ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, June 24, 2010

ကရင်ပြည်နယ် မြ၀တီမြို့ရှိ ရွှေဆိုင် အနုကြမ်းစီးခံရ

ဘစောတင်
ကရင်ပြည်နယ် မြဝတီမြို့၌ ရွှေဆိုင် တဆိုင်ကို သေနတ် သမားများက အနုကြမ်းစီး သွားကြောင်း သတင်းရရှိသည်။

မြ၀တီမြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ “ကိုထွန်းအောင်၊ မရွှေသန်း” ရွှေဆိုင်ကို ယမန်နေ့ ညနေ ၅ နာရီခန့်တွင် အမည်မသိ သေနတ်သမား ၃ ဦး က ရွှေ ၅၀ ကျပ်သားခန့် (ကာလပေါက်ဈေး ကျပ်ငွေ သိန်း ၃၀၀ ဖိုးခန့်) ကို ဓားပြတိုက် သွားကြောင်း သိရသည်။

“ဆိုင်သိမ်းခါနီး ယောက်ျားတယောက်နဲ့ မိန်းမတယောက် ၀င်သွားတာတွေ့ လိုက်ရတယ်။ သိပ်မကြာခင်မှာပဲ ရုတ်ရုတ်သဲသဲ ဖြစ်ပြီးတော့ မိန်းကလေးက ဆိုင်ပြင်ဘက်ကို ထွက်လာတယ်။ ဆိုင်ကယ်ပေါ် တက်လိုက်ပြီး ခြောက်လုံးပြူးသေနတ်ကို မိုးပေါ် ၂ ချက် ထောင်ပစ်လိုက်တယ်” ဟု ရွှေဆိုင်နှင့် မျက်နှာချင်းဆိုင်ရှိ လက်ဖက်ရည်ဆိုင် ၀န်ထမ်းတဦးက ပြောသည်။

အနုကြမ်းစီးသူများမှာ ၃ ဦးဖြစ်ပြီး အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦး ဖြစ်ကြောင်း၊ အနုကြမ်းစီးသူများသည် အနက်ရောင်ဝတ်စုံများ ၀တ်ဆင်ထားကြပြီး မျက်နှာကို အ၀တ်ဖြင့် ဖုံးကွယ် စည်းနှောင်ထားကြောင်း သိရသည်။

“ရွှေဆိုင်ပိုင်ရှင် ကိုထွန်းအောင် မနေ့က စခန်းမှာ အမှုလာဖွင့်တယ်။ သူပြောပြတဲ့ ဖြစ်စဉ်အရ အနုကြမ်းစီး ဓားပြတိုက်မှု ဥပဒေ ၃၉၈ အရ တိုင်ချက်ဖွင့်ထားတယ်”ဟု မြဝတီမြို့မှ ရဲဝန်ထမ်းတဦးက ဆိုသည်။

အမျိုးသမီးနှင့် အမျိုးသားတဦးက ဆိုင်ခန်းထဲသို့ အရင် ၀င်လာပြီး အမျိုးသမီးက ဆိုင်ရှင်အမျိုးသမီးကို ပစ္စတိုဖြင့် ထောက်ထားကြောင်း၊ ထို့နောက် အတူပါလာသည့် အမျိုးသားက ဆိုင်ရှင် ကိုထွန်းအောင်ကို သေနတ်ဖြင့် ဆက်လက် ချိန်ရွယ်ခဲ့ကြောင်း၊ ကိုထွန်းအောင် ချိန်ရွယ်ခံထားရစဉ် အမျိုးသမီးက ရွှေထည်ပစ္စည်းထည့်ရာမှန်ပုံး ၂ ပုံးကို ပစ္စတိုဒင်ဖြင့် ရိုက်ခွဲကာ ရွှေများကို ယူဆောင်သွားကြောင်း အဆိုပါ ရဲဝန်ထမ်းက ဆက်လက်ပြောပြသည်။

အခင်းဖြစ်ပွားမှုကို ဗိုလ်ချုပ်လမ်းပေါ်ရှိ ဆိုက်ကားသမားများနှင့် ဆိုင်ကယ် ကယ်ရီသမားများက ကူညီရန် ၀ိုင်းအုံရောက်ရှိလာကြစဉ် အမျိုးသမီးက သေနတ်ပစ်ဖောက်ကာ ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

“အုံလာတဲ့လူတွေကို လန့်သွားအောင် ပစ္စတိုထုတ်ပြီး ၂ ချက်ဆင့် ပစ်ဖောက်လိုက်တယ်။ လာတဲ့လူတွေလည်း ရှေ့ဆက် မတက်ရဲတော့ဘူး။ ပြီးတော့ နောက်တယောက် ပြေးထွက်လာပြီး ဆိုင်ကယ်ကို ရုပ်ရှင်ထဲကလိုဘဲ ဒလကြမ်း မောင်းထွက်သွားတယ်” ဟု ဆိုက်ကားသမားတဦးက ဆိုသည်။

အနုကြမ်း စီးခံရပြီးနောက် မြ၀တီမြို့ အ၀င်အထွက်ဂိတ်များကို ပိုက်စိပ်တိုက် ရှာဖွေလျှက်ရှိသည်ဟု သိရသည်။

မြ၀တီမြို့သည် စစ်တပ်၊ ရဲ၊ လ၀က၊ အကောက်ခွန်၊ ငြိမ်းချမ်းရေးယူထားသည့် အဖွဲ့ဝင်များ၊ ဒုစရိုက်သမားများ ကျင်လည် ကျက်စားနေသော မြို့ဖြစ်ကြောင်း၊ မကြာခဏ လက်နက်ဖြင့် ခြိမ်းခြောက်မှုများလည်း ပေါ်ပေါက်လျှက်ရှိကြောင်း သိရသည်။

ရန်ကုန်တွင် တနေ့တည်း မီး (၃) ကြိမ်လောင်

တက်လူ
ရန်ကုန်မြို့တွင် ဇွန် (၂၂) ရက် နံနက် (၁၁) နာရီခွဲခန့်မှ ညပိုင်း (၇) နာရီခွဲခန့်ကြား တရက်အတွင်း မီးလောင်မှု သုံးကြိမ်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက ပြောသည်။

ရန်ကုန်မြို့ စမ်းချောင်း ၊ ဗဟန်းနှင့် အင်းစိန်မြို့နယ် (၃) ခုတို့တွင် မီးလောင်မှုများ ဖြစ်ပေါ်ခဲ့သည်။

နံနက် (၁၁) နာရီ (၃၀) မိနစ်ခန့်က စမ်းချောင်းမြို့နယ် ဦးဝိစာရလမ်းပေါ်တွင် ကိုအောင်ကျော်ဦး မောင်းနှင် လာသော ဘ/၁၁၄၈ ပါပလစ်ကာ အဖြူရောင်ကားမှာ ဘက်ထရီခေါင်း လူး(စ်) ဖြစ်ရာမှ မီးလောင်ကျွမ်းခဲ့သဖြင့် မီးသတ်ကားတစီးက သွားရောက် ငြိမ်းသတ်ခဲ့ရသည်။ မီးလောင်မှုကြောင့် ကားပိုင်ရှင်ကို စမ်းချောင်းမြို့ နယ်ရဲစခန်းက အရေးယူထားသည်။

ယင်းနေ့ နံနက် (၁၁) နာရီ မိနစ် (၄၀) ခန့်တွင် ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ပုလဲကွန်ဒို၊ တိုက်(ဘီ) ပိုင်ရှင် ဦးစိုင်းသန်းအောင်ပိုင် အခန်းအမှတ် (၇၀၇) တွင်လည်း တရုတ်မီးစက် မောင်းနှင်ထားရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ အခန်းတွင်ရှိနေသူ ကိုဇော်မင်းထွန်းအား မီးလောင်မှုကြောင့် အရေးယူထားကြောင်း ဗဟန်းမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲတဦးက ပြောသည်။

မျက်မြင်သူတဦးက “မီးစက်က တရုတ်လုပ်မီးစက်ဆိုတော့ ခံနိုင်အားမရှိဘူး။ အခု ဒီအခန်းမှာ ရုံးခန်းတခု ဖွင့်မလို့ဆိုပြီး လုပ်နေတာ မကြာသေးဘူး။ အလုပ်လုပ်သူတွေအတွက်တော့ မီးစက်က လိုကိုလိုတယ်လေ” ဟု ပြောသည်။

မီးလောင်မှုကြောင့် မီးစက်နှင့်အတူ အိမ်တံခါးအချို့ မီးထဲပါသွားကြောင်း သိရသည်။ မီးလောင်မှု ဖြစ်ပွားရာသို့ မီးသတ်ကား (၆) စီးနှင့် ထောက်ကူပြုယာဉ် (၁) စီး သွားရောက် ငြိမ်းသတ်ခဲ့ရကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနအရာရှိက ပြောသည်။

ယင်းနေ့ ည (၇) နာရီ ခွဲခန့်တွင် အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် ဦးခင်ဇော်ပိုင်သော (လှိုင်) အမည်ရှိ စားသောက်ဆိုင်တွင်လည်း မီးစက်ဆီဖြည့်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုကြောင့် အနီးရှိ ခုံအချို့ မီးလောင်ကျွမ်းသွားကြောင်း၊ ဆိုင်ဝန်ထမ်းကို အရေးယူထားကြောင်း အင်းစိန်မြို့နယ် တာဝန်ကျ ရဲအရာထမ်းတဦးက ပြောသည်။

မီးလောင်မှု ဖြစ်စဉ်နေရာသို့ မီးသတ်ကား (၄) စီး သွားခဲ့ရကြောင်း၊ တနေ့တည်း မီးလောင်မှု (၃) ကြိမ်ဖြစ်ပွားခဲ့သော်လည်း ဆုံးရှုံးမှုမများကြောင်း ရန်ကုန်တိုင်း မီးသတ်အရာရှိက ပြောသည်။

ဖြစ်ပွားမှုများတွင် မီးစက်အသုံးပြုမှု (၂) ခုပါဝင်ပြီး ရန်ကုန်တွင် မီးလာနေသည် ဆိုသော်လည်း ယခုအချိန်ထိ မီးစက်များကို အသုံးပြုနေရဆဲဖြစ်သည်။

Tuesday, June 22, 2010

အသုံး မလိုသော ကွန်ပျူတာများ လှူဒါန်း နိုင်ရန် Myanmar ING မှ စီစဉ်


ပျက်စီး နေသော ကွန်ပျူတာများ၊ အသုံး မလိုသည့် ရုံးလုပ်ငန်းသုံး ကွန်ပျူတာ များ၊ အိမ်သုံး ကွန်ပျူတာ များကို ပြန်လည် ပြုပြင် တပ်ဆင်၍ ဆင်ခြေဖုန်း ရပ်ကွက်ရှိ အလယ်တန်း စာသင် ကျောင်းများသို့ သွားရောက် လှူဒါန်း နိုင်ရန် Myanmar ING Group မှ အကောင် အထည်ဖော် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

“အစီအစဉ် ကတော့ အခုမှ သုံးပတ်ပဲ ရှိပါ သေးတယ်။ မသုံးဘဲ ဖယ်ထားတဲ့ ကွန်ပျူတာတွေ၊ ပျက်နေတဲ့ ကွန်ပျူတာ တွေကို နှစ်လုံး တစ်လုံး ပေါင်းပြီး အကောင်း ပကတိ ဖြစ်အောင် ပြင်ဆင်ပြီးမှ လှူမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး အနေနဲ့ ရန်ကုန် မှာပဲ လှူဖြစ် မှာပါ။ ကွန်ပျူတာ တစ်စုံ ပြည့်တိုင်း ပြည့်တိုင်း သွားလှူ မှာပါ။ အလှူခံ လိုတဲ့ စာသင်ကျောင်းတွေ အနေ နဲ့လည်း ကျွန်တော်တို့ အဖွဲ့ကို ဆက်သွယ် နိုင်ပါတယ်။

နယ်ဘက်က ဆက်သွယ်ရ င်လည်း ကျွန်တော်တို့ အနေနဲ့ မှတ်သားထား မှာပါ။ နယ်ဘက် တွေလည်း လှူဖို့ အစီ အစဉ် ရှိပါတယ်” ဟု Myanmar ING Group မှ ကိုရဲမင်းသွင်က ပြောသည်။

လှူဒါန်းလို သူများ အနေဖြင့် ၎င်းတို့ထံသို့ ဆက်သွယ်နိုင် သလို၊ လိုအပ်သော စာသင်ကျောင်းများ အနေ ဖြင့်လည်း ၎င်းတို့နှင့် ဆက်သွယ် နိုင်ကြောင်း သိရသည်။ Myanmar ING Group သည် ၂၀၀၈ ခုနှစ်မှ စတင် ဖွဲ့စည်း ခဲ့သော နည်းပညာနှင့် ပတ်သက်သည့် ဆွေးနွေး ပွဲများ စာတမ်း ဖတ်ပွဲများ၊ လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိသော အဖွဲ့ဖြစ်ကြောင်း အင်တာနက်ဂျာနယ်တွင် ဖော်ပြထားသည် Myanmar ING Group အကြောင်း အသေးစိတ် အချက် အလက် များကို သိရှိလိုပါကလည်း http://www.myanmaring.asia တွင် ၀င်ရောက် ကြည့်ရှုနိုင် ပါသည်။

ရန်ကုန် - ကွာလာလမ်ပူ ကျပ် တစ်သောင်း ခန့်ဖြင့် Air Asia ပျံသန်း မည်


ဈေးသက်သာ လေကြောင်းလိုင်း တစ်ခု ဖြစ်သည့် Air Asia လေကြောင်း လိုင်းသည် ရန်ကုန် - ကွာလာလမ်ပူ ခရီးစဉ် တစ်ကြောင်း သွား (One Way) ကို မလေးရှားငွေ ၂၉ ရင်းဂစ် (မြန်မာငွေကျပ် တစ်သောင်း ဝန်းကျင်) ဖြင့် ဇူလိုင် လတွင် စတင် ပျံသန်း မည် ဖြစ် ကြောင်း ယင်း လေကြောင်းလိုင်းက သတင်း ထုတ်ပြန်သည်။

ယင်း ခရီးစဉ်ကို ဇူလိုင်လ ၂၀ မှ ၂၀၁၁ ခုနှစ် မေလ ၈ ရက်နေ့ အထိ အထက်ပါ အထူး ဈေးနှုန်းဖြင့် နေ့စဉ် ပျံသန်းမည် ဖြစ်ပြီး လက်မှတ် ကြိုတင် ဝယ်ယူ နိုင်သော ကာလမှာ ဇွန်လ ၁၄ ရက်မှ ၂၀ ရက်နေ့ အထိ ဖြစ်ကြောင်း အထက်ပါ လေကြောင်းလိုင်း၏ Website တွင် ဖော်ပြထားသည်။


Website မှာ အခြေခံ ဈေးနှုန်း ဖော်ပြထားတာ ကိုးဒေါ်လာ (အမေရိကန် ဒေါ်လာ) ပဲဗျ၊ ဒါပေမဲ့ ကွာလာဘက်က Tax တွေ၊ Fuel ကြေးတွေ ပါရင် ၅၀၊ ၆၀ (အမေရိကန် ဒေါ်လာ) လောက်တော့ ရှိမယ် ထင်တယ်ဟု လေယာဉ် လက်မှတ် အရောင်း ကိုယ်စားလှယ် လုပ်ငန်း တစ်ခု ဖြစ်သည့် Vega မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အရောင်း မြှင့်တင်ရေး ကာလ အတွင်း ထိုင်ခုံ အရေအတွက် အကန့်အသတ် ရှိပြီး www.asia.com တွင်လည်း ဝယ်ယူ နိုင်ကြောင်း သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ကမ္ဘာတစ်ဝန်းမှ ခရီးသည် များသည် မြန်မာနိုင်ငံကို လာဖို့ အတွက် ဈေးသက်သာတဲ့ လမ်းကြောင်း ဖြစ်တဲ့ ကွာလာလမ်ပူကို တစ်ဆင့်ခံ အနေနဲ့ ရွေးလာကြတယ်ဟု Air Asia ဒေသဆိုင်ရာ အကြီးအကဲ Kathleen Tan ၏ ပြောဆို မှုကို ကိုးကား၍ မလေးရှား အစိုးရပိုင် Barnama သတင်းတွင် ဖော်ပြထားသည်။


ယင်းခရီးစဉ်အတွက် ခရီးသည် ၁၈၀ ဆံ့ Airbus အမျိုး အစားဖြင့် ပြေးဆွဲ ပေးမည်ဟု Air Asia က ဆိုသည်။ လတ် တလောတွင် ရန်ကုန် - ကွာလာလမ်ပူ တိုက်ရိုက် လေယာဉ် လက်မှတ်များ ဝယ်ယူရ ခက်ခဲသဖြင့် မလေးရှား နိုင်ငံသို့ သွားရောက်မည့် သူများ ရက်ကြာ စောင့်ဆိုင်းရမှု နှင့် လေယာဉ် နှစ်ဆင့် စီးနင်း ရမှုများ ဖြစ်ပေါ် နေကြောင်း ပြည်ပ အလုပ် အကိုင် ရှာဖွေရေး လုပ်ငန်း တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

Air Asia ဝင်လာတာ အချိန်ကောင်း ဖြစ်နေတယ်ဟု ၄င်းက ဆိုသည်။ ရန်ကုန် - မလေးရှား တိုက်ရိုက် လေကြောင်း လိုင်းသည် လေယာဉ် လက်မှတ် အနေ အထားမှာ ကျပ်နေသည်ဟု ဆိုနိုင်ကြောင်း၊ အချို့ ရက်များ ရနိုင်သော်လည်း ရက် အများ စုမှာ မရနိုင်ကြောင်း၊ တစ်ဆင့် လက်မှတ် ဆိုလျှင် အဆင်ပြေ နိုင်ကြောင်း ရန်ကုန် အခြေစိုက် လေယာဉ် လက်မှတ် အရောင်း ကိုယ်စားလှယ် ကုမ္ပဏီများ ထံမှ စုံစမ်း သိရှိရသည်။

ရန်ကုန်-ကွာလာလမ်ပူ လေယာဉ် လက်မှတ် ဈေးနှုန်းများမှာ အနိမ့်ဆုံး အမေရိကန် ဒေါ်လာ ၂၀ဝ အထက် ရှိကြောင်း လေကြောင်းလိုင်းများ ထံမှ စုံစမ်း သိရှိရကြောင်း The Voice ဂျာနယ်တွင် ဖော်ပြ ထားသည်။

မြန်ပြည်သားတွေ လုံချည် ဝတ်ပြီး လာအို ဝန်ကြီးချုပ်ကို ကြိုဆို


လာအို ဝန်ကြီးချုပ်ကို အသင့်အနေအထားဖြင့် ကြိုဆိုနေကြသည် (ဓာတ်ပုံ - ဧရာဝတီ)


ဇွန်လ ၂၁ ရက်နေ့က လာအို ဝန်ကြီးချုပ် မစ္စတာ ဘိုဝါဆွန်ဘုဖာဝမ်းအားပုံပါအတိုင်း ဝတ်ဆင်ကာ ကြိုဆိုနေကြခြင်း ဖြစ်သည်။

ဝတ်ဆင်ထားသည့် ချိတ်လုံချည် အဆင်များသည် မြန်မာပြည်၌ မင်္ဂလာဆောင်ချိန်တွင် သတို့သား၊ ရှင်ပြုချိန်တွင် မောင်ရှင်လောင်း၊ ဇာတ်ကနေသည့် ဇာတ်မင်းသားတို့မှ တပါး တခြား ပွဲလမ်းသဘင်များ၌ ဝတ်ဆင်သည်ကို မြင်ရခဲလှသည်။

Thursday, June 17, 2010

(၅) သိန်းတန် ကတ်ဖုန်း အလုံးရေ (၁) သိန်း နေ့ချင်းပြီး လျှောက်ထားရယူနိုင်


အောင်ထက်

800 MHz အမျိုးအစား (၅) သိန်းတန် ကတ်ဖုန်း အလုံးရေ (၁) သိန်းကို လာမည့် ဇွန် (၂၁) ရက်မှ စတင်၍ ရန်ကုန်တမြို့လုံးသို့ အငှားချထားပေးမည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ သိရသည်။

အဆိုပါဌာနမှ အကြီးတန်းအရာရှိတဦးက “ဓာတ်ပုံ (၃) ပုံ၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ဆက်သွယ်ရေးသို့ ပေးသွင်းရန် ကျပ် (၅) သိန်း၊ သုံးစွဲလိုတဲ့ ယူနစ်ကတ်တန်ဖိုး (၁၀,၀၀၀၊ ၃၀,၀၀၀၊ ၅၀,၀၀၀ ကျပ်) ဒါတွေ လိုအပ်ပါတယ်” ဟု ပြောသည်။

လျှောက်လွှာများကို ဗဟိုစာတိုက်ကြီး၊ ပန်းဆိုးတန်း ကြိုးမဲ့ကြေးနန်းရုံး အပါအ၀င် စာတိုက် (၄) ခုနှင့် လမ်း (၄၀) မြန်မာ့ဆက်သွယ်ရေးတို့တွင် လက်ခံပြီး တယ်လီဖုန်းငှားရမ်း သုံးစွဲခွင့်ကို နေ့ချင်းပြီး လျှောက်ထားရယူနိုင်သည်ဟု သိရသည်။

အဆိုပါ (၅) သိန်းတန် MPT ကတ်ဖုန်းသည် သတ်မှတ်မြို့နယ်အတွင်း အထိုင်ဖုန်းအဖြစ် အငှားချထားပေးသော်လည်း မြို့နယ်အတော်များများသို့ နယ်ကျော်သယ်ဆောင်ကာ ဆက်သွယ်သုံးစွဲ၍ ရသည်ဟု အချို့က ဆိုသည်။

ထိုဖုန်းရရှိထားသူတဦးက “မယက က တဆင့်လျှောက်တာ။ တလကျော်အကြာ တယ်လီဖုန်းရရှိကြောင်း အကြောင်းကြားတယ်။ ဒါနဲ့ လမ်း (၄၀) ရုံးမှာ အချက်အလက်ဖြည့်၊ ဖုန်းပိုင်ဆိုင်ခွင့် ပရီမီယံ စာချုပ်၊ ဘဏ် (၂) မှာ ငွေသွင်း၊ လမ်း (၄၀) ရုံးမှာ ချလန်ပြန်ယူ၊ ပန်းဆိုးတန်းကြေးနန်းရုံးမှာ MPT ကတ်သွားထုတ်ရတယ်” ဟု ရှင်းပြသည်။

သို့သော် မယက၊ ရယက တို့မှတဆင့် လျှောက်လွှာခေါ်ယူခြင်းကို ဆိုင်းငံ့လိုက်သည်မှာ (၃) လခန့်ရှိနေပြီဖြစ်ကြောင်း၊ မည်သည့်အတွက်ကြောင့် ဆိုင်းငံ့သည်ကို မသိရကြောင်း ဆက်သွယ်ရေးရေးမှ စုံစမ်းသိရသည်။

တယ်လီဖုန်းအရောင်းအ၀ယ် ပွဲစားတဦးကမူ “အရောင်းအ၀ယ်က ခုထိ ရှိနေပါတယ်။ လတ်တလော အမြတ် (၅) သောင်းခွဲ ပေးပါတယ်။ ဖုန်းအလုံးရေ (၁၀) သိန်း ခုလို နေ့ချင်းပြီး ချပေးမယ်ဆိုရင်တော့ အမြတ်ပေးဝယ်နေရတဲ့ အခြေအနေ ရပ်ဆိုင်းသွားနိုင်ပါတယ်” ဟု ပြောသည်။

(၅) သိန်းတန်ဖုန်းသည် တန်ဖိုးနည်းပေးသွင်းငွေနှင့် ဆက်သွယ်အသုံးပြု၍ ရရှိနေခြင်းကြောင့် လတ်တလော လူကြိုက်များလျက်ရှိသည်။

အက်ဖ်အီးစီ (၂၀) တန်၊ (၅၀) တန်နှင့် ယခုကဲ့သို့ 800 MHz ဖုန်းဝန်ဆောင်မှုအရပ်ရပ်ကို E Lite Tech ကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့မှ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခြင်းဖြစ်သည်။

“(၅) သိန်းတန် ကတ်ဖုန်းတွေကို ရန်ကုန်တမြို့လုံး သယ်ဆောင်နိုင်ပြီး နယ်မြေအကန့်အသတ်မရှိ သုံးစွဲလို့ရအောင် ဆောင်ရွက်နေပါတယ်။ မကြာခင် အဆင်ပြေတော့မှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးတာဝန်ရှိသူတဦးက ပြောသည်။

ငွေထုတ်ရ လွယ်ပြီး အကန့် အသတ်မရှိ ထုတ်ယူ နိုင်သည့် Online Smart Card မြန်မာ့ စီးပွားရေး ဘဏ်ကြီး ခုနစ်ခုတွင် စတင် အသုံးပြု




သက်တမ်း သုံးနှစ် အသုံးပြု နိုင်သည့် မြန်မာ့ စီးပွားရေး ဘဏ်၏ Online Smart Card ဖြင့် ငွေကြေး ၀န်ဆောင်မှု လုပ်ငန်း များအား မြန်မာ နိုင်ငံရှိ ဘဏ်ကြီး ခုနစ်ဘဏ် တွင် စတင် အသုံးပြု နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်း Online Smart Card ဖြင့် ငွေကြေး ၀န်ဆောင်မှု လုပ်ငန်း များအား နေပြည်တော် ဘဏ်ခွဲ၊ ရန်ကုန်မြို့ ဘဏ်ခွဲ(၁) ၊ ဘဏ်ခွဲ(၂)၊ ဘဏ်ခွဲ(၅) ၊ ငွေစုဘဏ်ခွဲ(၃) ၊ မန္တလေး ဘဏ်ခွဲ(၁) နှင့် ဘဏ်ခွဲ(၂) တို့တွင် စတင် အသုံးပြု နိုင်ပြီ ဖြစ်ကြောင်း ဘဏ္ဍာရေး နှင့် အခွန် ၀န်ကြီး ဌာန၊ မြန်မာ့စီးပွားရေး ဘဏ်၏ ထုတ်ပြန်ချက်များ အရ သိရသည်။ Online Smart Card အသုံးပြု ရာတွင် မြန်မာ့ စီးပွားရေး ဘဏ်၌ စာရင်းရှင် စာရင်း (သို့) ငွေစုဘဏ် စာရင်း တစ်ခုခု ဖွင့်လှစ် ထားသူ ဖြစ်ရမည် ဖြစ်ပြီး Online Account စာရင်း စတင်ဖွင့်လှစ် ရခြင်း အတွက် အနည်းဆုံး ငွေသား ဆယ်သိန်းဖြင့် ဖွင့်လှစ် ရမည် ဖြစ်ကြောင်း သိရသည်။ Online Account ဖွင့်လှစ်ပြီး ပါက Online Smart Card တစ်ခု နှင့် Online ငွေမှတ် စာအုပ် Online Pass book စာအုပ် တို့ကို ထုတ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။



ငွေထုတ် ငွေသွင်း ပြုရာ တွင်လည်း Online Account တွင် ကျပ်သောင်း ဂဏန်း အလီလီဖြင့် အကန့် အသတ် မရှိ ငွေသွင်း ငွေထုတ် ပြုလုပ် နိုင်ကြောင်း သိရသည်။ အဆိုပါ Online Account အသုံးပြုပြီး ငွေထုတ်၊ ငွေပေးခြင်းများ အတွက် ငွေလွှဲ ခတွင် တစ်ရာ ကျပ်လျှင် ဆယ်ပြားနှုန်း သုည ဒသမ တစ်ရာ ခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ “ဒီစနစ် အသုံးပြုပြီး ဒေသ တစ်ခုခုသို့ ငွေကြေး အမြောက် အများ သယ်ဆောင် ရသည့် ဒုက္ခမှ ကင်းဝေးမှာ ဖြစ်ပါတယ်။ ဒီကတ်နဲ့ မိမိစာရင်း ဖွင့်ထားတဲ့ ဘဏ်နှင့် ဆက်သွယ် ထားတဲ့ Online ဘဏ်ခွဲကြီး တွေမှာ လိုတဲ့ ငွေကို ထုတ်ယူနိုင် ပါတယ်။ ကတ်ကို ပြုလုပ်တဲ့ နေရာမှာ မိမိဘဏ် စာရင်း သွင်းထားတဲ့ ဘဏ်မှာ သာ ပြုလုပ် ရမှာ ဖြစ်ပြီး ထုတ်ယူတဲ့ နေရာတော့ တခြား သတ်မှတ် ထားတဲ့ ဘဏ်တွေ မှာပါ ထုတ်ယူ နိုင်ပြီး အခက် အခဲတော့ မရှိပါဘူး။ ပို အဆင်ပြေ နိုင်ပါတယ်” ဟု ငွေစုဘဏ်ခွဲ (၃) မှ ဘဏ်ဝန်ထမ်း တစ်ဦးမှ ပြောသည်။ ကတ် ပျောက်ဆုံး ပါက သက်ဆိုင်ရာ ဘဏ်သို့ တရားဝင် အကြောင်းကြား ပါက ကတ်အစားထိုး ပြန်လည် ထုတ်ပေးမည် ဖြစ်ကြောင်း ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီး ဌာန မြန်မာ့ စီးပွားရေး ဘဏ်၏ တရားဝင် ထုတ်ပြန် ချက်များ အရ သိရကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထား ပါသည်။

ဇွန်၂၆ ရက် ညနေ ၆ နာရီမှာ လစန္ဒာ တစ်စိတ် တစ်ပိုင်း ကြတ်မည်


လာမည့် ၂၀၁၀ ခုနှစ် ဇွန်၂၁ ရက်နေ့ မြန်မာ စံတော်ချိန် နံနက် ၅ နာရီ၂၇ မိနစ် အချိန် ၌ နေနှင့် ကမ္ဘာ၏ အကွာအဝေး မိုင် ၉၅ သန်းခန့်တွင် နှစ်စဉ် ပုံမှန် တစ်ကြိမ် (သို့) နှစ်ကြိမ် ဖြစ်ပေါ် တတ်သည့် နဂါးငွေ့တန်း ဗဟိုချက် ဂလက်စီ နှင့် တစ်တန်းတည်း ကျရောက်မည်။ ထို ကာလတွင် ကမ္ဘာ၌ နေ့တာ ရှည်သော ကာလ အပိုင်း အခြားများ ရောက်ရှိ နိုင်ကြောင်း မြန်မာနိုင်ငံ နက္ခတ် ပညာရှင်များ အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးဇေယျာကို က နက္ခတ္တဗေဒအရ တွက်ချက် ရရှိမှုကို ဇွန် ၄ ရက်၌ ထုတ်ဖော် ပြောကြားလိုက် သည်။ ပထမ ဖြစ်စဉ် အနေဖြင့် ဇွန်လတွင် ဖြစ်ပေါ်ပြီး အင်္ဂလိပ် အခေါ် အဝေါ် အရ (Summer Solstice) နှင့် ဒုတိယ အကြိမ် အနေဖြင့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့တွင် ဖြစ်ပေါ်မည် ဖြစ်ပြီး အင်္ဂလိပ် အခေါ် အဝေါ်အရ (Winter Solstice) ဟု ခေါ်ဆိုကြောင်း သိရသည်။

ထို့ပြင်၂၀၁၀ ခုနှစ် ဇွန် ၂၆ ရက် မြန်မာ စံတော်ချိန် ၄ နာရီ ၁၇ မိနစ် အချိန်တွင် လတစ်စိတ် တစ်ပိုင်း ကြတ်မည် ဖြစ်ကြောင်း သိရသည်။ လကြတ်မှု ၏ ဖမ်းလယ် ဖြစ်စဉ် ကို အကောင်းဆုံး တွေ့မြင်ရမည့် အနေ အထားမှာ မြန်မာ လထွက်ချိန် ညနေ ၆ နာရီ ၁၁ မိနစ်တွင် စတင်၍ ညနေ ၆ နာရီ ၅၈ မိနစ် တွင် ပြီးဆုံးမည်။ မြန်မာနိုင်ငံ အနေဖြင့် ရာသီဥတု ကောင်းမွန် ပါက ၄၅ မိနစ်ခန့် တွေ့မြင်နိုင်မည် ဆိုသည်။ အရှေ့ အာရှ၊ ဩစတြေးလျ၊ အနောက် အမေရိကန်၊ ပိစိဖိတ်ဒေသ များတွင် တွေ့မြင် နိုင်မည်။ မြန်မာနိုင်ငံ နက္ခတ် ပညာရှင်များ အဖွဲ့ အနေဖြင့် နေကြတ်၊ လကြတ်မှု ဖြစ်စဉ်များ အပေါ် လကြတ်မှုအား ဟောကိန်း ထုတ်ပြန်လေ့ မရှိကြောင်း နှင့် ၄င်း လကြတ် မှုကို နေမှ တွေ့မြင်နိုင် သောကြောင့် နေကြတ်မှု ဖြစ်စဉ်များ အပေါ်၌သာ နက္ခတ်ပိုင်း ဆိုင်ရာ ဟောကိန်းများ ထုတ်ပြန် ကြသည်ဟု သိရကြောင်း Favourite News Journal တွင် ဖော်ပြထားသည်။

မြန်မာအင်ဖိုတက်ခ် (Myanmar Information and Communication Technology Part – MICT) မီးလောင်ကျွမ်းနေမှု


စစ်ရဟတ်ယာဉ်ပျက်ကျ ၄ ဦးသေ

ကျော်ခ
စစ်ဘက်ရဟတ်ယာဉ်တစီး ယမန်နေ့က ရှမ်းပြည်နယ်အတွင်း ပျက်ကျ၍ အရာရှိများအပါအဝင် စစ်သား ၄ ဦးသေဆုံးပြီး ၁ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

အမ်အိုင်-၂ အမျိုးအစား ရဟတ်ယာဉ်သည် ရှမ်းပြည်နယ် ပင်းတယမြို့ပြင်တွင် ဗုဒ္ဓဟူးနေ့လည်က တောင်ကိုဝင်တိုက်မိရာမှ ပျက်ကျမှုဖြစ်ကာ လိုက်ပါသွားသော ဗိုလ်မှူးကျော်ကျော်ဝင်း၊ ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ဦးနှင့် တပ်ကြပ်တဦးတို့ သေဆုံးသွားပြီး ဗိုလ်အဆင့်ရှိသူတဦး ဒဏ်ရာပြင်းထန်စွာရ၍ အောင်ပန်းဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း လေတပ်သတင်းရပ်ကွက်က ပြောသည်။

ဗိုလ်မှူးကျော်ကျော်ဝင်းမှာ နမ့်ဆန်လေတပ်စခန်းတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

လေ့ကျင့်ရေးလုပ်နေချိန်တွင် ရာသီဥတုဆိုးဝါးမှုကြောင့် တောင်ကိုဝင်တိုက်ခြင်း ဖြစ်သည်ဟု ရဲဘက်သတင်းရပ်ကွက်တခုကလည်း ပြောသည်။

ပျက်ကျသွားသော ရဟတ်ယာဉ်သည် မိတ္တီလာလေတပ်စခန်းမှ ဇွန် ၁၅ ရက်နေ့တွင် ပျံသန်းလာပြီး နမ့်ဆန်လေတပ်စခန်းတွင် တညအိပ်ခဲ့သည်။ နောက်တရက်တွင် အခြား ရဟတ်ယာဉ်တစီးနှင့်အတူ ပျံတက်သွားခဲ့ရာက တစင်းပျက်ကျခြင်းဖြစ်သည်ဟု လေတပ်သတင်းရပ်ကွက်က ပြောသည်။

မြန်မာလေတပ်သည် Mil Mi-2 အမျိုးအစား ရဟတ်ယာဉ်သေး ၂၂ စီးကို ပိုလန်နိုင်ငံမှ ၁၉၉ဝ- ၁၉၉၂ ခုနှစ်အတွင်း ဝယ်ယူခဲ့သည်။

ယခုနှစ်ဆန်းပိုင်းက တရုတ်ထုတ် အက်ဖ်-၇ အမျိုးအစား တိုက်လေယာဉ်တစီး ရန်ကုန် မင်္ဂလာဒုံလေဆိပ်တွင် ပျက်ကျရာ မောင်းသူသေဆုံးမှု ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့်မောင်တောမြို့နယ် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြို၍ လူ ၄၆ ဦး သေဆုံး

ငြိမ်းချမ်း၊ ဆုမြ
ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့်မောင်တောမြို့နယ် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုများနှင့် ရေကြီးကာ လူ၄၆ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားကြောင်း မြန်မာ့ရုပ်မြင်သံကြားက ယနေ့သတင်းထုတ်လွှင့်သွားသည်။

နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းက ” မြေပြို၍ မောင်တောမြို့နယ်တွင် ၂၈ ယောက်သေဆုံးပြီး ဘူးသီးတောင်မြို့နယ်တွင် ၁၈ ယောက်သေဆုံးပြီး လေးဦးဒဏ်ရရသွားခဲ့သည်” ဟု ပါရှိသည်။

ဇွန်လ ၁၄ ရက်နေ့ညဘက်မှစတင်ကာ အဆက်မပြတ်ရွာသွန်းသော မိုးသည် တနေ့လျှင် မိုးရေချိန်လက်မ ၃၄ စင်တီမီတာ ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒဌာနက ထုတ်ပြန်ထားသည်။

ဘူးသီးတောင်မြို့တွင် ရပ်ကွက် ၇ ခုရှိသည့်အနက် ရပ်ကွက် ၅ မှ လူနေအိမ်တချို့သာ ရေလွတ်ခဲ့ပြီး ကျန် ရပ်ကွက်များမှ ရေလွမ်းမိုးမှုခံလိုက်ရကြောင်းနှင့် ခုလောလောဆယ် ရေဘေးဒုက္ခသည် ၂ဝဝ ကျော်လောက်ကို အထက ၁ ကျောင်းတွင်း ထားရှိသည်ဟု ဘူးသီးတောင်မြို့မှ ကျောင်းဆရာမ တဦးက ပြောသည်။

မောင်တောမြို့တွင် ယမန်နေ့ည ၉ နာရီခန့်တွင် ရေကျစပြုပြီး ဘူးသီးတောင်မြို့တွင်တော့ ယခုထိ ရေမကျသေးကြောင်းနှင့် မိုးဆက်လက်ရွာသွန်းနေပြီး ဒေသခံများက ပြောသည်။

ရန်ကုန်မှပေးပို့သော ရိုက်တာသတင်းတရပ်တွင် မြောက်ဦးနှင့် ကျောက်တော်မြို့များတွင်လည်း ရေကြီးမှုဖြစ်ပြီး တံတားသုံးစင်း ရေမျောပျက်စီးသွားသည်ဟု ပါရှိသည်။

ရေကြီးမှုကြောင့် ယမန်နေ့ကစပြီး စစ်တွေ-ဘူးသီးတောင်ပြေဆွဲနေသော သင်္ဘောများ ရပ်နားထားရသည်။

Tuesday, June 15, 2010

ရှေ့လဆန်းတွင် တရားမဝင်ဆိုင်ကယ်များကို သိမ်းတော့မည်


လင်းနိုင်ဦး
လိုင်စင်မဲ့ ဆိုင်ကယ်များ လိုင်စင်ပြုလုပ်ပေးနေခြင်းကို လာမည့် ဇွန် (၃ဝ) ရက်နေ့အထိ ခွင့်ပြုသွားမည်ဖြစ်ပြီး ဇူလိုင် (၁) ရက်တွင် စတင်ဖမ်းဆီး အရေးယူတော့မည်ဖြစ်ကြောင်း မော်လမြိုင်မြို့ ကညနရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “အခု လပိုင်း ဆိုင်ကယ်မူလ တန်ဖိုးရဲ့ (၂ဝ) ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ကောက်ပြီး လိုင်စင်လုပ်ပေးနေတယ်။ ဆိုတော့ (၁၂၅) စီစီ ထိုင်းနိုင်ငံလုပ် ၂ဝ၁ဝ မော်ဒယ် (၁) စီး လိုင်စင်လုပ်ရင် ကျပ် (၇) သိန်းကျော် ကုန်မယ်။ အဲဒါ ဒီလ ကုန်အထိပဲ၊ လကုန်တာနဲ့ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို တပြည်လုံးမှာ ဖမ်းမယ်၊ ဖမ်းပြီးရင် ဆိုင်ကယ်ကို နိုင်ငံပိုင်အဖြစ် သိမ်းယူမယ်” ဟု ပြောသည်။

ဆိုင်ကယ်ကို နိုင်ငံပိုင်သိမ်းယူမည်ဆိုသော်လည်း ပိုင်ရှင်က ပြန်လည်ရယူလိုပါက လျှောက်ထားနိုင်ပြီး ဆိုင်ကယ်မူလတန်ဖိုး (၁ဝဝ) ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမည်ဖြစ်ကာ ကျန် အခွန်အခ၊ လိုင်စင်ကြေးများကိုလည်း ပေးဆောင်ရမည် ဖြစ်ကြောင်း၊ ဖမ်းဆီးခံ ထိုင်းနိုင်ငံလုပ် ဆိုင်ကယ်တစီးကို ပြန်ရွေးပါက ကျပ်သိန်း (၂ဝ) နီးပါး ကုန်ကျနိုင်သည့်အတွက် အပြီးအပိုင် သိမ်းသည့်သဘောဖြစ်ကြောင်း အဆိုပါ ကညနရုံးမှ တာဝန်ရှိသူက ရှင်းပြသည်။

စစ်အစိုးရသည် ပြီးခဲ့သည့် ၂ဝဝ၉ ဒီဇင်ဘာ (၁) ရက်မှစ၍ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်မှလွဲပြီး တနိုင်ငံလုံးရှိ လိုင်စင်မဲ့ ဆိုင်ကယ်များကို တရားဝင် လိုင်စင် ပြုလုပ်ပေးခဲ့သည်။ စတင် ပြုလုပ်ပေးပေးချင်း ဆိုင်ကယ်တန်ဖိုး၏ (၁ဝ) ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် သတ်မှတ်ကာ ကျန် အခွန်အခများကိုလည်း ပေါင်းစပ်ကောက်ခံခဲ့သည်။

ယခုကဲ့သို့ သတ်မှတ်လိုက်သည့်အတွက် ယင်းအချိန်က လိုင်စင်ပြုလုပ်ခ (၁၂၅) စီစီ နောက်ဆုံးပေါ် တရုတ်ပြည်လုပ် ဆိုင်ကယ် (၁) စီး (၁၉၃,၁ဝဝ) ကျပ်၊ ထိုင်းနိုင်ငံလုပ် ဆိုင်ကယ် (၁) စီး ကျပ် (၆၄၆,၈၅ဝ) ကုန်ကျကြောင်း၊ နောက်ပိုင်း ဒဏ်ကြေးကို (၂ဝ) ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်သည့်အတွက် တရုတ်ဆိုင်ကယ် (၁) စီး လိုင်စင်ဝင်ခ ကျပ် (၂) သိန်းကျော်နှင့် ထိုင်းဆိုင်ကယ် (၁) စီး ကျပ် (၈) သိန်းနီးပါးအထိ ကုန်ကျကြောင်း သိရသည်။

ထို့ကြောင့် တရုတ်ဆိုင်ကယ် အဝင်များသည့် မန္တလေးတိုင်းဘက်တွင် ဆိုင်ကယ်လိုင်စင်ပြုလုပ်သူ အထိုက်အလျောက် ရှိသော်လည်း ထိုင်းဆိုင်ကယ် အသုံးများသည့် မော်လမြိုင်၊ ဘားအံ၊ မြဝတီ၊ ကော့ကရိတ်နှင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်း တို့တွင် လိုင်စင်ပြုလုပ်သူ အလွန်နည်းသွားကြောင်း သိရသည်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့ခံတဦးက ဆိုင်ကယ်လိုင်စင်ခများ ဈေးကြီးခြင်းကြောင့် ပြီးခဲ့သည့် တလ၌ လိုင်စင်လုပ်သူ (၁) ဦးသာရှိကြောင်း၊ အားလုံး လိုင်စင်မဲ့ ဆိုင်ကယ်များကိုသာ စီးနေကြောင်း ရှင်းပြသည်။

အလားတူ မော်လမြိုင်မြို့တွင်လည်း လိုင်စင်မဲ့ဆိုင်ကယ် အလွန်များနေကာ လကုန်ပြီးနောက် ဖမ်းဆီးမှု ပြုလုပ်ပါက ယာဉ်တိုက်မှုနှင့် လာဘ်စားမှုတို့ ပိုမိုများပြား ကျယ်ပြန့်လာမည်ကို မြို့ခံများက စိုးရိမ်နေကြသည်။

ဆိုင်ကယ်တွေ၊ ကားတွေဆိုတာ လိုင်စင်လုပ်ဖို့ ဥပဒေအရ တရားဝင် သင့်တော်တဲ့ သတ်မှတ် အခွန်နှုန်းထားတခုနဲ့ အမြဲတမ်း ပြည်တွင်းကို တင်သွင်းခွင့် ပေးထားရမယ့် ကုန်ပစ္စည်းတမျိုးပဲ ဖြစ်သည်။

ဆိုင်ကယ်လိုင်စင် အဝင်များသည့် မန္တလေးတိုင်းအတွင်း ပြီးခဲ့သည့် ဒီဇင်ဘာ (၁) ရက်မှ ၂ဝ၁ဝ ဇွန်လ ပထမပတ်အထိ ၁၇ ယ နံပါတ် အစီး (၉၆,ဝဝဝ)၊ ၁၈ ယ နံပါတ် (၇၇,၅ဝဝ) စုစုပေါင်း (၁၇၃,၅ဝဝ) စီး လိုင်စင်ဝင်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၂ဝဝ၉ ဇူလိုင်လအထိ မှတ်ပုံတင်ထားသည့် ယာဉ်အရေအတွက် (၂) သန်းကျော်ရှိသည့်အနက် ဆိုင်ကယ် (၁) သန်း (၆) သိန်းကျော် ပါဝင်ကြောင်း အစိုးရထုတ်ပြန်သည့် စာရင်းဇယားများအရ သိရသည်။

မလေးရှားတွင် ယာဉ်တိုက်မှု မြန်မာ ၂ ဦး သေဆုံး

ဆလိုင်းထွန်း
မဇ္ဈိမ
မလေးရှားနိုင်ငံ ဆီလန်ဂေါမြို့၌ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦး စီးနင်းလာသော ဆိုင်ကယ်က ရှေ့တွင်မောင်းနှင်နေသော ကားတစီးကို ဝင်တိုက်မိပြီး နောက်ထပ်ကားတစီးက ကြိတ်မိသဖြင့် နှစ်ဦးစလုံးသေဆုံးမှုဖြစ်သွားသည်။

မြို့တော်ကွာလာလမ်ပူ၏ အနောက်မြောက်ဘက် ၃၃ မိုင်အကွာရှိ ဆီလန်ဂေါမြို့တွင် သစ်စက်လုပ်သား မောင်သန်းဝင်းလှိုင် (၂၅ နှစ်) နှင့် မောင်ရှမ်းလျံမန်း Saiang Lian Mang (၁၈ နှစ်) သည် ဇွန် ၁၂ ရက်နေ့က ဆိုင်ကယ် စီးနင်းလာစဉ် ရှေ့မှ မောင်းနှင်နေသောကားကို ဝင်တိုက်မိပြီး ယာဉ်ကြောပြောင်းပြန် တဖက်လမ်းသို့ လွှင့်စင်သွားရာမှ အိမ်စီးကားတစီးက ဝင်တိုက်မိခြင်း ဖြစ်သည်။

“ သူငယ်ချင်းဆိုင်ကယ်နဲ့ ဖုန်းကဒ်ဝယ်ဖို့ နှစ်ယောက်သွားတယ်။ အရှေ့က ကားကို ဝင်တိုက်မိတယ်။ ဆိုင်ကယ်ရော လူရော တဖက်လမ်းမပေါ် လဲကျသွားတယ်။ အနောက်ကားက ခေါင်းကနေ ကြိတ်တယ်” ဟု သေဆုံးသူ မောင်ရှမ်းလျံမန်း၏ အကို သော့ခ်နိုင်လျံ Tawk Nei Lian က ပြောသည်။

မောင်ရှမ်းလျံမန်းသည် ယာဉ်တိုက်မှုတွင် ပွဲချင်းပြီး သေဆုံးသွားသည်။ မောင်သန်းဝင်းလှိုင်လည်း ဆေးရုံရောက်ပြီး ၁ နာရီအကြာတွင် သေဆုံးသွားသည်။

မောင်သန်းဝင်းလှိုင်သည် ပဲခူးတိုင်း လက်ပံတန်းမြို့နယ် လိန်ကုန်းကျေးရွာမှ ဦးလှရွှေနှင့် ဒေါ်ခင်ဝင်းတို့၏ သားဖြစ်ပြီး၊ မောင်ရှမ်းလျံမန်းမှာ စစ်ကိုင်းတိုင်း ကလေးမြို့နယ် Varpi ကျေးရွာမှ ဦးဘိုလ်လှဲထန်း Bual Hlei Thang နှင့် ဒေါ်ခွင်နိုတလွဲ Khuang Nawn Thluai တို့၏ သားဖြစ်သည်။

မောင်သန်းဝင်းနိုင်သည် လွန်ခဲ့သည့် ၄ နှစ်ခန့်ကတည်းက မလေးရှားတွင် လုပ်ကိုင်နေပြီး၊ မောင်ရှမ်းလျံမန်းသည် ယခုနှစ် ဖေဖော်ဝါရီလထဲတွင် ရောက်ရှိလာသူဖြစ်သည်။

သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများကို ဆေးရုံရှိ အအေးခန်းတွင် ထားရှိဆဲဖြစ်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့ အင်္ဂါနေ့ ဒီဇင်ဘာ ၁၅ ယမန်နေ့နံနက် ၁ဝ နာရီစတင်၍ ၁၂ နာရီကြာ မိုးကြောင့် ရေကြီး

မဇ္ဈိမ
ရေကြီးနေသော ရခိုင်ပြည်နယ်
ရေကြီးနေသော ရခိုင်ပြည်နယ် မောင်တောမြို့ ၃ ရပ်ကွက်တွင် ရေပြင်ထဲ ဖြတ်သန်း သွားလာနေသူများကို အင်္ဂါနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ- ငြိမ်းချမ်း-ယမန်နေ့နံနက် ၁ဝ နာရီစတင်၍ ၁၂ နာရီကြာ မိုးကြောင့် ရေကြီးနေရာ အိမ်ထောင်စု ၁၀၀ ကို ရေဘေးလွတ်ရာ အထက်တန်းကျောင်းအမှတ် ၁ သို့ ရွှေ့ပြောင်းထားရသည်။


ရပ်ကွက် ၄ ခုတွင်ရေလွှမ်းမိုးနေ
ရခိုင်ပြည်နယ် မောင်တောမြို့ ၄ မိုင်ရပ်ကွက် အနီးတွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းရာက ရေပြင်ကြီး ဖြစ်နေသည်ကို အင်္ဂါနေ့ ဇွန် ၁၅ ရက်၊ ၂ဝ၁ဝ ခုနှစ် ညနေ ၅ နာရီအချိန်တွင် တွေ့ရစဉ်။ ဓာတ်ပုံ- ငြိမ်းချမ်း...ယမန်နေ့နံနက် ၁ဝ နာရီခန့်မှသည် ၁၂ နာရီခန့်ကြာ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရပ်ကွက် ၄ ခုတွင်ရေလွှမ်းမိုးနေပြီး မိသားစု ၁ဝဝ ကျော်ကို ရေဘေးလွတ်ရာ အထက်တန်းကျောင်းအမှတ် ၁ သို့ ခေတ္တပြောင်းရွှေ့ထားရသည်။

ရေကြီးနေသောလမ်းပေါ် ဖြတ်သန်းသွားနေသူ အချို့
ရခိုင်ပြည်နယ် မောင်တောမြို့ ဆေးရုံအနီးတွင် ရေကြီးနေသောလမ်းပေါ် ဖြတ်သန်းသွားနေသူ အချို့ကို အင်္ဂါနေ့ ဇွန် ၁၅ ရက်၊ ၂ဝ၁ဝ ခုနှစ် ညနေက တွေ့ရစဉ်။ ဓာတ်ပုံ- ငြိမ်းချမ်း... ယမန်နေ့နံနက် ၁၀ နာရီခန့်မှသည် ၁၂ နာရီခန့်ကြာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရပ်ကွက် ၄ ခုတွင်ရေလွှမ်းမိုးနေပြီး မိသားစု ၁၀၀ ကျော်ကို ရေဘေးလွတ်ရာ အထက်တန်းကျောင်းအမှတ် ၁ သို့ ခေတ္တပြောင်းရွှေ့ထားရသည်။

Sunday, June 6, 2010

စစ်အစိုးရ၏ နျူကလီးယား စီမံကိန်း နိုင်ငံတကာသို့  လက်ဆောင် မြန်ပြည်သားများ အား တိုက်ခိုက်မည့် လက်နက် မဟုတ် မြန်ပြည်သားများစိတ်ပူရန်မလို

မြန်ပြည် အရေးသည် နိုင်ငံ တကာ မကူညီ ခဲ့သမျှ အခု အရေးသည် မြန်ပြည်သားများအား မထိခိုက် ထုတ်လုပ်မည့် ဒုံးကျည် သည် မိုင် ၁၈၀၀ ကျော် ပစ် ခတ် နိုင်သည် မြန်မာပြည် သည် အရှေ့  မှ အနောက် ၊ တောင် မှ မြောက် မိုင် ၁၈၀၀ မရှိ မြန်ပြည် တွင်း ပစ် ရန် ထက် နိုင်ငံ တကာသို့  လက်ဆောင် သာတည်း
မြန်ပြည်သားများ စိတ်ပူရန် မလို....

ခက်ထန်
ပြည်ပသို့ တိမ်းရှောင် လာသော စစ်ဘက် အရာရှိတဦးက ရာနှင့်ချီသော ထိပ်တန်း လျှို့ဝှက်ချက် စာရွက် စာတမ်းနှင့် ဓာတ်ပုံ အထောက် အထားများကို ထုတ်ဖော် လိုက်သည့် အတွက် စစ်အစိုးရ၏ နျူကလီးယား လျှို့ဝှက် စီမံကိန်း နိုင်ငံတကာသို့ ပေါက်ကြားသွားသည်။

စက်ယန္တရား ထိန်းချုပ်ခုံတခုရှေ့တွင် တွေ့ရသော ဗိုလ်မှူး စိုင်းသိန်းဝင်း (ဓာတ်ပုံ - DVB)
စစ်အစိုးရ၏ နျူကလီးယား စီမံကိန်း အကြောင်း ပြောဆိုမှုများ ရှိနေ သော်လည်း ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင် လာသည့် အထောက် အထား များကြောင့် စစ်အစိုးရ၏ လျှို့ဝှက် အစီအစဉ်များ ပိုမိုခိုင်မာ လာပြီး နိုင်ငံတကာနှင့် ဒေသတွင်းတွင် လုံခြုံရေး ခြိမ်းခြောက်မှုများ ဖြစ်လာ နိုင်ကြောင်း လေ့လာ သူများက သုံးသပ်ကြသည်။

“သူတို့ တကယ် လိုချင်တာက အဏုမြူဗုံးပဲ။ အဲဒါ သူတို့ရဲ့ အဓိက ရည်မှန်းချက်ပဲ။ ဒုံးကျည်တွေ နျူကလီးယား ထိပ်ဖူးတွေ ပိုင်ဆိုင် ချင်တယ်” ဟု ဗိုလ်မှူး စိုင်းသိန်းဝင်းက နော်ဝေ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် အယ်လ်ဂျာ ဇီးယားတို့ ပူးပေါင်း ထုတ်လွှင့်သည့် သတင်း မှတ်တမ်းတွင် ပြောသည်။

စစ်သက် ၁၅ နှစ်ရှိ ဗိုလ်မှူး စိုင်းသိန်းဝင်းသည် ဒုံးပျံ အင်ဂျင် အထူးပြု ဘာသာရပ်နှင့် ရုရှားမှ ဘွဲ့ရခဲ့သူ ဖြစ်ပြီး မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် အတွင်းရှိ လျှို့ဝှက် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံမှ ဒုတိယ အကြီးအကဲဖြစ်ခဲ့သည်။ ထိပ်တန်း လျှို့ဝှက် စာရွက်စာတမ်းများကို ယူဆောင်၍ ၂၀၁၀ ဖေဖော်ဝါရီလတွင် ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့သည်။

ရရှိလာသော စာရွက်စာတမ်းနှင့် အထောက်အထားများကို သုံးသပ်ရေးသားထားသည့် စာမျက်နှာ ၂၀ ကျော်ရှိသော “မြန်မာနိုင်ငံ နျူကလီးယား ဆိုင်ရာ လူပ်ရှားမှုများ” စာတမ်းတွင် အထောက်အထား အချက်အလက်နှင့် ဓာတ်ပုံ၊ မြေပုံများဖြင့် ဖော်ပြထားသည်။

ဗိုလ်မှူး စိုင်းသိန်းဝင်း ယူဆောင်လာသော အချက်အလက်များကို နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ ညွှန်ကြားရေးမှူးဟောင်း ရောဘတ် ကယ်လီက လနှင့်ချီ၍ လေ့လာဆန်းစစ်ပြီးနောက် စာရွက်စာတမ်းနှင့် ဓာတ်ပုံအထောက်အထားများတွင်ပါရှိသော စက်ယန္တရား ပစ္စည်းများသည် နျူကလီးယား ဆိုင်ရာ လက်နက်များ ထုတ်လုပ်ရန် အသုံးဝင်သည်ဟု မှတ်ချက်ချကြောင်း သိရသည်။

မြန်မာ့အရေးလေ့လာသူ ဆွီဒင်လူမျိုး သတင်းစာဆရာ ဘာတေးလ် လစ်တနာက “မြန်မာပြည်က ဒီလိုမျိုး အထောက်အထား စာရွက်စာတမ်းတွေ ထွက်လာတာ တခါမှ မတွေ့ဖူးဘူး” ဟု အယ်လ်ဂျာဇီးယားသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောထားသည်။

ဝါရှင်တန် အခြေစိုက် လက်နက် ထိန်းချုပ်ရေးနှင့် မပြန့်ပွားရေး ဌာနမှ အမှုဆောင် ညွှန်ကြားရေးမှူး ဂျွန် အိုင်ဆက်စ် ကမူ စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းကို သံသယ ရှိသော်လည်း အတိအကျ ကောက်ချက်ချရန် အသင့် မဖြစ်သေးကြောင်း အယ်လ်ဂျာဇီးယားနှင့် အင်တာဗျူးတွင် မှတ်ချက်ပေးသည်။

ဥမင် လိုဏ်ခေါင်းများမှာ သာမန် ရည်ရွယ်ချက် အတွက်သုံးရန် ဆိုသော်လည်း တချို့မှာ ဘောလုံးကွင်း ၂ ခုစာမျှ ကျယ်နေကြောင်း ဗိုလ်မှူး စိုင်းသိန်းဝင်းက အယ်လ်ဂျာဇီးယား သို့ ပြောသည်။

စစ်အစိုးရသည် ကားသွားလာနိုင်လောက်အောင် ကျယ်ဝန်းသည့် လိုဏ်ခေါင်းများ၊ ပြင်ပမှ ပစ်ခတ် တိုက်ခိုက်ခြင်း မရှိအောင် တည်ဆောက်ထားသည့် ဥမင်များ၊ ချိတ်ဆက်ထားသည့် ဥမင်လမ်းရှည်များ ရှိနေကြောင်း စစ်တပ်မှ ထွက်ပြေးတိမ်းရှောင်လာသည့် တခြား စစ်ဘက်အရာရှိများကို ကိုးကား၍ အယ်လ်ဂျာဇီးယားက ထုတ်လွှင့်သွားသည်။

“မြန်မာနိုင်ငံ နျူကလီးယား ဆိုင်ရာ လူပ်ရှားမှုများ” သုံးသပ်ချက် စာတမ်းအရ ဥမင်လိုဏ်ခေါင်းများကို မြောက်ကိုရီးယားအကူအညီနှင့် တည်ဆောက်ရာတွင် ခန့်မှန်းခြေ ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ ၃ ဘီလီယံ ရှိမည်ဟု ဖော်ပြထားသည်။

အယ်လ်ဂျာဇီးယားနှင့် အင်တာဗျူးတွင် ဗိုလ်မှူး စိုင်းသိန်းဝင်းက စစ်အစိုးရသည် နျူကလီးယား စီမံကိန်းအတွက် ငွေများကို ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ ရရှိသော အကျိုးအမြတ်များဖြင့် လုပ်ဆောင်နေသည်ဟု ပြောသွားသည်။ ရတနာ ကမ်းလွန် ဘသာဝ ဓာတ်ငွေ့ လုပ်ငန်းမှ အမေရိကန် ဒေါ်လာ ၇.၅ သန်း ရရှိသည်။ စစ်ရေး ငွေများ ပိုမို သုံးစွဲရန် ရွှေ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ ရငွေများကို တိုးချဲ့ သုံးစွဲသွားဖွယ် ရှိသည်ဟုလည်း ပြောသွားသည်။ ရွှေဂက်စ် လှုပ်ရှားမှု အဖွဲ့၏ အဆိုအရ စစ်အစိုးရသည် ယင်းလုပ်ငန်းမှ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁.၂ သန်း ရရှိသည်ဟု သိရသည်။

စစ်အစိုးရ၏ လျှို့ဝှက် နျူကလီးယား စီမံကိန်းအကြောင်း DVB နှင့် အယ်လ်ဂျာဇီးယားတို့ ပူးပေါင်း ထုတ်လွှင့်မှုမတိုင်ခင် ဇွန်လ ၃ ရက်နေ့တွင် အမေရိကန် အထက် လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်က မြန်မာပြည်သို့ လာရောက်မည့် ခရီးစဉ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်သည်။ မြောက်ကိုရီးယားနှင့် မြန်မာ၏ နျူကလီးယားဆိုင်ရာ သံသယ ဖြစ်ဖွယ် ဆက်ဆံရေးကြောင့် ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အိုဘားမား အစိုးရအနေနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ကိုယ်စားလှယ် အမြန်ဆုံး စေလွှတ်သင့်ကြောင်း တိုက်တွန်းထားသည်။

ဇွန်လ ၃ ရက်နေ့က ဘန်ကောက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂျင်မ် ဝက်ဘ်က “ထိုအရေးကိစ္စများကို မရှင်းလင်းဘဲ ဤအချိန်တွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်လျှင် အမြော်အမြင်ကင်းမဲ့ပြီး အကျိုးယုတ်ရာ ကျမည်ဟု ယုံကြည်သည်” ဟု ပြောသည်။

လန်ဒန် အခြေစိုက် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး ဌာန၏ ရှန်ဂရီလာ ဒိုင်ယာလော့ဂ် (Shangri-La Dialogue) ဆွေးနွေးပွဲ ခေါ် ၉ ကြိမ်မြောက် အာရှ လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲကို ယနေ့မှ စ၍ ၆ ရက်နေ့ အထိ စင်ကာပူတွင် ကျင်းပနေသည်။ အာရှနှင့် ပစိဖိတ် ဒေသတွင်း ကာကွယ်ရေးနှင့် လုံခြုံရေး မူဝါဒများ ဆွေးနွေးရေးအတွက် အရေးပါသော ပွဲဖြစ်ပြီး ယနေ့ ထွက်ပေါ်လာသော မြန်မာ နျူကလီးယား လှုပ်ရှားမှု အထောက် အထားများနှင့် ပတ်သက်၍ ဆွေးနွေးဖွယ် ရှိသည်။

ယခုနှစ် ရှန်ဂရီလာ ဒိုင်ယာလော့ဂ် သို့ နိုင်ငံပေါင်း ၂၇ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများ၊ စစ်တပ် အကြီးအကဲများ၊ လုံခြုံရေးဆိုင်မရာ မူဝါဒ ချမှတ်သူများ တက်ရောက်သော်လည်း စစ်အစိုးရဘက်မှ မည်သူ တက်ရောက်ကြောင်း မသိရှိရသေးပေ။ ယမန်နှစ်က ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အေးမြင့် တက်ရောက်ခဲ့သည်။

ယနေ့တွင် ရှန်ဂရီလာ ဒိုင်ယာလော့ဂ်၌ မိန့်ခွန်းပြောရာတွင် တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်က “ကိုရီးယား ကျွန်းဆွယ်နှင့် မြောက်အာရှတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပျက်ပြားစေသည့် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို နိုင်ငံတကာက လေးလေးနက်နက် တုံ့ပြန်သင့်သည်” ဟု ပြောသွားသည်။


ဗိုလ်မှူး စိုင်းသိန်းဝင်း (ရှေ့တန်း ဝဲဘက်မှ ဒုတိယမြောက်) နှင့် အခြား အရာရှိများ (ဓာတ်ပုံ - DVB)
ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့တွင် ကုလသမဂ္ဂ ကျွမ်းကျင် သူများထံမှ ပေါက်ကြား လာသည့် ၄၇ မျက်နှာရှိ အစီရင်ခံစာ တစောင်ကို အေပီသတင်း ဌာနက ကိုးကား ဖော်ပြရာ၌ မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက် ရှိပြီး ကုလ သမဂ္ဂ၏ အရေး ယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက် ရှိသည်ဟု ဆိုထားသည်။

စစ်အစိုးရသည် အရှေ့တောင်အာရှ ဒေသတွင်း အဏုမြူလက်နက် ကင်းစင်သောဇုန်နယ်အဖြစ် သတ်မှတ်ရေး သဘောတူညီချက် (ဘန်ကောက်သဘောတူညီချက်) ကို ၁၉၉၅ ခုနှစ်တွင် လက်မှတ် ရေးထိုးခဲ့သည်။ နောက်တနှစ် အကြာတွင် ဘက်စုံ အဏုမြူစမ်းသပ်မှုများ တားမြစ်ရေး သဘောတူညီချက်ကိုလည်း လက်မှတ်ရေးထိုး ခဲ့သေးသည်။

အဏုမြူစွမ်းအင် ဦးစီးဌာနကို ၁၉၉၇ အောက်တိုဘာလတွင် အသစ် ဖွဲ့စည်းခဲ့ပြီး သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ အောက်တွင် ထားရှိသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၀၂ ခုနှစ်၊ ဇန်န၀ါရီလတွင် မြန်မာစစ်အစိုးရက "ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးချရေး အတွက်" အဏုမြူ သုတေသနဓာတ်ပေါင်းဖို တခုတည် ဆောက်ရန် အစီအစဉ်ကို အတည်ပြုပြောဆိုလာခဲ့သည်။ ထိုအချိန် က နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးခင်မောင်ဝင်းက "မြန်မာနိုင်ငံ၏ အဏုမြူစွမ်းအင်အပေါ် ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် စိတ်ဝင်စားမှုမှာ ကာလကြာရှည်ကတည်းက ရှိနေခဲ့သည်" ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

၂၀၀၃ ဇူလိုင်လတွင် မြောက်ကိုရီးယား ပညာရှင် ၁၅ ဦးမှ ၂၀ အထိ ရန်ကုန်ရှိ ရေတပ်စခန်းတခုနှင့် ကာကွယ်ရေး ဝန်ကြီးဌာန၏ ဧည့်ရိပ်သာ တခုတွင် တွေ့ရကြောင်း ဟောင်ကောင် အခြေစိုက် အရှေ့ဖျားဒေသ စီးပွားရေးရာ စာစောင် က ရေးသားဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် မြန်မာပြည်ကို ဒုံးကျည်များ ရောင်းချနေသည်ဟု အမေရိကန် အစိုးရ အရာရှိတို့က ၂ဝဝ၄ ခုနှစ်ကလည်း ထုတ်ဖော် ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက်ကိုရီးယားသို့ လျှို့ဝှက် သွားရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်း ပေါက်ကြားခဲ့သည်။ ထိုခရီးစဉ်တွင် မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် နှင့် စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

၂၀၀၉ ခုနှစ် ဇွန်လတွင်လည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်းသွားသည့် သတင်းက ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။ တချိန်တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။

၂၀၀၉ ခုနှစ်တွင် မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်နှင့် ပတ်သက် ဆက်နွယ်မှုရှိသည်ဟု ယူဆရသော သံလိုက်ဓာတ်အား တိုင်းတာသည့် ကိရိယာ တမျိုးကို မလေးရှားမှ တဆင့် မြန်မာနိုင်ငံသို့ တင်သွင်းရန် ကြိုးပမ်းခဲ့သူ ၃ ဦးကို ဂျပန်နိုင်ငံ၌ ဖမ်းဆီးခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က မြောက်ကိုရီးယားသည် မြန်မာနိုင်ငံသို့ နျူကလီးယား နည်းပညာ လွှဲပြောင်းပေးအပ်ပါက အာဆီယံ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်ကြောင်း ၂၀၀၉ ခုနှစ် ဇူလိုင်လတွင်းက ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကက်တွင် ကျင်းပသော အာဆီယံအစည်းအဝေး လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် သတိပေး ပြောကြားဖူးသည်။

စစ်အစိုးရသည် သန့်စင်ပြီးသား ယူရေနီယံများကို မြောက်ကိုရီးယားနိုင်ငံ၏ နည်းပညာ အကူအညီဖြင့် လာမည့် ၅ နှစ် အတွင်း အဏုမြူဗုံး ထုတ်လုပ်ရန် စီစဉ်နေသည်ဟု ၂၀၀၉ ခုနှစ် သြဂုတ်လထုတ် Sydney Morning Herald သတင်းစာ၏ ဆောင်း ပါးတပုဒ်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံ နျူကလီးယား နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုများ အတွက် စိုးရိမ် ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ P. J Crowleyက ယခုနှစ် မတ်လ ပထမပတ်တွင် ပြောကြားခဲ့သေးသည်။

မြန်မာနှင့် မြောက်ကိုရီးယားတို့သည် ၂ နိုင်ငံ သံတမန် ပုံမှန် ဆက်ဆံရေး ရပ်ဆိုင်းခဲ့ရာမှ မကြာသေး သော နှစ်များ အတွင်း တိတ်တဆိတ် ဆက်ဆံရေးများ ပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီလတွင် တရားဝင် ဆက်ဆံရေး ပြန်လည် စတင်ခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရ၏ လျှို့ဝှက်သတင်းများ ပေါက်ကြားမှုကြောင့် ထိန်းသိမ်းထားသည့် စစ်တပ်အရာရှိဟောင်း ဗိုလ်မှူး ၀င်းနိုင်ကျော်ကို အင်းစိန်ထောင်တွင် ယခုနှစ် ဇန်နဝါရီလ ၇ ရက်က သေဒဏ်နှင့် ထောင်ဒဏ် အနှစ်၂၀ ချမှတ်ခဲ့သည်။

ဗိုလ်မှူး ဝင်းနိုင်ကျော်သည် စစ်အစိုးရ၏ လျှို့ဝှက် စီမံကိန်းများဖြစ်သည့် နျူကလီးယား ဓာတ်ပေါင်းဖိုစီမံကိန်း၊ မြေအောက် လိုဏ်ခေါင်းများ ဖောက်လုပ်ရေး စီမံကိန်း၊ လျှို့ဝှက်သွားရောက်ပြီး လက်နက်ဝယ်ယူခဲ့သည့် မြောက်ကိုရီးယားခရီးစဉ်၊ ရုရှား၊ အိန္ဒိယခေါင်းဆောင်များနှင့် လျှို့ဝှက် ဆွေးနွေးခဲ့သည့်မှတ်တမ်းများနှင့်ပတ်သက်ပြီး မီဒီယာများထံပေါက်ကြားခဲ့သည့်အတွက် ဖမ်းဆီး အပြစ်ပေး ခံခဲ့ရခြင်းဖြစ်သည်။

နည်းပညာ ကို စိန်ခေါ်မှု

အရည်အသွေး ညံ ဖျင်းသော အော်ရင် ဂျင်နယ် အခွေ များ နိုင်ငံခြား သီချင်းများကို ကော် ပီ ဆိုနေ ပြီး ခိုးကူးခွေ အရေး ယူ မူထက်

မူပိုင် ခွင့်  မရယူ ဘဲ ကော် ပီ သီ ဆို ခဲ့ သော တေးဆို

မူပိုင် ခွင့်  မရယူ ဘဲ ကော် ပီ ရေးသားခဲ့ သော တေးရေး
များအား စတင် အရေးယူ ရ ပေ မည်။

နိုင်ငံ တကာ မှ အခွေ များ ကဲ့ သို့  အ လွယ် တကူ
ကော် ပီ မ ကူး နိုင် ရန် အရေးအသွေး မြင့် မားသော အ ဆင့်မြင့် နည်းပညာ ဖြင့် ထုတ်လုပ် နိုင် စေရန် ရည် သန် ၍ နည်းပညာ ကို အံတု နိုင်ကြပါစေ။ ။

ခိုးကူးခွေ ရောင်းပါက ထောင် (၃) နှစ်


မျိုးဝင်းဇော်
ရန်ကုန်ဧရိယာအတွင်း ဗွီဒီယိုခွေငှားဆိုင်များနှင့် လမ်းဘေးဓာတ်ပြားအရောင်းဆိုင်တို့တွင် ခိုးကူးခွေများ တွေ့ရှိပါက အစစ်အဆေးမရှိ ထောင် (၃) နှစ် ချမှတ်ခံရမည်ဟု သက်ဆိုင်ရာမှ အကြောင်းကြားထားကြောင်း ဓာတ်ပြားအရောင်းဆိုင်များမှ သိရသည်။

ကျောက်တံတားမြို့နယ် မဟာဗန္ဓုလလမ်းမှ နိုင်ငံခြား ရုပ်ရှင်ဓာတ်ပြား ရောင်းချသူတဦးက “ပြီးခဲ့တဲ့ရက်က ကျနော်တို့ကို ဗွီဒီယို အခြေခံအစည်းအရုံးက အစည်းအဝေးခေါ်တယ်။ ခိုးကူး မြန်မာဗွီဒီယို ဇာတ်ကားတွေ၊ သီချင်း စီဒီတွေ၊ ကာရာအိုကေ ဗွီစီဒီတွေနဲ့ အခြား လက်ဝှေ့လိုမျိုး ပြည်တွင်းက ထုတ်လုပ်တဲ့ဟာတွေ မရောင်းဖို့ တားမြစ်တယ်။ မလိုက်နာရင် အရင်လို ဒဏ်ကြေးနည်းနည်းပါးပါးနဲ့ ပြန်လွှတ်ပေးတော့မှာ မဟုတ်ဘဲ အစစ်အဆေးမရှိ ထောင် (၃) နှစ်အထိ ချမယ်လို့ ပြောတယ်။ ခုလောလောဆယ် အဲဒီ ခိုးကူးတွေ ရောင်းတာ နည်းနည်းလျော့သွားတယ်။ အားလုံးက အခြေအနေ စောင့်ကြည့်နေတယ်” ဟု ပြောသည်။

ရန်ကုန်မြို့သာမက မြန်မာတနိုင်ငံလုံးတွင် ခိုးကူးဗွီစီဒီနှင့်ဒီဗွီဒီခွေများ ပျံ့နှံ့နေသည်မှာ ကြာပြီဖြစ်သော်လည်း ယခု ပြည်တွင်း ဗွီဒီယိုဈေးကွက်ကို ထိခိုက်လာသည့်အတွက် ဗီဒီယိုအခြေခံအစည်းအရုံးက ယခုကဲ့သို့ ဆောင်ရွက်လာခြင်းဖြစ်ကြောင်း ပြည်တွင်းမှ တေးရေးဆရာတဦးက ပြောသည်။

၎င်းက “ကျနော်တို့ ဂီတ ဈေးကွက်ဆို ပျက်တာ ကြာလှပေါ့။ ဒီနေ့ ဓာတ်ပြားထွက်၊ လမ်းဘေးမှာ နောက်နေ့ တချပ် (၃ဝဝ) လောက်နဲ့ ရောင်းနေကြပြီ။ နှစ်တွေကြာလာတော့ ထုတ်လုပ်ရေးသမားတွေလည်း မခံနိုင်တော့ တေးအယ်လ်ဘမ် အသစ်တွေ မလုပ်နိုင်တော့တာတောင် ကြာလှပြီ။ ခုတော့ ဒီ ခိုးကူးဂယက်ဟာ ဗွီဒီယို ထုတ်လုပ်ရေးဘက်ကို ကူးစက်သွားတယ်” ဟု ပြောသည်။

ဗွီဒီယို ထုတ်လုပ်ရေးလုပ်ငန်းကို အစိုးရနှင့် နီးစပ်သည့်သူဌေးကြီးများက လုပ်ကိုင်နေပြီး ၎င်းတို့သည် ဗွီဒီယို အခြေခံအစည်းအရုံးတွင် တာဝန်ယူထားသူများလည်း ဖြစ်ကြကြောင်း၊ ၎င်းတို့ရိုက်သည့် အခွေများကို မူပိုင်ခွင့်အနေဖြင့် မည်သူကမှ မ၀ယ်တော့ဘဲ ခိုးကူးခွေများကိုသာ ၀ယ်ကြ၊ ငှားကြ လုပ်နေကြသည့်အတွက် ယခုကဲ့သို့အရေးယူရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်း အဆိုပါ တေးရေးဆရာက ပြောသည်။

အနော်ရထာလမ်းတွင် ဓာတ်ပြားအရောင်းဆိုင် ဖွင့်လှစ်ထားသူတဦးက ၎င်းတို့အနေဖြင့် မြန်မာသီချင်းနှင့် ဗွီဒီယိုဇာတ်ကား၊ နိုင်ငံခြား ရုပ်ရှင်ဇာတ်ကား ဒီဗွီဒီများကို နယ်မြေခံရဲနှင့် ထောက်လှမ်းရေးတို့ကို ပုံမှန်ဆက်ကြေးပေးပြီး ရောင်းချနေကြခြင်းဖြစ်ကြောင်း၊ လမ်းဘေးတွင် ဓာတ်ပြားရောင်းသူအများစုသည် ဆင်းရဲသည့် အလုပ်လက်မဲ့များ ဖြစ်ကြကြောင်း ပြောသည်။

အာဏာပိုင်များသည် ယခု အရေးယူမှုကို မေလကုန်အထိ ပညာပေးကာလ သတ်မှတ်ထားပြီး ဇွန်လ (၁) ရက်နေ့မှစ၍ အရေးယူမှုစတင်မည်ဟု ကြေညာထားသော်လည်း ရောင်းသူများရှိနေဆဲဖြစ်သည်။

Thursday, June 3, 2010

မြန်မာနိုင်ငံတွင်နေရောင်ခြည်လျှပ်စစ်စွမ်းအင်သုံးစွဲသူများ


မြန်မာနိုင်ငံ အတွင်း လျှပ်စစ် ဓာတ်အား မလုံလောက် မှုကြောင့် နေရောင်ခြည် ဆိုလာ စနစ်သုံး လျှပ်စစ် ထုတ်လုပ် အသုံးပြု မှုများ ယခုနှစ်ပိုင်းတွင် ပိုမို များပြား လာကြောင်း ပြည်တွင်း ဆိုလာ ကုမ္ပဏီ များက ဆိုသည်။

ဆိုလာ စနစ်သုံး လျှပ်စစ် ထုတ်လုပ် သုံးစွဲ မှုတွင် ရန်ကုန်၊ မန္တလေး စသော မြို့ကြီးများထက် နယ်မြို့ များတွင် အများဆုံး အသုံးပြုလျက် ရှိသည် ဆိုသည်။ ဆိုလာပြား မှ တစ်ဆင့် နေရောင်ခြည် စွမ်းအင်ဖြင့် လျှပ်စစ် ထုတ်လုပ်မှုမှာ ပျက်စီး ချို့ယွင်း နိုင်သော အစိတ်အပိုင်း နည်းပါးခြင်း၊ ဆူညံမှု မရှိခြင်း၊ နေရောင်ခြည်သာ လိုအပ်၍ အခြား လောင်စာ မလို အပ်ခြင်း နှင့် လျှပ်စစ် ရရှိမှု အားကောင်းခြင်း တို့ကြောင့် သုံးစွဲသူ ပိုမို များပြား လာခြင်း ဖြစ်သည်ဟု ဆိုသည်။

ဆိုလာ စနစ်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဆိုလာပြား၊ အင်ဗာတာ၊ ဘက်ထရီ တို့သာ လိုအပ်ပြီး အိမ်သုံး လျှပ်စစ် ပစ္စည်းများပါ အသုံးပြု နိုင်ရန် ပြုလုပ် တပ်ဆင်ပါက ကျပ် ၁၀ သိန်း ဝန်းကျင်ခန့် ကုန်ကျ နိုင်ကြောင်း ဆိုလာပြား ရောင်းချသည့် ကုမ္ပဏီမှ သိရကြောင်း Favourite News Journal တွင် ဖော်ပြ ထားသည်။

နေပြည်တော်လည်း မီးပျက်

အောင်သက်ဝိုင်း

လျှပ်စစ်မီး လုံးဝ ပြတ်တောက်ခြင်း မရှိသော နေပြည်တော်တွင် ယခုအခါ မီး ပြတ်တောက်မှု ကြုံတွေ့နေရပြီ ဖြစ်ကြောင်း နေပြည်တော် ဝန်ထမ်း အသိုင်းအဝန်းမှ သတင်းရရှိသည်။

မုံရွာဈေးမီး ကျပ်သိန်း ၁၆ဝဝ ကျော် ဆုံးရှုံး









မြင့်မောင်

မုံရွာမြို့ရှိ ချင်းတွင်း ရတနာဈေးသစ်ကြီးတွင် ယနေ့နံနက်ပိုင်း၌ ဆိုင်ခန်းပေါင်း ၄ဝ၆ ခန်း မီးလောင်ကျွမ်းခဲ့ရာ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ပေါင်း ၁၆၅၆ သိန်း ဖြစ်ကြောင်း မုံရွာ ဗဟိုမီးသတ်အဆိုအရ သိရသည်။

ကြာသာပတေးနေနံနက် ၃ နာရီခွဲမှ စတင်၍ နံနက် ၁ဝ နာရီခွဲအထိ မီးလောင်မှုတွင် ငါးပိ၊ ငါးခြောက်၊ ရွှေဆိုင်၊ အထည်ဆိုင်၊ ဖိနပ်ဆိုင်နှင့် စားသောက်ကုန်များ ရောင်းချသော ဆိုင်ခန်းပေါင်း ၄ဝ၆ ခန်း လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

“အပြီးသတ် ငြှိမ်းတာက ၁ဝ နာရီ ၃ဝ မှာပါ။ ဈေးက နှစ်ထပ်ဈေး၊ မီးလောင်တာကတော့ အပေါ်ထပ်က ၁၅၃ ခန်း၊ အောက်ထပ်က ၂၅၃ ခန်း စုစုပေါင်း ၄ဝ၆ ခန်း လောင်သွားတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ်သိန်းပေါင်း ၁၆၅၆ ဖြစ်ပါတယ်” ဟု မုံရွာ ဗဟိုမီးသတ်မှ တာဝန်ကျ ဝန်ထမ်းတဦးက ပြောသည်။

"ပစ္စည်းတွေက ဘယ်လိုမှ ထုတ်ယူလို့ မရတော့ဘူးဗျ။ ဝင်ပေါက်နေရာတွေကလည်း လောင်တယ်။ ညပိုင်းလည်း ဖြစ်တယ်ဆိုတော့ အကုန်လောင်တော့တာပဲ" ဟု ဈေးအနီး နေထိုင်သူတဦးက ဆိုသည်။

ဈေးကြီးသည် မြို့လယ်ခေါင် လမ်းမကြီးဖြစ်သည့် ဗိုလ်ချုပ်လမ်းမ အရှေ့ဘက် (အလယ်ရပ်) နှင့် အနောက်ဘက် (ဘုရားကြီးရပ်ကွက်) တွင် အပိုင်းနှစ်ပိုင်းခွဲကာ တည်ဆောက်ထားပြီး ဆိုင်ခန်းပေါင်း ၁ဝဝ၆ ခန်း ရှိသည်။ မီးလောင်မှုမှာ အရှေ့ဘက်ရုံသာ ဖြစ်သော်လည်း ယခုအခါ အနောက်ဘက် ဈေးရုံကိုပါ ပိတ်ထားလိုက်သည်။

မီးလောင်ရာသို့ မုံရွာမြို့အနောက်ဘက် ဆားလင်းကြီးနှင့် ပုလဲ၊ တောင်ဘက်ရှိ မြင်းမူ၊ မြောက်ဘက်ရှိ အလုံမြို့တို့မှ မီးသတ်ကားများလည်း လာရောက်ရာ မီးသတ်ကားပေါင်း ၃၉ စီး ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။

ယခုသတင်းပေးပို့သည့် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲအထိ မီးကြွင်းမီးကျန်များကို ဆက်လက်ငြှိမ်းသတ်ရှင်းလင်းဆဲဖြစ်သည်။

လျှပ်စစ်ဝါယာရှော့ ဖြစ်ရာမှ လောင်ကျွမ်းကြောင်း ဈေးလုံခြုံရေးများက ယုံကြည်နေပြီး၊ ဗဟိုမီးသတ်ကလည်း အင်ဗာတာမှ စတင်လောင်ကျွမ်းကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဈေးကြီးများ မကြာခဏ မီးလောင်လေ့ရှိရာ ယခုနှစ်အတွင်း၌ပင် မေလ ၂၄ ရက်နေ့တွင် ရန်ကုန်တိုင်း မင်္ဂလာဈေး ၄ ထပ်မြောက်နှင့် ခေါင်မိုးပေါ်ရှိ ဆိုင်ခန်း စုစုပေါင်း ၈၄၅ ခန်း မီးလောင်ခဲ့ရာ ကျပ်သိန်းပေါင်း ၂ သိန်းကျော် ဆုံးရှုံးခဲ့ပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင် ရန်ကုန် သင်္ကန်းကျွန်းဈေးတွင် ဆိုင်ခန်း ၆၅၁ ခန်း မီးလောင်ခဲ့သေးသည်။

ဂျပန်ဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်သွားပြီ

ဗွီအိုအေ
ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်က အမေရိကန် စစ်အခြေစိုက်စခန်းကို ပြောင်းရွှေ့ဖို့ မဲဆွယ်လှုပ်ရှားစဉ်က ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်မပေးနိုင်တဲ့အတွက် နှုတ်ထွက်တဲ့အကြောင်း ၀န်ကြီးချုပ် ယူကီအို ဟတိုယာမ (Yukio Hatoyama) က ကြေညာလိုက်ပါတယ်။

နှစ်ပေါင်း ၅၀ နီးပါး ဆက်တိုက်ဆိုသလို အစိုးရအဖြစ် အုပ်ချုပ်လာတဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ လက်ထဲကနေ လွန်ခဲ့တဲ့ ၉ လကပဲ ဂျပန်ဝန်ကြီးချုပ် ဟတိုယာမ ရွေးကောက်ပွဲတွေနဲ့ တခဲနက် အနိုင်ရလာခဲ့တာပါ။ ဒါပေမဲ့လည်း ပါတီရန်ပုံငွေ အရှုပ်တော်ပုံ ပြဿနာတွေ၊ ၀န်ကြီးချုပ်ရဲ့ ဦးဆောင်မှု အရည်အချင်းအပေါ် သံသယတွေကြောင့် နောက်ပိုင်းမှာတော့ သူ့ရဲ့ ဒီမိုကရက်ပါတီ ရေပန်းစားမှုတွေမှာ ထိခိုက်မှုတွေ ကြုံလာရတာ ဖြစ်ပါတယ်။

အိုကီနာဝါကျွန်းပေါ်က အမေရိကန် စစ်အခြေစိုက် စခန်းကို ပြောင်းရွှေ့ဖို့ ပျက်ကွက်ခဲ့တဲ့ နောက်မှာလည်း ၀န်ကြီးချုပ်ကို လူကြိုက်များ လက်ခံတဲ့နှုန်းဟာ ၁၇% အထိ ကျဆင်းသွားခဲ့တာပါ။

ဝန်ကြီးချုပ်က သူနဲ့အတူ ပါတီရဲ့ ဒုတိယ အကြီးအကဲဖြစ်တဲ့ အိချီရို အိုဇာဝါ (Ichiro Ozawa) လည်း နှုတ်ထွက်မှာ ဖြစ်တဲ့အကြောင်း ဒီကနေ့ တိုကျိုမြို့က ဒီမိုကရက် ပါတီဝင်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် နှုတ်ထွက်သွားတဲ့အတွက် သူ့ရဲ့ပါတီဟာလည်း ရှေ့လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့ အထက်လွှတ်တော် ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ မရေမရာ အခြေအနေတွေနဲ့ ကြုံနေရပါတယ်။

Wednesday, June 2, 2010

မြန်မာ GSM ဖုန်းများ မလေးရှား၊ ထိုင်း နှင့် စင်ကာပူ နိုင်ငံများ တွင် အသုံးပြု နိုင်ရန် စီစဉ်နေ

ဟံသာဝတီ

အရှေ့တောင် အာရှ နိုင်ငံများ ဖြစ်သော မလေးရှား၊ ထိုင်း နှင့် စင်ကာပူ နိုင်ငံများ ထိ မြန်မာ GSM ဖုန်းများ ယူဆောင် အသုံးပြု နိုင်ရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ယခုနှစ် အတွင်း စီစဉ်နေကြောင်း ဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်း ဝန်ကြီး ဌာန၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ အမည် မဖော်လိုသူ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ ပြင်ပမှာ သုံးနိုင်အောင် စမ်းသပ် နေတာ မှန်ပါတယ်။ ဒီနှစ်ထဲမှာ စပြီးတော့ အကောင် အထည် ဖော်မှာပါဟု ၄င်းက ဆိုသည်။ လက်ရှိ ပြည်တွင်း၌ အသုံးပြု နေသော GSM ဖုန်း များကို မလေးရှား၊ ထိုင်း နှင့် စင်ကာပူ နိုင်ငံ များသို့ ယူဆောင် သုံးစွဲ နိုင်ရန် စတင် စမ်းသပ် မှုများ ပြုလုပ် နေကြောင်း GSM ဖုန်း များသည် မြန်မာ ဆက်သွယ်ရေး လုပ်ငန်းမှ အရေ အတွက် အများဆုံး ချထား ပေးသောကြောင့် မြန်မာနိုင်ငံ ပြင်ပ တွင် အသုံးပြု နိုင်ရန် စီစဉ် နေကြောင်း မြန်မာ ဆက်သွယ်ရေး လုပ်ငန်း ထံက သိရသည်။

အခု မိုဘိုင်းဖုန်း ဈေးကွက်မှာ GSM ၊ WCDMA ၊ ဆယ်လူလာ အခုဆို ငါးသိန်းတန်ဖုန်း၊ ကတ်ဖုန်းတွေ ရှိလာတယ်။

မိုဘိုင်း ဖုန်းတွေ အပြိုင် ရှိလာတော့ ဈေးတွေလည်း ကျလာတယ်။

ရန်ကုန်မြို့တွင် ဂျီအက်စ်အမ် ရေဒီယို စခန်းသစ် ၃၃ ခု တည် ဆောက်ပြီး လိုင်း ၈၀ဝ၀ဝ တိုးချဲ့မည် ဖြစ်ကြောင်း ၊ အဆိုပါ လိုင်းသစ်များ တိုးချဲခြင်း အပြင် GSM ဖုန်း လိုင်းဆွဲ အားများ ကောင်းမွန် စေရေး အတွက် MCS ဆက်သွယ်ရေး ပင်မ စခန်း ခံနိုင် ဝန်မြှင့်ခြင်း၊ BTS စခန်း ကိုးခု တပ်ဆင်ခြင်း နှင့် CU (Carrier Unit) ၉၂ ခု တိုးမြှင် ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံပိုင် မီဒီယာ များ၏ ဖော်ပြချက် အရ သိရသည်။

မြန်မာ နိုင်ငံတွင် ၁၉၈၈ ခုနှစ် မတိုင်မီ တယ်လီဖုန်း အိတ်ချိန်းပေါင်း ၂၄၅ ခု ရှိရာ ယခုတွင် အိတ်ချိန်းပေါင်း ၈၈၇ ခု ရှိပြီး အော်တိုတယ်လီဖုန်း၊ တယ်လီဖုန်း နှင့် မိုဘိုင်းဖုန်း အရေအတွက် ၇၃၄၂၁၉ လိုင်း ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။

Tuesday, June 1, 2010

မြန်မာနိုင်ငံတွင် ဘူမိ အပူဓာတ် နဲ့ လျှပ်စစ် ထုတ်ယူနိုင်တဲ့ နေရာ ၉၂ ခု တွေ့ရှိ







မြန်မာ နိုင်ငံတွင် ဘူမိ အပူဓာတ် (Geothermal) နည်းမှ လျှပ်စစ် စွမ်းအင် ထုတ်ယူ နိုင်သည့် နေရာ များကို ပြည်နယ် ငါးခုတွင် တွေ့ရှိ ထားကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ ကျွမ်းကျင် သူများက ပြောသည်။

ဘူမိ အပူဓာတ်မှ လျှပ်စစ် စွမ်းအင် ထုတ်ယူ နိုင်သည့် နေရာ ၉၂ နေရာ ခန့်ကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယား ပြည်နယ်၊ ရခိုင်ပြည်နယ် တို့တွင် တွေ့ရှိထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘူမိ အပူဓာတ်ဖြင့် လျှပ်စစ် စွမ်းအင် ထုတ်ယူသော နည်းမှာ အပူရှိန် ပြင်းသော မြေအောက် အလွှာ အထိ မြေပြင်မှ အပေါက် ဖောက်ကာ ရေအေး ထိုးသွင်း ခြင်းဖြင့် ရေအေးကို ရေငွေ့ အဖြစ် ပြောင်းလဲစေပြီး အခြား တစ်ပေါက်မှ ရေငွေ့ ပြန်ထွက်၍ ယင်း ရေငွေ့များဖြင့် တာဘိုင် များကို လည်ပတ်စေကာ လျှပ်စစ် စွမ်းအင် ထုတ်ယူစေခြင်း ဖြစ်သည်။

ဘူမိ တေဇော အရင်းအမြစ် (Geothermal Resources) များကို မီးတောင် ဒေသတွင် အများ အပြား တွေ့ရှိ ရပြီး ကမ္ဘာပေါ်တွင် ဘူမိ အပူဓာတ် ထုတ်ယူ နိုင်သော နိုင်ငံပေါင်း ၂၁ နိုင်ငံသာ ရှိကာ နှစ်စဉ် လျှပ်စစ် စွမ်းအင် မဂ္ဂါဝပ် ၆၂၀ဝ ခန့် ထုတ်ယူ အသုံးပြုလျက် ရှိသည်ဟု ဆိုသည်။ အရှေ့တောင် အာရှ နိုင်ငံများ ထဲတွင် အင်ဒိုနီးရှား နိုင်ငံ နှင့် ဖိလစ်ပိုင် နိုင်ငံတို့သည် ယင်း စွမ်းအင်ကို ရယူ အသုံး ပြုလျက် ရှိသည်။

ကပ္ပလီကျွန်းစုအနီး ဆူနာမီ သတိပေးချက် ထုတ်

ဗွီအိုအေ
ထပ်ဆင့် ဖြန့်ဝေရန်
အင်္ဂါနေ့တုန်းက အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အန်ဒမန်ကျွန်းစုမှာ ရစ်ခ်ျတာစကေး ၆.၄ ရှိတဲ့ ငလျင်တရပ် လှုပ်သွားခဲ့တာကြောင့် ဆူနာမီ သတိပေးချက်ကို ထုတ်ပြန်ထားပါတယ်။

အန်ဒမန်ကျွန်းစုထဲက အဓိကမြို့ ပို့တ် ဘလဲ (Port Blair) ရဲ့ အရှေ့ဘက် မိုင် ၇၀ ကျော် အကွာအဝေးကို ဗဟိုပြုပြီး ငလျင်လှုပ်ခဲ့တာ ဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာနက ဆိုပါတယ်။ အိန္ဒိယ သမုဒ္ဒရာအောက် မိုင် ၈၀ လောက် အနက်ကနေ လှုပ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ကမ်းခြေတလျှောက်မှာ ဆူနာမီ ဖြစ်နိုင်တယ်လို့ အမေရိကန် ပစိဖိတ် ဆူနာမီ သတိပေးရေးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ အန်ဒမန်ကျွန်းစုမှာ ပါရှိတဲ့ ကျွန်းတွေဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအထိ ရှိနေကြပါတယ်။

၂၀၀၄ ဒီဇင်ဘာလတုန်းက ငလျင်လှုပ်ပြီး ဆူနာမီ ဖြစ်ခဲ့တဲ့အတွက် အဲဒီကျွန်းတွေမှာ အကြီးအကျယ် ပျက်စီးခဲ့ဖူးပါတယ်။

ဓာတ်ငွေ့ ပိုက်လိုင်းပေါက်၊ ရန်ကုန်လျှပ်စစ်မီး ရရှိမှု

အောင်သက်ဝိုင်း
သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားထုတ် စက်ရုံများသို့ ပေးပို့နေသည့် ပိုက်လိုင်းတခု ပေါက်သွားပြီး ဓာတ်ငွေ့ရရှိမှု လျော့နည်း သွားသောကြောင့် ရန်ကုန်မြို့တွင်း လျှပ်စစ်ဓာတ်အား ရရှိမှု အခြေအနေ အလွန်ဆိုးရွားနေကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တွင် တနေ့ ၆ နာရီ အလှည့်ကျ စနစ်ဖြင့် အုပ်စု ၃ စုခွဲကာ လျှပ်စစ်မီး ပေးလျက် ရှိနေရာမှ ယခုအခါ ဓာတ်ငွေ့ ရရှိမှု နည်းသွား သောကြောင့် တနေ့လျှင် ၃ နာရီခန့်သာ ရရှိကြောင်း၊ ၃ နာရီခန့် ရရှိသော လျှပ်စစ်မီးမှာ တချိန်တည်း ဆက်တိုက် ရရှိခြင်း မဟုတ်ဘဲ အကြိမ်ကြိမ် ပြတ်တောက်ပြီးမှ ရရှိခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ခံ များထံမှ သိရသည်။

“အခု မေလကုန် လောက်က စပြီး တနေ့ကို မီး ၂ နာရီ၊ ၃ နာရီလောက်ပဲ ရတယ်။ အဲဒါကလည်း တဆက်တည်း ရတာမဟုတ်ဘူး။ ၁၅ မိနစ်ခြား၊ နာရီဝက်ခြား၊ တနာရီခြား ခဏခဏ ပြတ်လိုက်၊ လာလိုက် ဖြစ်နေတယ်” ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။

မိုးရာသီရောက်တိုင်း ရန်ကုန်မြို့အပါအ၀င် မြို့ကြီး အများစုတွင် ၂၄ နာရီမီးရလေ့ရှိသော်လည်း ယခုနှစ်တွင် မရနိုင်သည့်အတွက်
စီးပွားရေး လုပ်ငန်းရှင်များနှင့် ပြည်သူများ စိတ်ညစ်နေကြောင်း သိရသည်။

အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန တာဝန်ရှိသူ တဦးက ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အား ရရှိမှု အခြေအနေ ဆိုးရွား လာရခြင်းသည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်အနီးရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ မေလ ၃၀ ရက်နေ့ နေ့လယ် ၂ နာရီ ၄၀ မိနစ်ခန့်က ပေါက်သွားခြင်းကြောင့်ဖြစ်ပြီး အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်း ပြင်ဆင်ရန် ရက်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း ပြောဆိုသည်။

“ဓာတ်ငွေ့ပိုက်လိုင်း အသစ်တွေက အခုအချိန်အထိ အပြီးမသတ်နိုင်သေးတဲ့အချိန်၊ အရင် ရှိထားတဲ့ ဓာတ်ငွေ့ပိုက်လိုင်း အဟောင်း ထပ်ပေါက်လို့ မီးမရတော့ပါ” ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် မဂ္ဂါဝပ် ၆၀၀ နီးပါး ရှိသော်လည်း ယခုအခြေအနေတွင် မဂ္ဂါဝပ် ၁၂၀ ခန့်သာ
ထုတ်လုပ်နိုင်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး ရေးအဖွဲ့မှ အရာရှိတဦးက ပြောသည်။

မိုးရာသီ ၀င်ရောက်နေပြီဖြစ်သော်လည်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများတွင် စက်ချို့ယွင်းမှုရှိခြင်းနှင့် ရေလှောင်ကန်များ အတွင်း ရေ၀င်ရောက်မှု နည်းသေးသောကြောင့် ရေအားလျှပ်စစ် အပြည့်အ၀ ပြန်လည်မထုတ်လုပ်နိုင်သေးဘဲ ယမန်နှစ် မိုးရာသီ များကဲ့သို့ ၂၄ နာရီ မီးပေးနိုင်သော အခြေအနေ မရှိကြောင်း အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ သိရသည်။

“ပြီးသွားတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေမှာ စက်ချွတ်ယွင်းမှုတွေရှိလို့ ပြင်ဆင်နေရတယ်။ တချို့ ရေအားလျှပ်စစ် စက်ရုံတွေ မှာလည်း သတ်မှတ် ရေမှတ်မရောက်သေးလို့ ရေအားလျှပ်စစ် အပြည့်မထုတ်နိုင်ဘူး” ဟု နေပြည်တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ အရာရှိ တဦးက ဆိုသည်။

တရုတ် ကုမ္ပဏီနှင့် အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနတို့ ပူးပေါင်း တည်ဆောက် ပြီးစီးခဲ့သော ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းမှာလည်း စက်ချွတ်ယွင်းမှုများ ရှိနေခြင်းကြောင့် ရေအားလျှပ်စစ် အပြည့်အ၀ မထုတ်လုပ်နိုင်ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ရှိ စက်မှုဇုန်များတွင်မူ လျှပ်စစ်ဓာတ်အား လုံးဝဖြတ်တောက်ထားဆဲဖြစ်ပြီး ထိုသို့ ဖြတ်တောက်ထားမှုသည်
အနည်းဆုံး ၂ လခန့် ထပ်မံကြာမြင့်နိုင်သည်ဟု ရန်ကုန်မြို့တော်လျှပ် စစ်ဓာတ်အားပေးရေး အဖွဲ့မှ သိရှိရသည်။

ရန်ကုန်မြို့တွင် မေလ ၁၄ ရက်နေ့က အသေးစား စက်မှုလုပ်ငန်းများနှင့် ပါဝါမီတာသုံး စီးပွားရေးလုပ်ငန်းများကို မီး မပေးတော့ဟုဆိုကာ ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သော်လည်း မေလ ၂၀ ရက်နေ့ နောက်ပိုင်းတွင် အလှည့်ကျ စနစ်ဖြင့် လျှပ်စစ်မီးပြန်လည် အသုံးပြုခွင့်ပေးခဲ့သည်။

သီရိမင်္ဂလာဈေး နေရာပြောင်း


တက်လူ
သီရီမင်္ဂလာဈေးကို လှိုင်မြို့နယ် ပိတောက်ချောင်းအနီး ဘုရင့်နောင်လမ်းပေါ်ရှိ ယခင် ရတနာဖွဲနုဆီစက်ဝင်းအတွင်း ပြောင်းလဲ ဖွင့်လှစ်ပေးမည်ဟု စည်ပင်သာယာဈေးများဌာနမှ ဌာနမှူး ဦးတင်ကိုကိုက မေ (၂၈) ရက်တွင် ဈေးသူဈေးသားများအား တရားဝင် ပြောကြားခဲ့သည်။

အလုံမြို့နယ် ကမ်းနားလမ်းမကြီးပေါ်တွင် တည်ရှိသော (၅) ထပ် အဆောက်အအုံ သီရိမင်္ဂလာဈေးသည် မြန်မာတနိုင်ငံလုံးကို လက်ကားဖြန့်ရောင်းချနေသော ကုန်စိမ်းဈေးကြီးဖြစ်ပြီး ရန်ကုန်စည်ပင်က (က) အဆင့် သတ်မှတ်ထားသည့် ဈေးဖြစ်သည်။

ထိုသို့ အဆင့်မြင့်ဈေးဖြစ်လာရန်အတွက်လည်း ဈေးသူဈေးသားများ၏ ထည့်ဝင်ငွေ လေးပုံသုံးပုံနှင့် အထပ်မြင့်ဈေးအဖြစ် တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဈေးကော်မတီမှ တာဝန်ရှိသူတဦးက “ကျနော်တို့ အခုရောင်းနေတဲ့ သီရိမင်္ဂလာအဆင့်မြင့်ဈေးဆိုတာ မဖြစ်ခင်က ဂိုဒေါင်ကြီးတွေထဲမှာ ရောင်းခိုင်းတယ်။ အဲဒီတုန်းက ရန်ကုန်မှာ တဲပေါ်ကနေ တိုက်ပေါ်တင်တဲ့စနစ် ဆိုပြီးတော့လုပ်တယ်။ ဈေးသူဈေးသားတွေကိုလည်း ခင်ဗျားတို့ကို အတည်တကျဖြစ်အောင် အဆင့်မြင့်တဲ့ ဈေးဆောက်ပေးမယ်ဆိုပြီးတော့ ပြောတယ်။ ဈေးအတွက် လိုတဲ့ငွေကြေးကိုလည်း ဈေးသူဈေးသားတွေက ကုန်ကျခံရမှာလို့ပြောတယ်။ အတည်တကျလို့ ပြောတဲ့အတွက် ကျနော်တို့က စည်ပင်ကိုယုံပြီး ငွေအကုန်အကျခံပြီးတော့ ဒီဈေးကို ပါဝင်တည်ဆောက်ခဲ့တာဖြစ်တယ်။ အဆင့်မြင့်ဈေး တည်ဆောက်ပြီး အတည်တကျထားမယ်” ဟု ပြောသည်။

ယခု ပြောင်းရွှေ့ရမည့် ပိတောက်ချောင်းတွင် ဆောက်နေသော ဈေးသည် အမိုးတခုသာ ပါသည့်ဈေးဖြစ်သည့်အတွက် သီရိမင်္ဂလာဈေး တည်ဆောက်ရာတွင် ကုန်ကျခဲ့သည့်ငွေများကို ပြန်အမ်းပေးရန် ဈေးသူဈေးသားများက လိုလားနေကြကြောင်းလည်း သိရသည်။

ထို့အပြင် နေရာသစ်ဈေးသို့ ပြောင်းရွှေ့ရသည့်အတွက် စရိတ်စကများ ပိုမို ကုန်ကျလာမည်ဟုလည်း သိရီမင်္ဂလာဈေးမှ ဈေးသည်တဦးက ပြောသည်။

၎င်းက “ကျနော်တို့ကို နေရာပြောင်းတဲ့အတွက် ကုန်တင်ကုန်ချ စရိတ်တွေပိုလာမယ်။ ဘာလို့လဲဆိုတော့ ဥပမာပြောရရင် ဧရာဝတီတိုင်းကို ကုန်တွေသွားမယ်ဆိုရင် သင်္ဘောနဲ့သွားရတာ။ အခု နေရာက သင်္ဘောဆိပ်နဲ့ နီးတယ်။ အဲဒီတော့ အဆင်ပြေတယ်။ အသစ်ဆောက်နေတဲ့ ပိတောက် ချောင်းနားကဆိုတော့ စရိတ်တွေ တက်လာမယ်” ဟု ပြောသည်။

စည်ပင်အနေဖြင့် ဈေးပြောင်းရွှေ့ရခြင်းမှာ ဈေးသို့လာသောယာဉ်များနှင့် ကုန်တင်ယာဉ်များကြောင့် ယာဉ်ကြောကျပ်ကာ ယာဉ်တိုက်မှုများဖြစ်ပေါ်သည့်အတွက် ပြောင်းရွှေ့ရန် စီစဉ်ရခြင်းဖြစ်ကြောင်း ဦးတင်ကိုကိုက ပြောသည်။

သီရိမင်္ဂလာဈေးတွင် ကုန်စိမ်း၊ ပန်း၊ သစ်သီးတန်းနှင့် ငါးပိ ငါးခြောက်များရောင်းသော ဆိုင်ခန်းပေါင်း (၂,၂၀၀) ကျော်ရှိပြီး ၎င်းတို့အနက် ဈေးပြောင်းရွှေ့ရန် မလိုလားသည့် ဆိုင်ခန်းပေါင်း (၉၈) ရာခိုင်နှုန်းရှိကြောင်း သီရိမင်္ဂလာဈေး သာယာရေးကော်မတီမှ ကောက်ယူထားသော စစ်တမ်းများအရ သိရကြောင်း ဈေးသာယာရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါဈေးသည် ယခင် မော်တင် ကလီဈေးဟောင်းကို ပြောင်းရွှေ့ပြီး ၁၉၉၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ဖွင့်လှစ်ခဲ့သော (၅) ထပ် အဆောက်အအုံဈေးဖြစ်ကာ သိန်း (၁,၄၀၀) ကုန်ကျခဲ့ကြောင်း ဈေးသာယာရေးကော်မတီ စာရင်းများအရ သိရသည်။

ရွှေအမြုတေဆု စာရေးဆရာ ၆ ဦးကို ချီးမြှင့်

ခိုင်စု

ပဉ္စမအကြိမ်မြောက် ရွှေအမြုတေ စာပေဆုပေးပွဲကို ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်တွင် ယခုလ ၂၈ ရက်နေ့က ကျင်းပရာ စာရေးဆရာ ၆ ဦးအား ဆုများ ချီးမြှင့်ခဲ့သည်။

ကဗျာ၊ ဆောင်းပါး၊ ရသစာတမ်း၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ မျိုးဆက်သစ် ဝတ္ထုတို (ကလောင်သစ်)၊ အခန်းဆက် ဝတ္ထုရှည်ဆု စုစုပေါင်း ၇ ဆု သတ်မှတ်သော်လည်း ယခုနှစ် အခန်းဆက် ဝတ္ထုရှည်ဆုမှာ ဆုပေးနိုင်ရေးအတွက် ဘောင်မဝင်သဖြင့် ၆ မျိုးသာ ပေးနိုင်ခဲ့သည်။

၂ဝ၁ဝ ဖေဖော်ဝါရီလထုတ် ပိတောက်ပွင့်သစ် မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော “နွေဦး” ကဗျာဖြင့် ကဗျာဆရာ မောင်လင်းရိပ်၊ ဝတ္တုတိုဆုအဖြစ် ၂ဝဝ၉ သြဂုတ်လထုတ် ရွှေအမြုတေ မဂ္ဂဇင်းမှ “သောကြာတောမှ ဗေဒါ” ဝတ္တုဖြင့် ဆရာမ လဲ့ဝန်းကြည်ချို၊ ရသစာတမ်းဆုကို ၂ဝ၁ဝ ဖေဖော်ဝါရီလထုတ် စတိုင်သစ် မဂ္ဂဇင်းမှ “ကျနော်နှင့် အလှူခံများ” ရေးသားသူ ဆရာနောင်ကျော်တို့ ဆုရရှိသည်။

ထို့အပြင် မျိုးဆက်သစ်စာပေဆုအဖြစ် ၂ဝဝ၉ အောက်တိုဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်းမှ “ဆန်သူခိုး” ဝတ္တုဖြင့် ဆရာမငွေကြည်စင်၊ ဆောင်းပါးဆုကို ၂ဝဝ၉ နိုဝင်ဘာလထုတ် ရနံ့သစ်မဂ္ဂဇင်းမှ “ပုံနှိပ်ကြေးရုပ်များ” ရေးသားသူ ဆရာငြိမ်းသစ်၊ ဝတ္တုရှည်ဆုအဖြစ် ၂ဝ၁ဝ ဧပြီလထုတ် ရွှေအမြုတေ မဂ္ဂဇင်းမှ “အပေါင်းသည်လည်းကောင်း၊ အနုတ်သည်လည်းကောင်း” ရေးသားသူ ဆရာသင်းရီတို့ ရရှိသည်။ ဆုကြေးငွေအဖြစ် တဦးလျှင် ကျပ် ၅ သိန်းခွဲမှ ၇ သိန်းခွဲအထိ ချီးမြှင့်သည်။

ဆုရွေးချယ်နိုင်ရန် လစဉ်ထုတ် မဂ္ဂဇင်းများကို ဖတ်ရှုကာ ကော်မတီဝင် ၆ ဦးက ရွေးချယ်ခဲ့ရာ စာမူပေါင်း ၁ဝဝဝ ကျော်ထဲမှ ၆ ဆုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ဆုရွေးချယ်ရေး ကော်မတီဝင်ဖြစ်သူ အလင်းတန်းဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးမျိုးမြင့်ညိမ်းက ပြောသည်။

ဆုရွေးချယ်ရေး ကော်မတီကို နှစ်စဉ် အသစ်ဖွဲ့စည်းပြီး ဆုရွေးချယ်ရေး ကော်မတီဝင်များ၏ စာမူများကို ရွေးချယ်လေ့မရှိပါ။ ယခုနှစ် ဆုရွေးချယ်ရေး ကော်မတီဝင်များအဖြစ် အယ်ဒီတာချုပ် ဦးဝင်းငြိမ်းနှင့် စာရေးဆရာများဖြစ်သည့် ထက်မြက်၊ မောင်ခိုင်လတ်၊ မင်းချမ်းမွန်၊ တင့်ခိုင်နှင့် မျိုးမြင့်ညိမ်းတို့ ဖြစ်သည်။

“ကျနော်တို့ ရွေးချယ်ရေးအဖွဲ့ဝင်တွေက လစဉ်ထုတ်သမျှ မဂ္ဂဇင်းတွေကို ဖတ်ပြီး တလတခါ စုဝေးဆွေးနွေးပြီး ရွေးချယ်တင်ပြလေ့ ရှိပါတယ်။ ဆုရွေးချယ်ရေးကော်မတီမှာ ပါတဲ့လူရဲ့စာမူကို ဆုမပေးတဲ့ အတွက် သူတို့တွေလည်း အခွင့်အရေးတခုရအောင် အလှည့်ပေးပြီး ပြန်လည်ဖွဲ့စည်းတာပါ” ဟု ဦးမျိုးမြင့်ညိမ်းက ပြောသည်။

ရွှေအမြုတေ မဂ္ဂဇင်း အယ်ဒီတာချုပ်နှင့် စာပေဆု တည်ထောင်သူ ဦးဝင်းငြိမ်း၏ အသက် ၆ဝ ပြည့် မွေးနေ့မှ စတင်ကာ အထိမ်းအမှတ်အဖြစ် ၂ဝဝ၆ ခုနှစ် မေလ ၂၈ ရက်နေ့မှ စတင်၍ နှစ်စဉ်နှစ်တိုင်း ရွှေအမြုတေ စာပေဆု ချီးမြှင့်လာခဲ့သည်။

ဆုရွေးချယ်ရေးရာတွင် ကော်မတီဝင်များ အကြိုက်ချင်းတူသည့် စာမူများလည်း ရှိသည်။ ယခုနှစ်အတွက် ဆု ၆ ဆုအနက် ၃ ဆုကို အငြင်းပွားစရာမရှိ ရွေးချယ်နိုင်ခဲ့ကြောင်းနှင့် ခေတ်ပြိုင်ခံစားမှုကို ပေးနိုင်သော၊ အနုပညာမြောက်သော၊ နည်းပညာပါသော ရေးသားနည်း၊ ဆုပေးထိုက်သော အရည်အချင်းရှိခြင်း စသည့် အခြခံမူများအပေါ် မူတည်၍ စာမူများကို ရွေးချယ်ကာ ဆုပေးခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနှစ်မှာဆိုရင် သဒ္ဒါမစင်တာ တွေ့ရတယ်။ စာရေးတဲ့အခါ စကားပြေ သို့မဟုတ် စကားပြောရေးဟန်ဆိုတာ ရှိတယ်။ ရသပိုင်းမှာ ကောင်းပြီး၊ သဒ္ဒါပိုင်းမှာ အသုံးအနှုန်းမှားနေလို့ ပယ်လိုက်ရတာတွေ ရှိတယ်။ မိုးပျံနေအောင် ကောင်းပေမယ့် သဒ္ဒါမမှန်ရင် ပေးလို့မရဘူး” ဟု ဦးမျိုးမြင့်ညိမ်းက ပြောသည်။

မြန်မာနိုင်ငံတွင် စာပေဗိမန်စာမူဆု၊ ထွန်းဖောင်ဒေးရှင်း စာပေဆု၊ သုတစွယ်စုံ စာပေဆုနှင့် အခြားစာပေဆုများစွာ ရှိကြရာ စာပေလောကအတွင်း၌ ရွှေအမြုတေစာပေဆုမှာ လွတ်လပ်မှုရှိသည်ဟု နာမည်ကြီးထင်ရှားသည်။