်ခံမှုသည် စနစ်တကျ ကောက်ခံခြင်းမျိုး မဟုတ်ဘဲ လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွက် တပြိုင်နက်တည်း ကောက်ခံခဲ့သဖြင့် အခွန်ငွေ ကျပ် သိန်းပေါင်း သိန်းနှင့်ချီ အချခံရကာ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး အရက်ထုတ် ကုမ္ပဏီ ပီအန်ဂျီ ပျက်စီးခဲ့သည်။

ထိုင်းလေကြောင်းကို ပြိုင်ဆိုင်၍ ဗီယက်နမ် ၀င်ရောက်

မျိုးချစ်သူ
ဗီယက်နမ်လေကြောင်းလိုင်းမှ ပြေးဆွဲသော ရန်ကုန်-ဗီယက်နမ် (ဟနွိုင်း) ခရီးစဉ်ကို မတ်လ (၂) ရက်တွင် ပထမဆုံး ပျံသန်းပြီဖြစ်သည်။

မြန်မာနိုင်ငံမှ ဂျပန်၊ ကိုရီးယား၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှနိုင်ငံများသို့လည်း ယင်းလေကြောင်းလိုင်းဖြင့် တိုက်ရိုက်လက်မှတ် ၀ယ်ယူကာ ထရန်စစ်ဖြင့် သွားလာနိုင်ကြောင်း၊ ယခင်ကကဲ့သို့ ဘန်ကောက်မှတဆင့် ထရန်စစ်လုပ်ရန် မလိုတော့ဘဲ ဟနွိုင်းမှ ထရန်စစ်လုပ်ကာ သွားလာနိုင်ကြောင်း မြန်မာနိုင်ငံရှိ ဗီယက်နမ်သံရုံးမှ သိရသည်။

ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံမှ ဗီယက်နမ် လေကြောင်းလိုင်းသည် မဟာမဲခေါင်ဒေသတွင်း နိုင်ငံများတွင် အင်အားကြီးသော လေကြောင်းလိုင်းတခုဖြစ်ရန် ရည်ရွယ်ထားကြောင်း၊ မကြာမီကာလများတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့အပြင် အခြားမြို့ကြီးများကိုလည်း ဆက်လက်ပြေးဆွဲနိုင်ရန် ရည်ရွယ်ထားကြောင်း ယင်းလေကြောင်းလိုင်း၏ အထွေထွေမန်နေဂျာ Mr. Cao Xuan Phu က ပြောသည်။

အဆိုပါလေကြောင်းလိုင်းက စတင်ပျံသန်းသောလေယာဉ်မှာ fokker 70 ဖြစ်ပြီး လေယာဉ်လက်မှတ်ခ ဈေးနှုန်းမှာ အသွား လက်မှတ်တစောင်လျှင် (၁၉၅) ဒေါ်လာဖြစ်ပြီး အသွားအပြန်အတွက် (၂၆၀) ဒေါ်လာဖြစ်ကြောင်း၊ စတင်ပျံသန်းသောနေ့မှစ၍ ဧပြီလ (၃၀) ရက်အထိကို ပရိုမိုးရှင်းအစီအစဉ်ဖြင့် အသွားအပြန်လက်မှတ်အတွက် (၂၁၀) ဒေါ်လာဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း၊ ရန်ကုန်- ဟနွိုင်း တိုက်ရိုက်ခရီးစဉ်ကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနှင့် တနင်္ဂနွေနေ့တို့တွင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ကိုရီးယား အသွားအပြန်ခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ (၄၇၀) နှင့် ရန်ကုန်မှ ဂျပန်၊ ပြင်သစ်၊ ဂျာမနီသို့ အသွားအပြန် (၆၇၀) ဒေါ်လာ အသီးသီးသတ်မှတ်ထားကြောင်း ဗီယက်နမ်လေကြောင်းလိုင်းရုံးမှ သိရသည်။

ဗီယက်နမ် လေကြောင်းလိုင်းသည် ၁၉၅၆ ခုနှစ်က စ၍ ဥရောပ၊ အာရှနှင့် သြစတြေးလျ နိုင်ငံတို့ရှိ မြို့ (၂၆) မြို့သို့ ပျံသန်းနေသော လေယာဉ်အစီး (၇၀) ခန့်ရှိသော လေကြောင်းလိုင်းတခုဖြစ်ကြောင်း သိရသည်။

ကျပ် (၅) သိန်းဖြင့် အပျော်တမ်း ဘောလုံးကလပ် ဖွဲ့ခွင့်ပြု

တက်လူ

မှတ်ပုံတင်ကြေး ငွေကျပ် (၅) သိန်းဖြင့် အပျော်တမ်း ဘောလုံးကလပ်အသင်းများကို တရားဝင် ဖွဲ့ခွင့်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတဦးက ပြောသည်။

“တသင်းစာပြည့်ရင် ရပြီ၊ ဘယ်ဒေသကပဲဖြစ်ဖြစ် ဖွဲ့ခွင့်ပေးပါတယ်။ ဘောလုံးအဖွဲ့ချုပ်မှာ လာပြီးတော့ မှတ်ပုံတင်နိုင်တယ်” ဟု ၎င်းက ပြောသည်။

အသင်းတသင်းအတွက် မှတ်ပုံတင်ကြေးအပြင် အသင်းများအနေဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် မြို့နယ်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ထောက်ခံချက် တင်ပြရန်လိုကြောင်း၊ အသင်းအတွက် ဖွဲ့စည်းပုံ၊ ဆက်သွယ်ရေးကိရိယာ၊ ဖုန်း၊ စီမံခန့်ခွဲမှုများ ဖွဲ့စည်းထားပုံ၊ ရန်ပုံငွေကြေး မည်မျှရှိသည်၊ ၀င်ငွေထွက်ငွေ မည်မျှရှိသည်၊ စာရင်းစစ်အဖွဲ့၏စစ်ဆေးမှုကို နာခံနိုင်မည် စသောသတ်မှတ်ချက်များ ပါဝင်ကြောင်း၊ ပြိုင်ပွဲအတွက် စည်းကမ်းများ သတ်မှတ်ပေးထားသည်ကို လိုက်နာရန်လိုအပ်ကြောင်း၊ အသင်းအတွက် ပါဝင်ကူညီမည့် စပွန်ဆာကိုလည်း ရှာဖွေရန်လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ တာဝန်ရှိသူက သတ်မှတ်ထားသော စည်းကမ်းချက်များကို မကြာခင် တရားဝင်ထုတ်ပြန်ပေးမည်ဟု ပြောသည်။

၎င်းက “ဒီ အပျော်တမ်း ဘောလုံးအသင်းက ရေတိုစီမံချက်တခုပဲဖြစ်တယ်။ ရေရှည်အတွက်တော့ ညွှန်ကြားချက်မရှိသေးဘူး။ ဒီနှစ်ထဲမှာ နိုင်ငံရေးကိစ္စတွေလည်း အပြောင်းအလဲရှိမှာဆိုတော့ ပြောရခက်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အပျော်တမ်း ဘောလုံးကလပ်များကို ပြိုင်ပွဲတခုအဖြစ် ယခုနှစ်တွင် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် နံပါတ် (၁) မှ (၅) အထိ နေရာ (၅) ခုကို ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲတွင် ထည့်သွင်းပါဝင်ယှဉ်ပြိုင်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tuesday, March 2, 2010

ကမ္ဘာ့ကဗျာနေ့ ရန်ကုန်တွင် စည်ကားစွာကျင်းပမည်

အောင်သက်ဝိုင်း
ကမ္ဘာ့ ကဗျာနေ့ အထိမ်းအမှတ် ကဗျာပွဲတော်ကို စည်ကားစွာ ကျင်းပမည် ဖြစ်သောကြောင့် ပြည်တွင်းရှိ ကဗျာဆရာများ၊ ကဗျာ ချစ်သူများနှင့် ကဗျာ မြတ်နိုးသူများ အကြား စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် ရှိလာနိုင်ကြောင်း ယင်းပွဲ စီစဉ်သူ တဦးဖြစ်သည့် ကဗျာဆရာ သစ္စာနီက ပြောသည်။

“အရင်က အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ကဗျာဆရာတွေ ကွဲလွဲကြတယ်။ နိုင်ငံရေးကို အခြေခံပြီး သဘောထား ကွဲကြတာတွေ ရှိတယ်။ ခုချိန်မှာတော့ အသင်းအဖွဲ့ရယ်လို့ တိတိ ကျကျမရှိပေမယ့် ကဗျာတွေအပေါ် အခြေခံပြီး လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်တွေနဲ့ ဒီမိုကရေစီနည်းကျ ကဗျာလောက ညီညွတ်ရေး ဦးတည်သွားမယ်” ဟု ကဗျာဆရာသစ္စာနီက ဆိုသည်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက မတ်လ ၂၁ ရက်နေ့ကို ကမ္ဘာ့ကဗျာနေ့အဖြစ် သတ်မှတ်ပြီး နိုင်ငံတကာတွင် သက်ဆိုင်ရာ နိုင်ငံအလိုက် ကဗျာပွဲတော်များ စီစဉ်ကျင်းပလေ့ရှိသကဲ့သို့ ယခုနှစ်တွင် မြန်မာနိုင်ငံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်များက မြန်မာနိုင်ငံတွင် ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အဖြစ် ကဗျာဆရာ အစုအဖွဲ့ငယ်များဖြင့် သီးခြား တနေရာစီ ကျင်းပခဲ့ကြ သော်လည်း ယခုနှစ်တွင် ပထမဆုံးအကြိမ် တနိုင်ငံလုံး အတိုင်းအတာရှိကဗျာဆရာများ ပါဝင်မည့် ကဗျာနေ့ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ ပန်းဆိုးတန်း ပန်းချီခန်းမ၊ စာပေလောက ၅ တွင် မတ်လ ၁၉ ရက်မှ ၂၂ ရက်ထိ ကဗျာစာတမ်းဖတ်ပွဲများ၊ ရှားပါးကဗျာ စာအုပ်ပြပွဲ၊ ကဗျာရွတ်ပွဲနှင့် ကဗျာစာအုပ် ရောင်းပွဲ များဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါပွဲဖြစ်မြောက်ရေး ဦးဆောင်သူ ကဗျာဆရာ မင်းထက်မောင်က ဆိုသည်။

ရန်ကုန်တွင် ကျင်းပမည့် ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲတွင် ကွယ်လွန်ပြီးဖြစ်သော ကဗျာဆရာများ၏ ကဗျာများ၊ လက်ရေး စာမူများကိုလည်း ပြသမည်ဖြစ်သည့်အပြင် ရာစုနှစ်၊ ဆယ်စုသစ် အမည်ဖြင့် ကဗျာပြပွဲများလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

“၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ဆယ်စုသစ် ကဗျာပြပွဲ ပြုလုပ်မှာဖြစ်သလို၊ ရာစုနှစ်ကဗျာပြပွဲလည်း ပြုလုပ်မှာပါ။ ဒါ့အပြင်
ကဗျာဆရာတွေ ကိုယ်တိုင်ရေးထားတဲ့ လက်ရေးစာမူတွေကိုလည်း ဘောင်သွင်းပြသ ရောင်းချသွားဖို့ ရှိပါတယ်” ဟု ကဗျာဆရာ မောင်လင်းရိပ်က ပြောသည်။

ကဗျာဆရာများသည် ခေတ်တခေတ်၏ အခြေအနေများကို စာပေဖြင့် ဖော်ထုတ်ပြသပြီး အာဏာရှင် အဆက်ဆက်ကို တွန်းလှန်ကာ ပြည်သူ့ဘက်မှ ရပ်တည်လေ့ရှိသောကြောင့် မြန်မာနိုင်ငံ အစိုးရ အဆက်ဆက်တွင် ရန်သူအဖြစ် သဘောထား ခံရသော လူတန်းစား တရပ်ဖြစ်ကြောင်း၊ ယခု နအဖ စစ်အစိုးရ လက်ထက်တွင်လည်း ကဗျာဆရာများ၏ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ကို တင်းကျပ်စွာ ပိတ်ပင်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ကဗျာဆရာတဦးက ပြောသည်။

“လူထုနဲ့ တသားတည်း၊ ဒုက္ခတွေကို ခါးစည်းခံ၊ အကျပ်အတည်းတွေ ကြားမှာရုန်းကန်ရင်း ကဗျာတွေရေးဖွဲ့ကြတယ်။မျက်ရည်တွေ၊ သွေး၊ ချွေးတွေပြည့်နေတဲ့ ဒီကဗျာတွေက စာပေစိစစ်ရေးကြောင့် စာမျက်နှာပေါ် ရောက်မလာနိုင်ဘူး” ဟု မဂ္ဂဇင်းအယ်ဒီတာ တဦးက ဆိုသည်။

နိုင်ငံတကာတွင် ကဗျာဆရာများကို တိုင်းပြည် စာပေယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင် သူများအဖြစ် လေးစား ချီးမြှောက် ကြသော်လည်း မြန်မာနိုင်ငံတွင်မူ ကဗျာဆရာများကို လျစ်လျူရှုထားသည့်အပြင် ကဗျာရေးသားခွင့် ကိုလည်း တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားသည့်အတွက် မြန်မာ့စာပေယဉ်ကျေးမှု တိုးတက်ရေးကို ကြီးမားသော အနှောင့် အယှက် ဖြစ်စေသည်ဟု ရန်ကုန်အခြေစိုက် စာရေးဆရာတဦးက ပြောသည်။

မြန်မာပြည် စာပေအသိုင်းအ၀န်းတွင် ကဗျာတပုဒ်အတွက် စာမူခ ကျပ် ၅၀၀၀ ခန့်သာ အများဆုံးရရှိပြီး မဂ္ဂဇင်းတအုပ်တွင် ကဗျာတပုဒ် ပါရန် အလွန်ခဲယဉ်းလှကြောင်း၊ ကဗျာရေးခြင်းဖြင့် စားဝတ်နေရေး ပြေလည်ရန် မလွယ်ကူသောကြောင့် ကဗျာဆရာ အများစုမှာ ဆင်းဆင်းရဲရဲ ရုန်းကန်နေရကြောင်း သိရသည်။

ယခုခေတ်သည် သတင်းဂျာနယ်ခေတ်ဖြစ်ပြီး ကဗျာများ ပုံမှန် ထည့်သွင်းဖော်ပြသည့် ရသ မဂ္ဂဇင်း လောက မှေးမှိန်သွားသည့် အတွက် မြန်မာ့ ကဗျာလောက အခြေအနေမှာ ဆုတ်ယုတ်မှုအပိုင်းတွင် ရှိနေကြောင်း ပြည်တွင်း ကဗျာဆရာများက ဆိုကြသည်။

တောင်သူကြီးများကိုယ်တိုင် တောင်သူလယ်သမားနေ့ ကျင်းပ

စိုးမိုး
မြန်မာ့လွတ်လပ်ရေးအတွက် တောင်သူလယ်သမား အရေးတော်ပုံကြီးဖြင့် ပါဝင်ကြိုးပမ်းခဲ့သည့် သမိုင်းဝင် တောင်သူ လယ်သမားနေ့ကို တောင်သူလယ်သမားကြီးများကိုယ်တိုင် ယနေ့ ဦးစီးကျင်းပခဲ့ခြင်းဖြစ်သည်။

ယနေ့ကျရောက်သည့် တောင်သူလယ်သမားနေ့တွင် လယ်သမားအရေး ဆောင်ရွက်နေသည့် ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှ တောင်သူလယ်သမားအဖွဲ့က ဦးစီးကာ အထိမ်းအမှတ် အခမ်းအနားတရပ် ကျင်းပသည်။

ယနေ့ ခရမ်းမြို့နယ်တွင် ကျင်းပသည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ တောင်သူလယ်သမားများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ စုစုပေါင်း (၃၀) ကျော်ခန့် တက်ရောက်ခဲ့ပြီး အာဏာပိုင်များကလည်း ပိတ်ပင်မှုများ မရှိကြောင်း သိရသည်။

လယ်သမားများ လယ်ယာမြေ အသိမ်းခံရမှုများ၊ အခြားပိုင်ဆိုင်မှု ပစ္စည်းများ သိမ်းဆည်းခံရခြင်းများ၊ စိုက်ပျိုးစရိတ်ချေးငွေ အပြည့်အ၀ မရရှိသည့် ကိစ္စများအပါအ၀င် လယ်သမားများ အခွင့်အရေး နစ်နာနေမှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တောင်သူလယ်သမားအဖွဲ့က ပြောကြားသည်။

“လယ်သမားတွေကို ဆောင်ရွက်ပေးနေတာတွေမှာတော့ အောင်မြင်ပါတယ်။ ရန်ကုန်နဲ့ ပဲခူးမှာရှိတဲ့ ရွာတွေက လယ်သမားတွေလောက်ကိုပဲ လုပ်ပေးနိုင်ပါသေးတယ်” ဟု အဆိုပါလယ်သမားအဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူက ပြောသည်။

နအဖစစ်အစိုးရ လက်ထက်တွင် စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရန် ဆည်တာတမံများ တည်ဆောက်ပေးခဲ့သည် ဆိုသော်လည်း တောင်သူများ၏ လယ်ယာထွက်ကုန်များကို ကန့်သတ်ဈေးဖြင့် ရောင်းချစေခြင်း၊ လွတ်လပ်စွာ ပြည်ပတင်ပို့ ရောင်းချမှုကို ပိတ်ပင်ခြင်းများကြောင့် တောင်သူများမှာ ဆင်းရဲတွင်း နက်နေဆဲဖြစ်သည်။

ရန်ကုန်တွင် တက္ကစီမီတာစနစ် စနစ်တကျ မဖြစ်


တက်လူ
မီတာစနစ်မသုံးသော တက္ကစီအငှားယာဉ်များကို တင်းကျပ်စွာ အရေးယူမည်ဟု သတင်းထုတ်ပြန်ပြီးနောက်ပိုင်း ရန်ကုန်မြို့ရှိ ပါရမီတက္ကစီအချို့မှာ မီတာခိုး၍ ပြေးဆွဲနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“မနေ့က မြို့ထဲကနေပြီး ဆရာစံပလာဇာကို ပါရမီတက္ကစီငှားစီးတယ်၊ အမှန်ဆိုရင် (၁,၅၀၀) ကျပ်ပဲရှိတယ်၊ မီတာနဲ့ (၂,၀၀၀) ကျော်ကျတယ်၊ မဖြစ်သင့်တဲ့ကိစ္စပါ။ ကျနော်သိရသလောက်ကတော့ မီတာကို ခိုးထားတာပါ။ ကျသင့်တာထက် ပိုနေတဲ့ အတွက်ပါ” ဟု တက္ကစီငှားစီးသူတဦးက ပြောသည်။

ပါရမီတက္ကစီများမှာ လေအေးစက်တပ်ထားပြီး ကားအသစ်များဖြစ်သောကြောင့် စီးနင်းသူများပြားပါလျက် ယင်းသို့မီတာကို ခိုးကာ ပြေးဆွဲခြင်းမှာ အခွင့်အရေးယူသည့်သဘော သက်ရောက်ကြောင်း ရန်ကုန်တိုင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ ယာဉ်ထိန်းရဲတဦးက ပြောသည်။

“ကျနော်တို့လည်း ကြားပါတယ်။ ခက်တာက ခရီးသည်က တိုင်တာတော့ မဟုတ်ဘူး။ မတိုင်လို့ အရေးမယူသေးတာလည်း ဖြစ်နိုင်ပါတယ်။ ကျနော်တို့လို ရာထူးငယ်သူတွေကတော့ စစ်ဆေးရေးသွားခိုင်းရင် သွားရတာလောက်ပဲရှိပါတယ်” ဟု ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်တွင် သဘာဝဓာတ်ငွေ့ (စီအန်ဂျီ) ပြောင်းလဲတပ်ဆင်ထားသည့် ပါရမီတက္ကစီ အပါအ၀င် စီးတီးတက္ကစီများကို မီတာစနစ်ဖြင့် ပြေးဆွဲရန် ညွှန်ကြားထားပြီး မီတာဖြင့် မပြေးဆွဲသော ယာဉ်များကို ယာဉ်ပြေးဆွဲခွင့်ပိတ်သည်အထိ တင်းကျပ်စွာအရေးယူကြောင်း ရန်ကုန်တိုင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကော်မတီက ပြောကြားသော်လည်း မီတာဖြင့် မပြေးသည့်တက္ကစီ အများအပြား ရှိနေဆဲဖြစ်သည်ဟု အငှားယာဉ်မောင်းတဦးက ပြောသည်။

၎င်းက “လူတွေက အထူးယာဉ်တွေပေါ်လာတော့ တက္ကစီမစီးကြတော့ဘူး။ အဲဒီလိုဖြစ်နေတဲ့အခါမှာ မီတာနဲ့မောင်းတော့ အဲဒီမီတာနဲ့ကျတော့ အများကြီး မဟုတ်ပေမယ့် (၂၀၀၊ ၃၀၀) ကျပ်လောက်တော့ သက်သာတယ်လေ။ အဲဒီတော့ တချို့က မီတာနဲ့စီးတယ်။ ပါရမီတက္ကစီက ဒါ့ကြောင့် မီတာခိုးတာဖြစ်မယ်” ဟု ပြောသည်။

ခရီးသည်များအနေဖြင့် မီတာအမှန်နှုန်းအတိုင်း ပြေးဆွဲသည့် တက္ကစီများကို စီးပါက ခရီးစရိတ်သက်သာပြီး ပါးစပ်ဈေးနှင့် ပြောဆွဲသည့် တက္ကစီများကို စီးပါက ပုံမှန်ထက် အနည်းငယ်ငွေပိုပေးရသဖြင့် မီတာဖြင့်ပြေးသည့် ပါရမီတက္ကစီများကို အများစုက စီးလာကြခြင်းဖြစ်သည်။

ထိုသို့ ခရီးသည်များ အစီးများလာသည့်အပေါ် မီတာတက္ကစီ စံပြအနေဖြင့် ပြေးဆွဲနေသည့် ပါရမီတက္ကစီလိုင်းတွင် တက္ကစီအချို့က မီတာခိုးလာကြခြင်းဖြစ်သည်။

ပါရမီတက္ကစီများ ပြေးဆွဲနေသော ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက်၏ အရာရှိကြီးတဦးက ယင်းသို့ ဖြစ်ရပ်များရှိပါက ပါရမီတက္ကစီယာဉ်လိုင်းသို့ ချက်ချင်းအကြောင်းကြား တိုင်ကြားရန် ပြောကြားပြီး ၎င်းတို့အနေဖြင့် အရေးယူသွားမည်ဟု ပြောဆိုသည်။

ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ယာဉ်ထိန်းရဲတဦးကမူ ပါရမီတက္ကစီ မီတာခိုးနေသည်ကို စစ်ဆေးအရေးယူခြင်း မရှိသေးကြောင်း ပြောသည်။

တက္ကစီ မီတာစနစ်တွင် ခရီးသည်က ယာဉ်ပေါ်သို့ စတက်သည်နှင့် ကျပ် (၅၀၀) ပေးပြီးသားဖြစ်ပြီး (၁) ကီလိုမီတာ ခရီးစဉ်တွင် (၁၅၀) ကျပ်နှုန်းနှင့် စောင့်ဆိုင်းခအတွက် (၁) မိနစ် (၅၀) ကျပ်နှုန်း ကောက်ခံခြင်းဖြစ်သည်။

“ပါရမီမဟုတ်တဲ့ တက္ကစီတွေ အတော်များများက ပါးစပ်ဈေးအတိုင်း ဆွဲကြတာပဲ။ ပါးစပ်ကတောင်းတဲ့အတိုင်းဆိုရင် ပိုရတာပေါ့။ လမ်းတကြောင်းဆိုရင်ပဲ (၅၀၀) ကျပ် ပိုတယ်ထားဦး တနေ့ကို (၅) ကြောင်းဆိုရင် (၂,၅၀၀) က ကိုယ့်အတွက်ကျန်နေပြီလေ။ ဒါ့ကြောင့် မီတာနဲ့ မဆွဲချင်ကြတာ” ဟု ခရီးသည်တဦးက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်တွင် ပါရမီတက္ကစီနှင့် စီးတီတက္ကစီ အစီးရေ စုစုပေါင်း (၁၆,၀၀၀) ခန့်ရှိရာ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ (၁) ရက်အထိ စာရင်းအရ ယာဉ် (၈,၀၀၀) ကျော်ကို မီတာများ တပ်ဆင်ထားပြီးဖြစ်ကြောင်း
သိရသည်။

ငလျင်ဘေးသင့်ဒေသ ကူညီရေး စစ်သား ၁၀,၀၀၀ စေလွှတ်

ချီလီနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခဲ့တဲ့ ပြင်းအား ၈.၈ ရှိ ငလျင်ကြီးဟာ ချီလီသမိုင်းမှာ အဆိုးဆုံး ငလျင်ကြီးဖြစ်ပြီး လူပေါင်း ၂,၀၀၀,၀၀၀ လောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သမ္မတ မစ်ရှဲလ် ဘာချီလက် (Michelle Bachelet) က ပြောပါတယ်။

ငလျင်လှုပ်ခဲ့တဲ့ ဒေသတွေမှာ တည်ငြိမ်မှု ရရှိဖို့နဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် တပ်ဖွဲ့အင်အား ၁၀,၀၀၀ လောက်ကို စေလွှတ်ထားတယ်လို့ သမ္မတ ဘာချီလက်က ပြောပါတယ်။ ဒုက္ခရောက်နေသူတွေကို အခမဲ့ အစားအစာတွေ ဝေငှနိုင်ဖို့ ကုန်တိုက်ကြီးတွေနဲ့ ညှိထားတယ်လို့လည်း သမ္မတက ပြောပါတယ်။

ငလျင်ဒဏ်ခံခဲ့ရတဲ့ ကွန်ဆပ်ဆီယွန် (Concepcion) မြို့မှာ တနင်္ဂနွေနေ့တုန်းက လူတွေ ဈေးဆိုင်တွေ၊ ကုန်တိုက်ကြီးတွေကို ၀င်ပြီး စားသောက်ကုန်တွေနဲ့ လျှပ်စစ်ပစ္စည်းတွေကို လုယူခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီကုန်တိုက်ကြီးတွေကို ၀င်လုကြတဲ့ သူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ရေပိုက်တွေ သုံးပြီး လူစုခွဲခဲ့ရပါတယ်။ ကွန်ဆပ်ဆီယွန်နဲ့ မီဂဲလ် (Miguel) ဒေသတွေမှာ အာဏာပိုင်တွေက ညမထွက်ရ ကာဖျူးအမိန့် ထုတ်ပြန်ထားပါတယ်။

အစောပိုင်းတုန်းကတော့ သမ္မတက နိုင်ငံတကာက အကူအညီတွေကို လက်ခံဖို့ ၀န်လေးနေခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ သေဆုံးသူဦးရေဟာ ၇၀၀ ကျော်လာတဲ့အတွက် အခုတော့ နိုင်ငံတကာ အကူအညီတွေကို လက်ခံတော့မယ်လို့ ဆိုပါတယ်။ သေဆုံးသူစာရင်းဟာ ဒီထက် ပိုတိုးနိုင်သေးတယ်လို့ ခန့်မှန်းထားပါတယ်။

မြန်မာနိုင်ငံရောက် ကင်မရွန်း ဘောလုံးသမား ၂ ဦး ငွေစက္ကူ အတုလုပ်ရန် ကြံစည်မှုနဲ့ တရားစွဲ

ဗွီအိုအေ
မသင်းသီရိ
ရန်ကုန်မြို့ကို ရောက်နေတဲ့ ကင်မရွန်း နိုင်ငံသား ဘောလုံးသမား ၂ ဦးဟာ ဒေါ်လာငွေတုတွေ လုပ်ပေးမယ်ဆိုပြီး လိမ်လည်မှုတွေကြောင့် ဖေဖော်ဝါရီ လကုန်ပိုင်းက ဖမ်းဆီးခဲ့ပြီး အခု သူတို့ကို ရန်ကုန် လမ်းမတော် ရဲစခန်းမှာ ရုံးတင်စစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့ ဆိုပါတယ်။

ကင်မရွန်း နိုင်ငံသား ဘောလုံးသမား ၂ ဦး မြန်မာနိုင်ငံကို လာတဲ့ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်တွင်းက ဘောလုံးကလပ်တွေမှာ ကြေးစားသမားအဖြစ် ဘောလုံးကစားဖို့လို့ ပြောကြပါတယ်။ ဒါပေမဲ့ ဘောလုံးကလပ်တွေနဲ့ ညှိနှိုင်းမရ ဖြစ်ပြီးနောက် သူတို့ဟာ ဒေါ်လာငွေ အတုတွေ လုပ်ပေးနိုင်တယ်ဆိုပြီး ဈေးကွက်ရှာရာက ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်လို့ ဒီသတင်းကို သိထားတဲ့ ရန်ကုန်မြို့ခံ တဦးက အခုလို ပြောပြပါတယ်။

“ဒီနိုင်ငံသား ၂ ယောက်က ကျနော်တို့ဆီကို ဘောလုံးကလပ်အသင်းတွေ လာပြီးတော့ ချိတ်တာပေါ့။ ချိတ်တော့ အဆင်မပြေတဲ့ အချိန်မှာ သူတို့က ဟိုတယ်မှာ ငွေလိမ်မယ့်ပုံစံမျိုး ပြောတယ်လို့ သိရတယ်။ သူတို့ ဒေါ်လာအတုတွေ လုပ်ပေးနိုင်တယ်၊ လိုချင်ရင်ပြော ဆိုတော့ အဲဒါကို ဟိုတယ်မန်နေဂျာက သိသွားပြီး ရဲစခန်းကို အကြောင်းကြားလိုက်တာပါ။ အဲဒီဟိုတယ်က ဗိုလ်ချုပ်လမ်းနဲ့ ၀ါးတန်းလမ်းထောင့်က MGM ဟိုတယ်။ MGM က လမ်းမတော် အပိုင်ဆိုတော့ လမ်းမတော် ရဲစခန်းကို ပို့တော့ အခု သူတို့ကို တရားရုံးမှာ အမှုစွဲတင်ထားတယ်လို့ ပြောတယ်။”

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သူတို့ကို ဖမ်းဆီးပြီး ရုံးတင်စစ်ဆေးထားတဲ့ လမ်းမတော် ရဲစခန်းမှာ ကင်မရွန်းနိုင်ငံသား ၂ ယောက်ထဲက တယောက်က အပေါ့အပါး သွားချင်တယ်လို့ အကြောင်းပြပြီး စခန်းက ထွက်ပြေးပြီး ရန်ကုန်မှာရှိတဲ့ ပြင်သစ်သံရုံးထဲကို ၀င်ပြေးခဲ့ပါတယ်။ ဒါပေမဲ့ ပြင်သစ်သံရုံးနဲ့ စခန်းအာဏာပိုင်တွေ ညှိနှိုင်းပြီးနောက် သူ့ကို တာဝန်ရှိတဲ့ လမ်းမတော် ရဲစခန်းကိုပဲ ပြန်အပ်ခဲ့တယ်လို့ ပြင်သစ်သံရုံးက တာဝန်ခံတဦးက အတည်ပြု ပြောဆိုပါတယ်။

ဒေါ်လာငွေ ၁၀ တန်၊ ၂၀ တန်နဲ့ ၁၀၀ တန်တွေကို သူတို့က အတုလုပ်ပေးနိုင်တယ်ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို ဖမ်းဆီးပြီးနောက် စစ်ဆေးတွေ့ရှိချက်အရ ဒေါ်လာအစစ်တွေကိုပဲ ပုံစံဖျက်ပြီးတော့ အတုတွေပါလို့ပြောပြီး ငွေလိမ်လည်ဖို့ ကြိုးစားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ လုပ်ပုံလုပ်နည်းက ရိုးရိုးလေးပါပဲ။ ဒေါ်လာငွေစက္ကူ အစစ်တွေကိုပဲ သူတို့က နည်းပညာသုံးပြီး စက္ကအဖြူပုံစံမျိုး ထင်ရအောင် ဖျောက်ထားလိုက်တယ်။ အဲဒီ ဖျောက်ထားတဲ့ဟာတွေကိုပဲ သူတို့က အနီအောက် ရောင်ခြည်တွေဖြတ် လိုအပ်တဲ့ ဓာတုဆေးမှုန့်တွေ ဖြူးလိုက်ရင် မူလ ဒေါ်လာပုံစံမျိုး ပြန်ဖြစ်သွားတာပေါ့။ အမှန်ကတော့ ဒေါ်လာ အစစ်ပါပဲ။ အစစ်ကို သူတို့က ပုံဖျက်ပြီးတော့ ငွေလိမ်ဖို့ ကြိုးစားတာပေါ့။ အတုကို ဈေးချိုချိုနဲ့ လိုချင်တဲ့လူတွေ ရှိလာခဲ့ရင် အဲဒီလူဆီက ရလာမယ့်ငွေတွေကို သူတို့က လိမ်သွားမယ်။ အဲဒီလိုပဲ ကျနော်ထင်ပါတယ်။”

မြန်မာနိုင်ငံမှာ ဘောလုံးအားကစားဟာ ခေတ်စားနေပြီး လူကြိုက်များလာတာမို့ ဘောလုံးကစားကြတဲ့ တချို့နိုင်ငံတွေက ပုံစံအမျိုးမျိုးနဲ့ ၀င်ရောက်လာနေတာကိုလည်း တွေ့ရတယ်လို့ သူက ဆက်ပြောပြပါတယ်။

“အဓိကကတော့ ဒီမှာ Myanmar National League စဖွင့်ကတည်းက နိုင်ငံခြားသားတွေ ခေါ်ငှားတယ်၊ သွင်းတယ်၊ ဒီရောက်တော့ သူတို့လည်း ထိုက်သင့်တဲ့ ကြေးစား လစာတွေဘာတွေ ရတော့ ဗမာဘောလုံးဈေးကွက်ကို စိတ်ဝင်စားပြီးတော့၊ သူ့ရှေ့ကလည်း အဲဒီလို ၀င်လာကြတဲ့လူတွေ ရှိပါတယ်။ တချို့ဆို ဒီမှာ တပတ်လောက် နေသွားပြီး အဆင်မပြေတော့ ပြန်သွားရတာ အဲဒါမျိုးတွေ ကြားဖူးပါတယ်။

“ငွေစက္ကူလိမ်တာ အရှေ့ကတော့ အဲဒီလို အလိမ်ခံသွားရတယ် ဆိုတာ ကြားတော့ ကြားဖူးပါတယ်။ အခုလိုမျိုး လက်ပူးလက်ကျပ် မိခဲ့တာမျိုးတော့ မရှိဘူး။ မူးယစ်ဆေးကိစ္စတွေလည်း အဲဒီလိုပဲ၊ နိုင်ငံခြားသားတွေ ပါဝင် ပတ်သက်သွားတာတွေ ရှိတာ သိရတာပဲ။ ဒီနောက်ပိုင်းတော့ ဒီဟာက ထူးထူးခြားခြားကို ဖော်ထုတ်လိုက်နိုင်တာ တခုပေါ့လေ။”

ရန်ကုန်မြို့ခံတဦး ပြောပြသွားတာ ဖြစ်ပါတယ်။

အခု ကင်မရွန်းနိုင်ငံက ဘောလုံးသမား ၂ ဦးကို လမ်းမတော် တရားရုံးမှာ ပြစ်မှုဆိုင်ရာ ပုဒ်မ ၄၈၉(က) နဲ့ တရားစွဲဆိုထားပြီလို့လည်း ပြည်တွင်း သတင်းဂျာနယ်တွေမှာ ရေးသားထားတာ တွေ့ရပါတယ်။

Monday, March 1, 2010

ကလေးမြို့မှာ လက်ကိုင်ဖုန်း သုံးစွဲနိုင်ပြီ

မြင့်မောင်
စစ်ကိုင်းတိုင်း ကလေးမြို့၌ ပြီးခဲ့သည့် ရက်သတ္တပတ်မှ စတင်၍ CDMA 450 MHz ကဒ်သုံး လက်ကိုင်ဖုန်းများ အသုံးပြုနိုင်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

FEC ၅ဝ တန် ကဒ်ဖုန်းများကို စစ်အစိုးရမှ တရားဝင် ချထားပေးခြင်း မဟုတ်ဘဲ ဒေသခံ စီးပွားရေးသမားများက ရန်ကုန်မြို့နှင့် မန္တလေးမြို့များမှ သယ်ယူရောင်းချသဖြင့် အသုံးပြုနိုင်ခြင်း ဖြစ်သည်။

“အစိုးရက ပြီးခဲ့တဲ့ ၂ လ လောက်ကတည်းက ကဒ်ဖုန်းတွေ ချပေးဖို့ ပြောထားတယ်။ အခုထိ ရောက်မလာသေးဘူး။ ဒါကြောင့် ကိုယ်တိုင် ရန်ကုန်ဆင်းပြီး ဝယ်တယ်။ နောက် ဒီမှာ ပြန်ရောင်းတယ်” ဟု ကလေးမြို့ရှိ ဖုန်းအရောင်းဆိုင် ပိုင်ရှင်တဦးက ပြောသည်။

ကမ်းရိုးတန်းဖုန်းဟု နာမည်ကြီးသည့် CDMA 450 MHz ဖုန်းတွင် ဝ၉-၄ ဖြင့် စတင်သည့် ဂဏန်း ၉ လုံးပါဝင်ပြီး ဖုန်းခေါ်ဆိုခအပြင် ပြန်လည်ဖြေဆိုခပါ ပေးဆောင်ရသည့်ဖုန်း အမျိုးအစားဖြစ်သည်။

ထို့ပြင် သက်ဆိုင်ရာ ဖုန်း hand set ဖြင့်သာ ဖုန်းကဒ်များ ထည့်သွင်းအသုံးပြုနိုင်ပြီး hand set တခုလျှင် အနည်းဆုံး ကျပ် ၅ သောင်းခန့်မှ ၄ သိန်းကျော်အထိ ဈေးနှုန်းရှိကြောင်း သိရသည်။

ဖုန်းကဒ်များမှာ FEC ၂ဝ တန်၊ ၅ဝ တန်၊ ကျပ် ၁ သောင်းတန်နှင့် ကျပ် ၃ သောင်းတန်ဟူ၍ အမျိုးအစား ၄ မျိုး ရှိသော်လည်း ကလေးမြို့တွင် FEC ၅ဝ တန် ကဒ်များသာ ရောင်းချသည်။

ပြည်တွင်းခေါ်ဆိုခမှာ တမိနစ်လျှင် ၅ဝ ကျပ်၊ ပြည်တွင်းဖုန်း ပြန်လည်ဖြေဆိုခ တမိနစ် ၃ဝ ကျပ်နှင့် ပြည်ပခေါ်ဆိုခ တမိနစ် ၉ဝဝ ကျပ် ကုန်ကျသည်။


CDMA 450 ဖုန်းများသည် ကြိုတင်ငွေဖြည့်ကဒ်ကို အသုံးပြုရမည့် ဖုန်းအမျိုးအစားဖြစ်ကာ၊ ယင်းကဒ်များ ရောင်းချခွင့်ရသည့် ကုမ္ပဏီမှာ အီလိုက်တက် ကုမ္ပဏီက အမျိုးအစား ၄ မျိုး ခွဲ၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် FEC 20 တန်၊ FEC 50 တန်ကဒ်၊ ကျပ် ၁ သောင်း၊ ကျပ် ၃ သောင်းတန်ကဒ် ဟူ၍ ဖြစ်သည်။

ထို့ပြင် CDMA 450 ၄၅ဝ မဂ္ဂါဟဇ် hand set ဖြင့် သာ အသုံးပြု၍ရကြောင်းနှင့် hand set တခုလျှင် အနည်းဆုံး ကျပ် ၅ သောင်းခန့်မှ တသိန်းကျော်တန်အထိ ရှိကြောင်း သိရသည်။

ပြည်တွင်းခေါ်ဆိုခမှာ တမိနစ်လျှင် ကျပ် ၅ဝ ဖြစ်ပြီး၊ မည်သည့်နိုင်ငံသို့ ခေါ်ဆိုစေ တမိနစ်လျှင် 1 FEC သို့မဟုတ် ဒေါ်လာ (0.90) ဖြစ်ကာ၊ ၎င်းဖုန်းများ၏ နံပါတ်မှာ 09-4 ဖြင့် စတင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူတဦးက ပြောသည်။

“အခုက ကလေးမြို့မှာ လူကြိုက်များနေတယ်။ ဒီ ၃ ရက် ၄ ရက်အတွင်း ၁ဝ လုံးလောက် ရောင်းလိုက်ရတယ်။ ကဒ်ဖုန်း အသုံးပြုနိုင်တော့ စီးပွားရေးရော၊ လူမှုရေးကိုပါ အမျာကြီး အထောက်အကူ ပြုတာပေါ့ဗျာ” ဟု အဆိုပါ ဆိုင်ပိုင်ရှင်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် တခါသုံး ဖုန်းကဒ်လိုင်းများ မပါဝင်ဘဲ မိုဘိုင်းဖုန်းများ၊ အော်တိုတယ်လီဖုန်း (လိုင်းဖုန်း၊ ကြိုးဖုန်း) များ၏ ဖုန်းလိုင်းပေါင်းမှာ ၇ သိန်းခွဲနီးပါး ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တရားဝင် ထုတ်ပြန်ထားသည်။

ငလျင်ဘေး နိုင်ငံတကာ အကူအညီ ပေးဖို့ ချီလီသမ္မတ ပန်ကြား

လူပေါင်း ၇၀၀ ထက်မနည်း သေဆုံးခဲ့ရလောက်အောင် ချီလီနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်သွားတဲ့ မြေငလျင်ဒဏ် ကယ်ဆယ်ရေးအတွက် နိုင်ငံတကာ အကူအညီတွေ ပေးကြပါလို့ ချီလီသမ္မတ မစ်ရှဲလ် ဘာချီလက် (Michelle Bachelet) က ပန်ကြားခဲ့ပါတယ်။

ငလျင်ဒဏ် ကယ်ဆယ်ရေးတွေ ဆက်ပြီးလုပ်နေတာနဲ့ အတူ သေဆုံးသူ အရေအတွက် ပိုများလာနိုင်တယ်လို့လည်း သမ္မတ ဘာချီလက်က တနင်္ဂနွေနေ့တုန်းက ပြောပါတယ်။

ချီလီနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ကွန်ဆပ်ဆီယွန် (Concepcion) မြို့မှာ ပြိုကျသွားတဲ့ အဆောက်အဦးတခု အောက်မှာ ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ဖို့အတွက် ကယ်ဆယ်ရေးတွေ ကြိုးစားနေကြပါတယ်။ အဆောက်အဦးပျက် အောက်မှာ လူ ၅၀ လောက် အသက်ရှင် ပိတ်မိနေနိုင်တယ်လို့ ရှာဖွေသူတွေက ယုံကြည်ထားပါတယ်။

ကွန်ဆပ်ဆီယွန်မြို့မှာ တနင်္ဂနွေနေ့မှာပဲ လုယက်သူတွေဟာ ဆိုင်တွေထဲကို ၀င်ပြီး အစားအသောက်တွေ၊ လျှပ်စစ်ပစ္စည်းတွေကို လုယက် ယူခဲ့ကြပါတယ်။ စူပါမားကက် တခုမှာဆိုရင် လုယက်သူတွေကို လူစုခွဲဖို့ ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေကို သုံးခဲ့ကြရပါတယ်။

ကွန်ဆပ်ဆီယွန်နဲ့ မအော်လေး ဒေသတွေမှာ ဥပဒေမဲ့ ဖြစ်နေတာတွေကို တားဆီးနိုင်ဖို့အတွက် ညမထွက်ရ ကာဖျူးအမိန့်ကို သက်ဆိုင်ရာက ထုတ်ထားပါတယ်။

စနေနေ့တုန်းက ပြင်းအား ၈.၈ နဲ့ လှုပ်ခတ်သွားတဲ့ မြေငလျင်ကြောင့် အဆောက်အဦးတွေ ပြိုကျ၊ မော်တော်ကားတွေ ပက်လက်လန်၊ လမ်းတွေ တံတားတွေ ပျက်စီးပြီး ရေ၊ မီးနဲ့ ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်ခဲ့ရပါတယ်။

ပစိဖိတ်ကမ်းနိုင်ငံ အားလုံး ဆူနာမီ သတိပေးချက် ရုပ်သိမ်း

ချီလီနိုင်ငံ ငလျင်ကြောင့် ပစိဖိတ် သမုဒ္ဒရာ ပင်လယ်ကမ်းခြေတကြော ဖြစ်ပေါ်လာနိုင်တဲ့ ဆူနာမီ ဒီရေလှိုင်း သတိပေး နှိုးဆော်ချက်ကို ဟာဝိုင်ယီကျွန်းမှာ ရုပ်သိမ်းလိုက်ပါပြီ။

ပြင်းအား ၈.၈ ရှိတဲ့ ချီလီနိုင်ငံ ငလျင်ကြောင့် ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေတကြော ဂျပန်နဲ့ ရုရှားနိုင်ငံ အပါအ၀င် ကမ်းခြေတွေမှာ ၃ ပေအထိ ဒီရေလှိုင်းလုံးကြီးတွေ ရိုက်ခတ်နိုင်တယ်လို့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီရေလှိုင်းက ခန့်မှန်းထားတာထက် အများကြီး အားပျော့သွားတာ တွေ့ရပါတယ်။

ဖိလစ်ပိုင်နဲ့ နယူးဇီလန်နိုင်ငံ အပါအ၀င် ပစိဖိတ် သမုဒ္ဒရာ ကမ်းခြေတကြော နိုင်ငံတွေက လူထုကို ဘေးလွတ်ရာကို ယာယီ ရွှေ့ပြောင်းပေးခဲ့ကြရပါတယ်။ အထိအခိုက်၊ အပျက်အစီး၊ အသေအပျောက် သတင်းတော့ မကြားသိရသေးပါဘူး။

ဒါပေမဲ့ ငလျင် ဗဟိုပြုပြီး လှုပ်ခဲ့တဲ့ ချီလီနိုင်ငံမှာတော့ ဆူနာမီ ဒီရေလှိုင်းကြောင့် အနည်းဆုံး ၅ ဦး သေဆုံးပြီး ချီလီနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ရော်ဘင်ဆင် ခရူးဆိုး ကျွန်းမှာတော့ ၁၁ ယောက် ပျောက်ဆုံးနေတယ်လို့ ကြားသိရပါတယ်။

ထိုင်းဘဏ် ၂ ခု လက်ပစ်ဗုံး ပစ်ခံရလို့ ဘန်ကောက် လုံခြုံရေး တင်းကျပ်

ထိုင်းနိုင်ငံက အကြီးဆုံး ဘဏ်ကြီးဖြစ်တဲ့ ဘန်ကောက်ဘဏ်ခွဲတွေရဲ့ အပြင်ဘက်မှာ လက်ပစ်ဗုံး ၂ လုံး ပေါက်ကွဲခဲ့ပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာတော့ မြို့တော်ဘန်ကောက်မှာ လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ချထားဖို့ ၀န်ကြီးချုပ် အဘီဆစ် ၀ိဂျာဂျီဝ (Abhisit Vejjajiva) က အမိန့်ပေးလိုက်ပါတယ်။

မြို့ထဲမှာ စစ်ဆေးရေးဂိတ်တွေနဲ့ လုံခြုံရေး ကင်းလှည့်တာတွေ ပိုပြီး လုပ်ဆောင်သွားဖို့ ရဲတပ်ဖွဲ့ကို ညွှန်ကြားခဲ့တဲ့အကြောင်း ၀န်ကြီးချုပ်က သူ့ရဲ့ အပတ်စဉ် ရေဒီယိုမိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။

ဘန်ကောက်ဘဏ်ခွဲတွေ ပြင်ပမှာ မနေ့ညပိုင်းက ဖြစ်ပွားခဲ့တဲ့ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်မှုတွေကြောင့် အပျက်အစီးတချို့ ရှိခဲ့ပေမဲ့ ထိခိုက်သူတော့ မရှိခဲ့ပါဘူး။

စစ်တပ်က အာဏာသိမ်းပြီး ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံသူတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ရှိနေစဉ် အခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ နေ့ကပဲ ၀န်ကြီးချုပ်ဟောင်းကို သူအာဏာရနေစဉ် မိသားစုပိုင် ဆက်သွယ်ရေးကုမ္ပဏီ Shin Corp အကျိုးစီးပွားအတွက် အာဏာကို အသုံးပြုခဲ့တယ်လို့ ထိုင်းတရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပြီးနောက် သူ့မိသားစုပိုင်တဲ့ ဒေါ်လာ သန်း ၁,၄၀၀ ကို သိမ်းဆည်းဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် သူ့ကို ထောက်ခံသူတွေက အမျက်ဒေါသ ထွက်ခဲ့ကြပါတယ်။

ဒီအတောအတွင်း ထိုင်းဘုရင် ဘူမိဘော အဒူယာဒက် (Bhumibol Adulyadej) က သူ ဆေးကုသမှု ခံယူနေရတာ ၅ လလောက် ရှိနေပြီဖြစ်တဲ့ ဆေးရုံကနေ မြို့တော် ဘန်ကောက်က နန်းတော်ကို တညတာ ပြန်လည် သွားရောက်ခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ လဆန်းတုန်းက သူ့ရဲ့ ၈၂ နှစ်ပြည့် မွေးနေ့ပွဲကို တက်ရောက်ခဲ့စဉ်ကစလို့ ပထမဆုံးအကြိမ် ဆေးရုံကနေ နန်းတော်ကို ပြန်ခဲ့တာ ဖြစ်ပါတယ်။

နန်းတော်ကို ပြန်ရတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ဘုရင့်နန်းတော်ကရော ဆေးရုံကရော ပြောဆိုတာမျိုး မရှိဘဲ တနင်္ဂနွေမနက် အစောပိုင်းမှာပဲ ဆေးရုံကို ဘုရင်ကြီး ပြန်သွားခဲ့တဲ့အကြောင်း ပြောဆိုပါတယ်။

ရန်ကုန်မြို့လယ်ခေါင်တွင် လောင်းကစားရုံဖွင့်


မျိုးဝင်းဇော်

ရန်ကုန်မြို့၏ မြို့လယ်ခေါင် အချက်အခြာကျသည့် ယခင် လဟာပြင်ဈေး မြေနေရာတွင် City Center အမည်ရှိ လောင်းကစားရုံ၊ နိုက်ကလပ်နှင့် ကာရာအိုကေခန်းမ ဖွင့်လှစ်ထားကြောင်း သိရသည်။

ကိုယ်တိုင် သွားရောက်ခဲ့သူတဦးက “စီးတီးစင်တာ အပေါ်ဆုံးထပ်မှာ လောင်းကစားရုံ ဖွင့်ထားတယ်။ သူက လူငယ်တွေ ဆော့တဲ့ ဂိမ်းစက်တွေနဲ့ လောင်းကစားစက်တွေ တွဲပြီး ဖွင့်ထားတာ။ အဓိက အကြွေစေ့နဲ့ထည့်ပြီး လောင်းကစားလုပ်လို့ရတဲ့ စက်တွေမှာ လူပိုစည်တယ်။ တချို့ (၁) ရက်တည်း ငွေသောင်းနဲ့ချီ ရှုံးတာတွေတောင် တွေ့ရတယ်” ဟု ပြောသည်။

၎င်း၏ ပြောပြချက်အရ (၃၆) ကောင် ဂျင်ဝိုင်းဆန်ဆန် တိရစ္ဆာန် အရုပ်လေးများကို လောင်းကြေးထပ်သည့် လောင်းကစားကို ကစားသူများကြောင်း သိရသည်။

၎င်းက “ကစားချင်တဲ့သူဟာ ပထမ အကြွေစေ့တွေကို အရင်လဲရတယ်။ ကျပ် (၁,ဝဝဝ) ကို အကြွေစေ့ (၁ဝ) စေ့ရတယ်။ ထိုးတဲ့သူတွေက တယောက်ကို တကြိမ်မှာ အကြွေစေ့ (၃ဝ-၄ဝ) ထိုးတယ်။ သူက ကိုယ်ထိုးထားတာ ပေါက်ရင် (၄-၅-၆) ဆ ကနေ အဆ (၂ဝ) အထိ စက်ကနေ အလျော်အစား လုပ်သွားပေးတယ်။ ရှုံးတယ်ဆို ကောင်တာမှာ အကြွေစေ့သွားဝယ်၊ ပြန်မယ်ဆိုရင် အကြွေစေ့တွေနဲ့ ငွေစက္ကူကို ပြန်လဲပေးတယ်။ တချို့ အကြွေစေ့ ရာနဲ့ချီ ကိုင်ပြီး လောင်းကစားလုပ်နေကြတာ တွေ့ရတယ်” ဟု ရှင်းပြသည်။

အဆိုပါ စီးတီးစင်တာသည် (၃) ထပ် အဆောက်အဦးကြီးဖြစ်ပြီး မြေညီထပ်တွင် စတိုးဆိုင်နှင့် ဖက်ရှင်ဆိုင်များကို ဟန်ပြသဘော ဖွင့်လှစ်ထားကာ ပထမထပ်၌ Generation-X အမည်ရ နိုက်ကလပ်ဖွင့်ထားပြီး အပေါ်ဆုံးထပ်တွင်မူ လောင်းကစားရုံ ဖွင့်လှစ်ထားသည်။

လောင်းကစားရုံ အဝင်ဝတွင် ကျောင်းသူကျောင်းသားများ ကျောင်းချိန်အတွင်း ကျောင်းဝတ်စုံ ဝတ်ပြီး မဝင်ရ ဆိုသည့် စာတန်း ရေးထိုးထားသော်လည်း ကျောင်းသူကျောင်းသားများ ဝင်ထွက်နေကြကြောင်း မျက်မြင်များက ပြောသည်။

အဆိုပါ လောင်းကစားရုံ ဖွင့်လှစ်လုပ်ကိုင်သူများက ၎င်းတို့၏ ကုမ္ပဏီအမည်ကို ထုတ်ဖော်ကြေညာခြင်း မပြုသော်လည်း မန်နေဂျင်းဒါရိုက်တာမှာ ဒေါက်တာသိန်းမြင့်ဖြစ်ကြောင်း သိရသည်။

နအဖစစ်အစိုးရသည် စီးပွားရေးအရ အချက်အခြာကျသည့် မြေနေရာ အဆောက်အဦးတို့ကို ၎င်းတို့နှင့် နီးစပ်သူများအား စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့် ပေးနေခဲ့ရာမှ ယခု စီးပွားရေးသမားများ မျက်စိအလွန်ကျသည့် မြို့လယ်ခေါင် လေဟာပြင်ဈေး မြေနေရာကို လောင်းကစားရုံနှင့် နိုက်ကလပ် ဖွင့်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

လောင်းကစားရုံတွင် ယခင်က မန်နေဂျာ လုပ်ခဲ့ဖူးပြီး ထောင်တနှစ်ကျခဲ့ဖူးသူတဦးက ယခု စီးတီးစင်တာတွင် လောင်းကစား လုပ်နေသည့် စက်များသည် စက်သစ်များ မဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီးဌာနက ဖမ်းဆီးသိမ်းယူထားသည့်စက်များ ဖြစ်သည်ဟု ကြားသိရကြောင်း ပြောသည်။